ခင်လေး (Aotearoa) - ၂ နှစ်သား ကိုးဗစ်
၂ နှစ်သား ကိုးဗစ်
ခင်လေး (Aotearoa)
(မိုးမခ) မတ် ၁၊ ၂၀၂၂
နယူးဇီလန်ဆိုတဲ့ ကမ္ဘာ့တောင်ဖျားက ကျွန်းနိုင်ငံပိစိလေးကို ကိုးဗစ် ၁၉ ဆိုတဲ့ကပ်ရောဂါပိုးရောက်လာတာ ဒီနေ့ ၂ နှစ်ပြည့်ပါတယ်။ ဒီ ၂နှစ်အတွင်း ရောဂါကူးတဲ့သူက ရှစ်သောင်းခြောက်ထောင် တစ်ရာသုံးဆယ့်ရှစ်ယောက်ရှိပြီး အသက်ဆုံးသွားရရှာတဲ့သူကတော့ ငါးဆယ့်ခြောက်ယောက်ရှိသွားပြီ။
ဒယ်လ်တာကြောင့် မနှစ်က စက်တင်ဘာလကစလို့ ကျောင်းမသွားပဲ အိမ်ကနေအလုပ်လုပ်ရတဲ့ဇာတ်လမ်းဟာ နှစ်ကုန်ခါနီး ကျောင်းပိတ်တဲ့အထိပါပဲ။ ကလေးတွေနဲ့ ထထသွားသွား တက်တက်ကြွကြွနေရတာကြိုက်လို့ မူကြိုဆရာမလုပ်ပါတယ်ဆိုမှ ကိုးဗစ်ကြောင့် ၃ လကျော်လောက်ကျောင်းမသွားရပဲ ကွန်ပျူတာတလုံးနဲ့ စာရေး စာဖတ် စာသင် အစည်းအဝေးထိုင်လုပ်ရလေတော့ မျက်စေ့တွေနောက် နားတွေနောက်ပြီး ကွန်ပျူတာကိုစိတ်နာနာနဲ့ ကျောင်းပိတ်ကထဲကလှည့်မကြည့်တော့တာ ကျောင်းပြန်ဖွင့်တဲ့အထိပါပဲ။ ခုတော့ မလွှဲသာမရှောင်သာ စက်နဲ့ လက်နဲ့ပြန်တွေ့တဲ့အချိန်နဲ့ အော်မီခရွန်သောင်းကျန်းတဲ့အချိန် တိုက်ဆိုင်နေပြန်တော့ စာရေးချင်စိတ်လေးပေါ်လာတုန်း မှတ်တမ်းလေးဆက်ရေးပါဦးမယ်။
ဒယ်လ်တာရောက်တဲ့အချိန်မှာ နယူးဇီလန်တနိုင်ငံလုံးကို ကာကွယ်ဆေးထိုးဖို့ အစိုးရက စီစဥ်ပါတယ်။ လေဘာအစိုးရရဲ့ထုံးစံအတိုင်း ပြည်သူတွေကိုလာဘ်အမျိုးမျိုးထိုးပြီး ဆေးမထိုးချင်ထိုးချင်အောင် မြှူဆွယ်တာပေါ့၊ ဆေးလာထိုးတဲ့သူတွေကို ကြက်ကြော်ကြွေးမယ်တို့ ရေခဲမုန့်ကြွေးမယ်တို့ ဒေါက် တာဘလွန်းဖီးလ်ဒ်နဲ့ ကကြမယ်တို့ စုံနေတာပါပဲ။ မြို့တမြို့မှာရှိတဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ဆေး ၂ ခါထိုးပြီးရင် မီးပွိုင့်စနစ်ကို ပြောင်းကြမယ်လို့လဲ မက်လုံးပေးပါသေးတယ်။ ဒီလိုနဲ့ပဲ အနီ လိမ္မော် အစိမ်း ဆိုတဲ့ အဆင့် ၃ ဆင့်ပါတဲ့ မီးပွိုင့်စနစ်ကို ပြောင်းကြရော ဆိုပါတော့။ ဒီစနစ်မှာ အနီဆိုရင်တောင် ဆေးထိုးပြီးကြောင်း လက်မှတ်စနစ်ကိုသုံးမယ်ဆိုရင် ဆိုင်တွေအကုန် ဖွင့်လို့ရတယ်၊ လူ ၁၀၀ အထိစုလို့ရတယ်၊ ကျောင်းဖွင့်လို့ရတယ်၊ ဆေးထိုးပြီးကြောင်း လက် မှတ်ပြရမယ်၊ နှာခေါင်း/ပါးစပ်စည်း mask တပ်ရမယ်၊ တယောက်နဲ့ တယောက် တစ်မီတာခြား ခပ်ခွာခွာနေရမယ်၊ ဘယ်ပဲသွားသွား အဲဒီနေရာမှာကပ်ထားတဲ့ဘားကုဒ်ကို ဖုန်းနဲ့ဖတ်ပြီး စာရင်းသွင်းပြီး contact tracing လုပ်ရမယ်၊ စုံလို့ပါပဲ။ အဲဒီလိုနဲ့ မီးပွိုင့်စနစ်ကိုပြောင်းရုံရှိသေး အော်မီခရွန်ဆိုတဲ့ နတ်ဆိုးတကောင်က ဆင်းလာပါလေရော။
အစပိုင်းတုန်းကတော့ တောင်အာဖရိကကလာတာ သေနှုန်းများတယ် ကူးလွယ်တယ် သိပ်ကြောက်စရာကောင်းတယ်လို့ ပြောကြပေမယ့် ဥရောပနိုင်ငံတွေကိုရောက်တော့ ကာကွယ်ဆေးကြောင့်ပဲလားမသိ အစပိုင်းကပြောကြသလောက် အန္တရာယ်မပေးပဲ အသေအပျောက်သိပ်မများလေတော့ စိတ်ဆင်း ရဲစရာသတင်းတွေ အယ်လ်ဖာတို့ ဒယ်လ်တာတို့တုန်းကလောက် မတွေ့ရဘူးပေါ့၊ ဒါပေမယ့် လူတွေအများကြီး နေမကောင်းဖြစ်ပြီး အိမ်မှာနေရလေတော့ နေ့စဥ်သုံးပစ္စည်းတွေနဲ့ ဟင်းချက်စရာတွေရောင်းတဲ့ သြစတြေးလျကဆိုင်ကြီးတွေမှာ ပစ္စည်းတွေစင်ပေါ်တင်မယ့်သူမရှိလို့ ဆိုင်တွေပြောင်သလင်းခါနေတဲ့သတင်းတွေ တွေ့ရပြန်ပါရော။ အတိုင်းတိုင်းအပြည်ပြည်မှာလဲ ရုံးတွေကျောင်းတွေမပိတ်ရေး ကာကွယ်ဆေးမထိုးမနေရစည်းကမ်းတွေ ဖျက်ရေး ဆန္ဒပြနေကြတယ်။
အကြောက်ကြီးပြီး စီးပွားရေး သိပ်အမြင်ကျယ်တဲ့ နယူးဇီလန်ရဲ့ လက်ရှိအစိုးရကတော့ ရာသီပေါ် အသီးအနှံခူးမယ့်သူတွေကို ကြိုကြိုတင်တင် ဗီဇာထုတ်မပေး ကွာရန်တင်းဝင်ဖို့စီစဥ်မပေးတဲ့အတွက် စီးပွားဖြစ် အသီးအနှံစိုက်ရောင်းတဲ့သူတွေ အသီးတွေ အပင်ပေါ်တင်အမှည့်လွန် စီးပွားရေးတွေ ထိခိုက် စားသုံးသူတွေက စျေးကွက်ပေါ်ရောက်တာလေးနဲနဲကို စျေးကြီးပေးပြီး ဝယ်စားရတွေ ဖြစ်ကုန်ပါလေရော။ ပုံမှန်အတိုင်းဆို ကမ္ဘာလှည့် ခရီး သည်တွေ၊ ဆာမူဝါ၊ တုန်ဂါ၊ ဖီဂျီ၊ နယူးဝီ စတဲ့ ကျွန်းနိုင်ငံကသူတွေက ပန်းသီး၊ စတော်ဘယ်ရီ၊ ချယ်ရီ၊ ထောပတ်သီး၊ ကီဝီသီး၊ မက်မွန်သီး စတဲ့ အသီးတွေပေါ်ချိန်မှာ လာနေကျလေ။ ခြံရှင်တွေအတွက်လဲ လုပ်အားခသက်သာ၊ လာလုပ်တဲ့သူတွေကလဲ အလည်လာတုန်း အတွေ့အကြုံလဲရ စရိတ်လဲရဆိုတော့ အဆင်ပြေတာပေါ့။ ပြည်တွင်းမှာရှိတဲ့သူတွေက ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ရာသီပေါ်အလုပ်ကို လုပ်နိုင်တဲ့သူက နည်းတယ်လို့ ဆိုရမှာပေါ့လေ။
အော်မီခရွန်ရဲ့ နောက်ဆိုးချက်တခုက ကူးစက်နှုန်းမြန်တာပါပဲ။ နယူးဇီလန်ကိုရောက်လာခါစက ထုံးစံအတိုင်း လက်ဆယ်ချောင်းမပြည့်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ကူးစက်နှုန်းကိုသိထားပြီးတဲ့အချိန်ဖြစ်တဲ့အတွက် မီဒီရေတာလို့ခေါ်တဲ့ ဖြစ်နိုင်ခြေသုံးသပ်ခန့်မှန်းသူတွေဟာ တစ်ပတ် နှစ်ပတ်အတွင်း ထောင်နဲ့ချီပြီး ကူးလိမ့်မယ်လို့ခန့်မှန်းကြပါတယ်။ အစိုးရကလဲ ဘယ်လောက်များရင် ဘယ်လိုလုပ်မယ်ဆိုတာကို အဆင့်တွေခွဲပြီး အစီအစဥ်ချပါတယ်။ ကာကွယ်ဆေး ၃ ကြိမ်မဖြစ်မနေ ထိုးရမှာတွေလဲပါတာပေါ့။ ကိုယ်တို့ပညာရေးအပါအဝင် လုပ်ငန်းခွင်အတော်များများမှာ ကာကွယ်ဆေးမထိုးရင် အလုပ်လုပ်ခွင့်မရှိတွေဘာတွေလဲ ဖြစ်လာတယ်။ ကိုယ့်ကျောင်းက ဆရာမ ၄၊၅ ယောက်လောက်အလုပ်ထွက်ကြရတယ်။ သူတို့က ရောဂါအခံတွေရှိလေတော့ ကာကွယ်ဆေးထိုးလို့ မရလို့ပေါ့။ ဒါပေမယ်လဲ စည်းကမ်းကချထားလေတော့ လူကြီးတွေလဲ ဘာမှလုပ်ပေးလို့ မရကြဘူး၊ သူတို့ရေးတဲ့ နှုတ်ဆက်စာ အီးမေလ်တွေဖတ်ရတာ သိပ်ဝမ်းနည်းစရာကောင်းတာပဲ။ ကိုယ်တို့အလုပ်က အမြင်အာရုံအားနည်းတဲ့ကလေးတွေကို လူတန်းစေ့စာသင်နိုင် ဘဝမှာအောင်မြင်စွာရပ်တည်နိုင်အောင်ပံပိုးပေးရတဲ့ဆရာမအလုပ်ဆိုတော့ စေတနာ ဝါသနာ အနစ်နာမခံနိုင်ပဲလုပ်လို့မရပါဘူး။ ဒီအလုပ်ကို မြတ်မြတ်နိုးနိုး တသက်လုံးလုပ်လာတဲ့ ဝါရင့်ဆရာမကြီးတွေ ကာကွယ်ဆေးမထိုးလို့ အလုပ်ထွက်ရတယ်ဆိုတော့ သိပ်ဝမ်းနည်းစရာကောင်းတာပါပဲ။ ဒေါသလဲ ထွက်ချင်စရာပေါ့။
အဲဒါကြောင့်ထင်ပါရဲ့ မြို့တော်ဝယ်လင်တန်ရဲ့ ပါလီမန်ရှေ့က မြက်ခင်းပြင်မှာလူတွေစုပြီး ဆန္ဒပြနေကြလေရဲ့၊ ကာကွယ်ဆေးမထိုးချင်တဲ့သူတွေမထိုးပဲနေနိုင်ရေး၊ မထိုးမနေရဆိုတဲ့ စည်းကမ်းကိုလျော့ပေးရေးတဲ့။ ခါတိုင်းဆန္ဒပြရင် ဝန်ကြီးချုပ်က သွားတွေ့ ညှိနှိုင်းလိုက် လျောပေမယ့် ဒီတခါတော့ သွားလဲမတွေ့ လိုက်လျောဖို့အစီအစဥ်မရှိဘူးလို့ပြော၊ ပါလီမန်ထဲက တာဝန်ရှိတဲ့လူကြီးကလဲ ဆန္ဒပြတဲ့သူတွေနားငြီးအောင် သီချင်းဆူဆူတွေဖွင့် ကိုယ့်အတွက်ကတော့ ရယ်လဲရယ်ချင် ကံကောင်းလွန်းတဲ့ ကီဝီတွေကို(နယူးဇီလန် နိုင်ငံသားတွေက သူတို့ကိုသူတို့ ကီဝီလို့ခေါ်ကြပါတယ်)မနာလိုလဲဖြစ်ပေါ့။ ရက်နည်းနည်းကြာလာတော့ ဝန်ကြီးချုပ်ကိုရန်လုပ်တဲ့အဆင့်ရောက်လာကြတယ်။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။
ထောင်နဲ့ချီပြီးကူးမယ်လို့ခန့်မှန်းကြပေမယ့် ပထမနှစ်ပတ်အတွင်းမှာ ရာလောက်ပဲရှိတော့ ဒီခန့်မှန်းတဲ့သူတွေ အလကားပါ၊ တိုင်းပြည်ရဲ့ ရေမြေအနေ အထားကိုထည့်မှမတွက်တာကိုး အလွဲကြီးပဲ အလကားငွေကုန်လူပန်းခံပြီး မလာမယ့်ဘေးအတွက်ပြင်နေတယ်ဆိုပြီး ရေဒီယိုက အော်ပါလေရော။ နောက်တပတ်လဲကျရော နှစ်ဆမက ဆယ်ဆတိုးပြီးကူးပစ်လိုက်တာ ဒီနေ့အထိ ရှစ်သောင်းနှစ်ထောင်ကျော်သွားပြီ။ ဒီနေ့တရက်ထဲကို လူပေါင်းတစ်သောင်းခွဲ နီးပါးကူးတယ်။ ကူးတဲ့သူကများလာတော့ စည်းကမ်းတွေလဲပြောင်းလာတယ်။ အရင်တုန်းကဆို တယောက်ကူးတာနဲ့ တကျောင်းလုံး တရုံးလုံးပိတ်ပဲ။ ခုတော့ ဖြစ်တဲ့သူ အိမ်မှာ ၁၀ ရက်ကွာရန်တင်းလုပ်၊ သူနဲ့ တအိမ်ထဲနေတဲ့သူတွေ အိမ်မှာ ၁၀ ရက်နေ၊ ကျန်တဲ့သူတွေ အလုပ်အတူတူလုပ်ရင် ပိုးရှိမရှိ အမြန်စစ်တဲ့ Rapid Antigen Test (RAT) လုပ်၊ ပိုးရှိရင် အိမ်ပြန် ၁၀ ရက်ကွာရန်တင်းလုပ် ပိုးမရှိရင် အလုပ်ဆက်လုပ်၊ ဒါပဲ။ အဲဒီတော့ လူအတော်များများဟာ contact tracing လဲမလုပ်တော့ဘူး၊ လုပ်ရင်လဲ ဘာမှမထူးဘူး ဘာလို့လုပ်စရာလိုမလဲဆိုပြီးတော့လဲ ရေဒီယိုကအော်ပြန်ပါရော။
ဒီနေ့မနက် ကျောင်းရောက်တော့ ကိုယ့်ကို Rapid Antigen Test (RAT) ဗူးလေးလာပေးတယ်။ စစ်ပြီး အဖြေပေးပါတဲ့။ ဒါနဲ့ တတောင်လောက်ရှိတဲ့ ညွှန်ကြားချက်စာရွက်ကြီးကို ဖတ်၊ ပါတဲ့ ဗူးတွေခွက်တွေစီပြီး စစ်ရပါတော့တယ်။ ပထမဆုံး ဆေးရည်ဗူးလေးကိုဖွင့်၊ ပလပ်စတစ်စမ်းသပ်ပြွန်ထဲကိုလောင်းထည့်၊ သတ်မှတ်ထားတဲ့အရစ်အထိ ရောက်မရောက် စစ်၊ ရောက်ပြီဆိုတော့ အဖုံးပိတ်ပြီး ထောင်တဲ့ခွက်ကလေးထဲထည့် ထောင်ထား၊ ထိပ်မှာဂွမ်းစပတ်ထားတဲ့အတံရှည်ရှည်ကိုယူ၊ နှာခေါင်းအတွင်းဘက်ထဲထည့်ပြီး နှာရည်စုတ်ယူ၊ နောက်တဖက်ထဲထည့် နှာရည်ယူ၊ ပြီးတော့ အဲဒီအတံကို စမ်းသပ်ပြွန်ထဲက ဆေးရည်ထဲထည့်၊ ပြွန်ကိုညှစ်ပြီး ဆေး ရည်ထဲကို နှာရည်တွေကောင်းကောင်းရောသွားအောင်လုပ်၊ အရာပေးထားတဲ့နေရာက အတံကိုချိုး၊ စမ်းသပ်ပြွန်အောက်က အဖုံးကိုဖွင့်၊ စမ်းသပ်ဖို့ပါလာတဲ့အပြားလေးပေါ်အရည်ချဖို့နေရာကို အစက် ၅ စက်ချ၊ ၁၅ မိနစ်စောင့်၊ C လို့ပြထားတဲ့နေရာမှာ အနီတစ်ချောင်းမြင်ရင် negative ပိုးမရှိဘူး။ C နဲ့ T နေရာမှာ အနီ ၂ ချောင်းမြင်ရင် positive ပိုးရှိတယ်တဲ့။ တော်သေးတာပေါ့ တချောင်းပဲမြင်လို့၊ နေကောင်းပေမယ့် ထုံးစံအတိုင်းသတ္တိကကောင်းတော့ positive ဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတွေးပူနေသေးတာ။ ကိုးဗစ် နယူးဇီလန်ရောက်ပြီး ၂ နှစ်ပြည့်တဲ့နေ့မှာ တခါသုံး ကိုယ်တိုင်စစ် ကိုးဗစ် test kit ကို ပထမဆုံးသုံးရခြင်းမှတ်တမ်းပေါ့။
ဘေးရန်ကင်းကြပါစေ။
ခင်လေး (Aotearoa)
11:02 p.m. 28.02.2022 Monday
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar