ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၉)
(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၂
တော်လှန်ရေးဆိုတာ စိတ်ကူးယဥ်တာမဟုတ်သလို ပန်းခင်းလမ်းမှာ လျှောက်ရတာလည်း မဟုတ်ပါဘူး။ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူတွေထဲ ဆန္ဒပြပွဲတွေ၊ ခုခံစစ်ပွဲတွေမှာ အာဏာရှင်ဘက်တော်သားတွေနဲ့ ရင်ဆိုင်ရင်း ကျဆုံးရသူတွေရှိသလို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ ခံရတဲ့ သူရဲကောင်းများလည်း ရှိပါတယ်။
နွေဦးတော်လှန်ရေးအတွင်း အာဏာရှင်နဲ့ သူ့ရဲ့လက်မရွံ့ လက်ပါးစေတွေက ဒီမိုကရေစီဘက်တော်သား၊ ပြည်သူ့ဘက်တော်သားတွေကို ဖမ်းဆီးပြီး ညတွင်းချင်း နှိပ်စက်သတ်ဖြတ်တဲ့လုပ်ရပ်တွေကို နေရာအနှံ့မှာ များစွာ လုပ်ကိုင်ခဲ့ပါတယ်။ ဘာဥပဒေ ဘာကျင့်ဝတ်ကိုမှ လိုက်နာမှုမရှိဘဲ ထင်ရာစိုင်းတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ အဲဒီလို တရားမဲ့ သတ်ဖြတ်မှုတွေအကြား ကဗျာဆရာ ခက်သီလည်း တော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ဖြစ်ခဲ့ရပါတယ်။
ကဗျာဆရာ ခက်သီ (ကိုဇော်ထွန်း) ကို ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး မေလ ၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ရပါတယ်။ သူဟာ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့အနာဂတ်တစ်ခု ဖန်တီးဖို့ လျှောက်ရတဲ့ခရီးကြမ်းအတွင်း အသက်ကို ပေးခဲ့ရသူဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့လမ်းကို အသက်စွန့် လျှောက်ခဲ့သူလည်း ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအတွင်း ကဗျာဆရာ ခက်သီရဲ့ ရေးသား ပြောဆို ဖြတ်သန်းမှုတွေဟာ တိုင်းပြည်အတွက်၊ ပြည်သူအတွက် ခံစားချက်အပြည့်နဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ကဗျာဆရာတစ်ယောက်ရဲ့ပုံရိပ် ပီပြင်လှပါတယ်။ သူ့ရဲ့ စိတ်ခံစားချက်နဲ့ ရပ်တည်ချက်ကိုလည်း ထင်ထင်ရှားရှား မြင်ရပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့လ ၂၀၂၁ ဖေဖော်ဝါရီလ ၁၄ ရက်မှာပဲ သူ့ရဲ့ရပ်တည်ချက်ကို "ရှင်သန်ခြင်းရှင်းတမ်း" ဆိုတဲ့ကဗျာနဲ့ ဖော်ပြခဲ့ပါတယ်။
ရှင်သန်ခြင်းရှင်းတမ်း
*******************
သူရဲကောင်းလည်း မဖြစ်ချင်ဘူး
အာဇာနည်လည်း မဖြစ်ချင်ဘူး
ပျော့ညံ့ သွေးကြောင်သူလည်း မဖြစ်ချင်ဘူး။
မိုက်ရူးရဲလည်း မဖြစ်ချင်ဘူး
တွေဝေခြောက်ခြားသူလည်း မဖြစ်ချင်ဘူး
ကိုယ့်ကိုယ်ကို ပြန်အရှက်ရသူလည်း မဖြစ်ချင်ဘူး။
လျှာဖြတ်ခံရတဲ့ ပြောရေးဆိုခွင့်ကို ကြုံဖူးတယ်
အကျဉ်းချခံရတဲ့ လူ့အခွင့်အရေးတွေ နေဖူးတယ်
သားကြောဖြတ်ခံရတဲ့ နေရက်တွေနဲ့ ရှင်သန်ဖူးတယ်
ငါတို့ ငရဲကို ငါတို့နဲ့ပဲ အဆုံးသတ်ချင်တယ်။
ရေပေါ်ဆီ နိုင်ငံရေးသမားမဖြစ်ချင်ဘူး
စိတ်ကူးယဉ်ကဗျာဆရာ မဖြစ်ချင်ဘူး
အဓမ္မဝါဒကို ထောက်ခံတဲ့လူတစ်ယောက်မဖြစ်ချင်ဘူး။
ရှင်သန်မှုဟာ တစ်မိနစ်ပဲကျန်တော့မယ်ဆိုရင်
အဲ့ဒီတစ်မိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ်။ ။
မတ်လ ၂၇ ရက်နေ့မှာ ရေးသားခဲ့တဲ့ "ငါသေနတ်မပစ်တတ်ဘူး" ဆိုတဲ့ကဗျာမှာတော့ ပြည်သူတွေအသတ်ခံနေရတာကို မခံမရပ်နိုင် ဖြစ်ရတဲ့ခံစားချက်ကို ခုလို တွေ့ရပါတယ်။
"ငါသေနတ်မပစ်တတ်ဘူး"
***********************
ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ဂစ်တာတီးခဲ့တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ကဗျာပဲရေးတတ်တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ မွေးနေ့ကိတ်ပဲ အလှဆင်တတ်တာ။
အခု ငါ့လူတွေ သေနတ်ပစ်ခံရတယ်
ငါကတော့ ကဗျာနဲ့ပဲ ပြန်ပစ်နိုင်ခဲ့တယ်။
အဲ့ဒါဟာ မမျှတဘူးလို့ ခံစားနေရတယ်
လိပ်ပြာမလုံဘူးလို့ တွေးရိပ်ထင်နေတယ်။
ငါ သေနတ်ပစ်မယ်
ငါ သေနတ်ပစ်မယ်
ပါးစပ်နဲ့မရတာ သေချာတဲ့အခါ
သေနတ်ကို သေသေချာချာ ရွေးချယ်ရတော့မယ်
ငါ သေနတ်ပစ်မယ် ။ ။
မတ်လ ၂၉ ရက်နေ့မှာလည်း
"အရင်းတော့ကြီးတယ်
ရလဒ်ကလည်း ကြီးတယ်
သေရင်တောင် တန်တယ်
အေးဆေးပါ
ငါတို့ နိုင်ကို နိုင်မယ်
တူးပို့သံနဲ့ အောင်ပွဲခံမယ်။" လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဧပြီလ ၁၉ ရက်နေ့မှာတော့ ပါသင့်လို့ပါဝင်နေရတဲ့ တော်လှန်ရေးပြီးရင် ဘယ်လိုနေသွားမယ်ဆိုတာ ခုလို ရေးခဲ့ပါတယ်။
"ဒီတိုက်ပွဲ အောင်ပြီးရင်
နိုင်ငံရေးနဲ့ ဝေးဝေးနေမယ်
ကော်ဖီဆိုင်လေး ဖွင့်မယ်
ဆိုင်နာမည်ကို ပြည်တော်သစ် လို့ပေးမယ်
ဆိုင်လာတဲ့ Gen Z တွေကို လက်ဆောင်တွေပေးမယ်"
ဒီလို ကဗျာဆရာ၊ ဒီလို သူရဲကောင်းကို အာဏာရှင်တွေက လူမဆန်စွာ သတ်ဖြတ်လိုက်ပါတယ်။ ကဗျာဆရာ ခက်သီရဲ့ စျာပနကို ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့က သူ့ရဲ့ဇာတိ ပုလဲမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
တကယ်တော့ ဒီကနေ့ နွေဦးတော်လှန်ရေးမှာ ခက်သီတွေ အများကြီးရှိနေပါတယ်။ ခက်သီတစ်ယောက် ကျဆုံးသွားပေမယ့် ခက်သီတွေအများကြီး ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။ နောက်ထပ် ခက်သီတွေလည်း ထပ်မံ မွေးဖွားနေဦးမှာဖြစ်ပါတယ်။ အာဏာရှင်ကို အမြစ်ဖြတ်မယ့် နွေဦးတော်လှန်ရေးအတွင်း "ငါတို့မှာ ငါတို့ရှိတယ်" ဆိုတဲ့စိတ်တွေနဲ့ အဆုံးထိလျှောက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။
ထိန်လင်း
၇၊ ၄၊ ၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar