Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၉ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီလ ၁၀၊ ၂၀၂၂

◾️ကျေးရွာတွေ မီးရှို့ခံနေရဆဲ စစ်ကိုင်း၊ မကွေးနဲ့ ကယား၊ ရန်ကုန်မြို့က ရှော့တိုက်ဒုံးပစ်ခတ်မှု
စစ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာ၊ NUG ဖွဲ့စည်းပြီး တနှစ် ပြည့်လုနီးနီးနဲ့ PDF လို့ခေါ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းကြောင်း ကြေညာပြီး ၁၁ လဝန်းကျင်ရှိလာတဲ့အချိန်မှာ စစ်ကိုင်းတိုင်း မကွေးတိုင်း မြောက်ပိုင်း၊ ကယားပြည်နယ်တွေမှာ သီတင်းပတ်တိုင်း ကျေးရွာကနေအိမ်တွေ မီးရှို့ခံနေရဆဲ ဖြစ်ပါတယ်။ တနှစ်ကျော်ကာလအတွင်း လူနေအိမ်မီးရှို့ခံရတဲ့အရေအတွက်က ထောင်ဂဏန်းနဲ့ ချီရှိလာနေပြီ ဖြစ်ပါတယ်။ 

တချို့ကျေးရွာတွေမှာ ရွာလုံးကျွတ်နီပါး နေအိမ်တွေ မီးရှို့ခံရသလို အချို့ရွာတွေမှာတော့ စစ်တပ်ထောက်ခံသူ နဲ့ PDF ထောက်ခံသူ အိမ်တွေကို ရွေးပြီး ရှို့တာမျိုးတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီတပ်တွေက ကျေးရွာတရွာအနီး သူတို့မိုင်းခွဲခံရတာ (သို့မဟုတ်) ချောင်းမြောင်းတိုက်ခိုက်ခံရခဲ့ရင် အနီးကကျေးရွာတွေကို ဝင်ရောက်မီးရှို့တဲ့ နည်းလမ်းနဲ့ ပြစ်ဒဏ်ခတ်တာမျိုး လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ ကိုယ့်ရွာ မီးရှို့မခံရချင်ရင် PDF ကို မထောက်ခံဖို့နဲ့ ကိုယ့်ရွာအနီးအနားမှာ တိုက်ခိုက်မှုတွေ မဖြစ်အောင် တားဆီးဖို့ ဆိုတာမျိုး သတင်းစကားပါးတဲ့ သဘော ခြိမ်းခြောက်တဲ့သဘောလည်း ဖြစ်ပါတယ်။ 

လူနေအိမ်ကိုမီးရှို့ခံရတဲ့အခါမျိုးမှာ နေစရာတင်ဆုံးရှုံးတာမဟုတ်ပဲ အိမ်အသုံးအဆောင်၊ ပရိဘောဂ၊ အိမ်မွေးတိရိစ္ဆာန်၊ စပါး၊ ပဲလို ရိက္ခာတွေပါ မီးထဲပါ ဆုံးရှုံးရတာမျိုးဖြစ်လို့ အခုလို အတွေ့အကြုံမျိုး ဘဝမှာ တခါကြုံတွေ့ရရင်တောင် များလှပြီလို့ ဆိုရမှာဖြစ်ပါတယ်။ အခုလို နေအိမ်ဆုံးရှုံးရသူပေါင်း ထောင်နဲ့ချီရှိလာနေတာကြောင့် ရုပ်ဝတ္တု ဆုံးရှုံးမှုပမာဏတွေ ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်သူမှ မှတ်တမ်းတင် တွက်ချက်ထားတာ မရှိဘူးလို့ဆိုရပါလိမ့်မယ်။ 

နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရင် ရုပ်ဝတ္တုတင်ဆုံးရှုံးတာမဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကလည်း အများအပြားရှိတာ အသေအချာပါ။ သူတို့ပိုင်ဆိုင်တဲ့နေအိမ်က ပြာပုံဖြစ်သွားတဲ့ မြင်ကွင်းကို တွေ့မြင်ရတဲ့အခိုက်အတန့် ဝမ်းနည်းကြေကွဲမှု လူကြီးတန်မဲ့ ငိုကြွေးနေကြတဲ့မြင်ကွင်းမျိုးက စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ 

စစ်ကောင်စီရဲ့ မြေလှန်စနစ် လက်နက်ကိုင်တိုက်ခိုက်တဲ့ ပီဒီအက်ဖ်တွေကို အထောက်အပံ့ပေးတာဖြစ်စေ၊ လက်ခံထားတာဖြစ်စေ ကျေးရွာတွေထဲမှာ အနီးအနားမှာလှုပ်ရှားတာတွေကို သိလျက်နဲ့ သတင်းမပို့ခဲ့ရင် ဝိုင်းကြီးချုပ်စနစ်နဲ့ မြေလှန်ခံရမယ်ဆိုတာမျိုး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျေးရွာသူကျေးရွာသားတွေ အနေနဲ့ မြေလှန်တဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး PDF တွေကို မထောက်ပံ့တော့ လက်မခံတော့တဲ့ အနေအထားမျိုးကို စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်နေတာလို့ ယူဆရပါတယ်။ ဒီလို ကျေးရွာတွေမှာ နေအိမ်မီးရှို့တဲ့ စစ်တပ်ရဲ့ နည်းဗျူဟာဟာ တကယ်တော့ အသစ်အဆန်းမဟုတ်ပါဘူး။ ၉၀ ခုနှစ်ကျော် ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်က လက်နက်ကိုင် တိုက်ပွဲတွေမှာ၊ မကြာခင်နှစ်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အခုတော့ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း၊ အရှေ့ပိုင်းဒေသတွေမှာ ဒီနည်းလမ်းကိုပဲ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာပြန်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့ သက်ရောက်မှုတွေ ဒဏ်ရာတွေက တဖြည်းဖြည်းနဲ့ နက်ရှိုင်းလာနေပြီး ပြဿနာက ဖြေရှင်းဖို့ ပိုမိုခက်ခဲလာနေတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့ အခြားသတင်းတပုဒ်ကတော့ ရန်ကုန်မြို့ရဲ့ စစ်တပ်တွေ ချည်းရှိတဲ့မြို့နယ် မင်္ဂလာဒုံမြို့နယ်က လေတပ်စခန်းနေရာကို ရည်ရွယ် ပစ်ခတ်လိုက်တယ်လို့ ယူဆရတဲ့ ရှော့တိုက်ဒုံးက မင်္ဂလာဒုံဂေါက်ကွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ သတင်းဖြစ်ပါတယ်။ 

ရန်ကုန်မြို့ နိုင်ငံတကာ လေဆိပ်အနီး စစ်တပ်မြို့ကို အခုလို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အနေအထားကို ကြည့်ရင် စစ်ကောင်စီအနေနဲ့ ကျေးရွာတွေကို မစိုးမိုး ကောင်းကောင်းမထိန်းချုပ်နိုင်သေးသလို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာလည်း ခုလို လျှပ်တပြက် တိုက်ခိုက်တာတွေ လုပ်ဆောင်နိုင်တာကြောင့် တည်ငြိမ်နေပြီလို့ ပြောလို့ မရတဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

ရန်ကုန်မြို့နဲ့ မန္တလေးမြို့ လိုမြို့ကြီးတွေမှာ နေ့စဥ်လိုလို ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာပါ။ စစ်ကောင်စီရဲ့ တပ်တွေ ရဲတွေ စောင့်နေတဲ့ နေရာမျိုး၊ အစိုးရဌာနဆိုင်ရာ အဆောက်အဦနေရာတွေက ဖေါက်ခွဲမှုရဲ့ ပစ်မှတ်တွေ ဖြစ်ပြီး တချို့သော ပေါက်ကွဲမှုတွေမှာ စစ်ကောင်စီဘက်က စစ်သား၊ ရဲတွေ သေဆုံးတာမျိုးရှိသလို တခါတရံမှာ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိတာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar