Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၈ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၂၈ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၂ 


ဧပြီလ ၂၈ ရက်   - ရှေ့နေလည်း ဖမ်းဆီးခံရနိုင်တဲ့နိုင်ငံ၊ စစ်ဘေးရှောင်ပြေးရာမှာ တံတားကျိုးလို့ ရေနစ်ရတဲ့ဘဝတွေ 

မန္တလေးမြို့မှာ NLD ပါတီက တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ထင်ရှားတဲ့ အမျိုးသမီးရှေ့နေတဦးဖြစ်သူ ဒေါ်ရွက်နုအောင်ကို ယမန်နေ့ညက စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ စောစောပိုင်းမှာ ခုရက်ပိုင်းတွင်း နာမည်ဆိုးနဲ့ သတင်းထွက်လာတဲ့ “သွေးသောက်အဖွဲ့”က ဖမ်းဆီးသွားတဲ့ သဘောမျိုး အချို့က ဆိုရှယ်မီဒီယာမှာ ဖေါ်ပြကြပေမယ့် နောက်ပိုင်းသတင်းဖေါ်ပြမှုတွေအရတော့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေက လက်နက်ရှိသူ ဘယ်သူမဆို ဖမ်းဆီးနိုင် သတ်ဖြတ်နိုင်တဲ့ အခြေအနေမျိုး ရောက်ရှိနေပြီး အစိုးရလို့ ၄င်းတို့ကိုယ် ၄င်းတို့ခေါ်ဆိုတဲ့ စစ်ကောင်စီကလည်း အစိုးရတရပ်ရဲ့ အင်္ဂါနဲ့ကိုက်ညီတဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်တာမဟုတ်ပဲ ဖမ်းချင်တဲ့သူကို ဖမ်းပြီး ပုဒ်မ ၅၀၅-က လိုမျိုးနဲ့ အနည်းဆုံး စွဲတင် အပြစ်ပေးနိုင်တဲ့ အနေအထားဖြစ်သလို အဲဒိထက်ဆိုးရွားတဲ့ အခြေအနေတွေမှာ ကာယကံရှင်ကို ဖမ်းဆီးလို့မရတာကြောင့် ခင်ပွန်း၊ ဇနီး၊ မိဘနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပါ ဓါးစားခံ အဖြစ်ခေါ်ဆောင်သွားလေ့ရှိတာ၊ နေအိမ်တွေကို ချိတ်ပိတ် သိမ်းဆည်းတာ၊ ဖမ်းဆီးခံရသူတွေကို ရိုက်နှက်ညှင်းပန်းနှိပ်စက်ရာမှာ လက်လွန်ပြီး အသက်ဆုံးရှုံးမှုတွေ ရှိပေမယ့်လည်း ဘယ်သူမှ အရေးယူမခံရပဲ ကျူးလွန်သူတွေ အပြစ်ပေးမခံရတဲ့ အခြေအနေတွေကို ရောက်ရှိနေပြီဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စတင်ထွက်ပေါ်လာတဲ့ “သွေးသောက်အဖွဲ့” ဆိုတာမျိုးလည်းပေါ်ထွက်လာပြီး စစ်ကောင်စီကို ထောက်ခံသူတွေဘက်ကနေ လက်မရွံ့ လုပ်ကြံသတ်ဖြတ်တဲ့ ဂိုဏ်းအဖြစ်နဲ့ ပေါ်ထွက်လာတာ မျိုးလို့ ယူဆရပါတယ်။ 

စစ်ကောင်စီဆန့်ကျင်ရေးဘက်က NLD, ပီဒီအက်ဖ်တွေ၊ မိသားစုတွေ၊ သတင်းတု သတင်းမှားတွေကို ထုတ်လုပ်ဖြန့်ချိနေတဲ့ သတင်းမီဒီယာသမားနဲ့ ဆွေမျိုးသားချင်းတွေ၊ စီဒီအမ် မလုပ်သူတွေကို Social Punishment  လုပ်ဖို့ အွန်လိုင်းမှာ လှုံ့ဆော်နေသူတွေ၊ ပြည်ပရောက်နေပြီး ပြည်တွင်းမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ လှုံ့ဆော်နေသူတွေ အစရှိတဲ့ အမျိုးအစား ၆ မျိုးကို လုပ်ကြံတိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေလုပ်မယ်လို့ တယ်လီဂရမ် ပလက်ဖောင်းမှာ ဖွင့်လှစ်ထားတဲ့ အကောင့်တွေ ဂရုတွေထဲ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ 

အခုအခါမှာတော့ သွေးသောက်တွေ လက်ချက်နဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်ခံရသူ ၅ ဦးကနေ ၈ ဦးအထိရှိနေပြီး ဒီနေ့မှာတော့ ရန်ကုန်မြို့မှာလည်း သရုပ်ဆောင် ဟိန်းထက်ရဲ့  အဖိုးဖြစ်သူက နေအိမ်မှာ ရှိနေစဥ် နေ့ခင်းမှာပဲ သေနတ်နဲ့ ပစ်သတ်သွားတာခံလိုက်ရပြီး သွေးသောက်တွေ လက်ချက်လို့ အွန်လိုင်းမှာ ကြေညာခဲ့ပါတယ်။ 

သွေးသောက်အဖွဲ့တွေ မန္တလေးတင်မက အခြားသောမြို့ကြီးတွေ နယ်တွေမှာပါ ဖွဲ့စည်းထားပုံရတယ်လို့ ခန့်မှန်းရပြီး အခုအခါ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ မိသားစုဝင်တွေနဲ့ ပီဒီအက်ဖ် မိသားစုတွေကို လုပ်ကြံသတ်ဖြတ်တာတွေ ဖြစ်ပွားလာနေပြီလို့ ဆိုရမှာပါ။ 

ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ တမြန်နေ့က ကလေးမြို့အနီးက မြစ်သာမြစ်အနီးက ကျေးရွာတွေမှာ PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားလို့ ထွက်ပြေးတိမ်းရှောင်ကြရာမှာ မြစ်သာမြစ်ကို ဖြတ်ကူးဖို့ ခနော်ခနဲ့ တံတားကျိုးကျရမှာ  အမျိုးသမီးကလေးငယ် အသက်ကြီးရွယ်အို ၈ ဦးသေဆုံးခဲ့ရတဲ့ သတင်းဖြစ်ပါတယ်။ 

တံတားက လူအများ သွားလာဖို့ ဆိုတာထက် တဦးစ နှစ်ဦးစ လယ်ယာလုပ်သူတွေ ဖြတ်ကူးတဲ့ တံတားဖြစ်လို့ လူအများနဲ့ ပစ္စည်းပစ္စယနဲ့ စုပြီးဖြတ်ကူးရာမှာ ကျိုးကျခဲ့တာလို့ သတင်းတွေက ဆိုကြပါတယ်။ 

အခုလိုအဖြစ်အပျက်ဟာ စစ်ဘေးရှောင်ကြရတဲ့ အရပ်သားတွေ အဖို့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားပုံထက်ပို ဆိုးရွားတဲ့ မပဋာ အဖြစ်အပျက်လိုမျိုးနဲ့ နှိုင်းယှဥ်ရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ အသက်ဘေးက လွတ်အောင် တိမ်းရှောင်ပြေးတဲ့အခါမှာ အခြားသော မတော်တဆမှုနဲ့ အသက်ဆုံးရှုံးရတဲ့ အဖြစ်မျိုး ကြုံရတာဖြစ်ပါတယ်။ 

မြန်မာပြည်သူလူထုရဲ့ ဒုက္ခတွေကတော့ စာဖွဲ့လို့ မကုန်နိုင်လောက်အောင် ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရ၊ နေအိမ်မီးလောင်၊ ရိက္ခာဆုံးရှုံး၊ ကူးစက်ရောဂါဘေး စသဖြင့် အဆိုးတကာ့ အဆိုးဆုံး အခြေအနေတွေကို ရင်ဆိုင်ဖြတ်ကျော် နေကြရတာဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကို ရင်ဆိုင်ကြရာမှာ အသက်ရှင်သန်ဖို့ အနိမ့်ဆုံးလိုအပ်ချက်ဖြစ်တဲ့ ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာစတဲ့ လူသားချင်းစာနာမှုအကူအညီ လက်ခံရရှိဖို့ ကိုယ်၌ကလည်း အခက်အခဲတွေ ရှိနေတာဖြစ်ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီက စစ်ဘေးရှောင်တွေ ရှိတဲ့နေရာတိုင်းကို ပေးခွင့်ရမနေတဲ့ အခက်အခဲတွေ၊ ဒီလို လက်နက်ကိုင် ပဋိပက္ခ လနဲ့ချီ နှစ်နဲ့ချီကြလာတဲ့အထိ လူသားချင်းစာနာမှု အကူအညီတကြိမ်မျှ လက်ခံရယူခွင့်မရှိသေးတဲ့ ဒေသတွေ မြန်မာနိုင်ငံမှာ အများအပြားရှိနေကြတာလည်း ဖြစ်ပါတယ်။ 

လူထုအတွက် လူထုပဲ ရှိတယ် ဆိုတဲ့ အားပေးစကား အားတင်းတဲ့ ဆိုစကားရှိပေမယ့်လည်း လူထုက လူထုကို ကူညီနိုင်လောက်တဲ့ အင်အားမရှိတာလည်း သတိပြုမိပါတယ်။ အများစုက ကိုယ့်ရပ်တည်ရေး ကိုယ့်ရှင်သန်ရေးကို အသည်းအသန် ရုန်းကန်နေကြရတာကြောင့် လူထုအချင်းချင်းကူညီနိုင်မှုက အကန့်အသတ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေးအရ ဦးဆောင်အဖွဲ့အစည်းတွေအနေနဲ့ လူထုရဲ့ ဒုက္ခ ခံစားရမှု သက်သာရာရအောင်နည်းလမ်းတွေ လုပ်ဆောင်မှုတွေလည်း အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတာအမှန်ပဲ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar