မာန်(တောင်လုံးပြန်) — သည်နွေဦး အခန်းဆက်များ
မာန်(တောင်လုံးပြန်) — သည်နွေဦး အခန်းဆက်များ
(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၂
အယ်ဖော - ကြောက်ရွံ့ခြင်းရဲ့ အခြားတဘက်မှာ
နိုင်ငံတစ်နိုင်ငံမှာ စစ်တပ် ဘာအတွက် ရှိနေရတာလဲဆိုတော့ သူ့အမိမြေနဲ့ သူ့ပြည်သူတွေကို ရဲရဲဝံ့ဝံ့သတ္တိရှိရှိ အကာအကွယ်ပေးဖို့ပေါ့။
သူများ တိုင်းပြည်အတွက် ဒီလိုမျိုး စစ်တပ်တွေထားရှိ ဖွဲ့စည်းထားကြတာဖြစ်ပေမဲ့ ကိုယ့်မြန်မာနိုင်ငံက စစ်တပ်ကတော့ အာဏာရူး စစ်အုပ်စုတစ်စုအတွက် ဖွဲ့စည်းထားခဲ့သည့်နှယ်ဖြစ်နေတာ ထင်ရှားလှပါတယ်။
ဒီလိုစစ်တပ်မျိုးရဲ့ အာဏာရှင်အကြီးအကဲတွေကိုယ်တိုင်က နိုင်ငံအပေါ် သစ္စာမစောင့်သိ၊ သူတို့အချင်းချင်းအပေါ်လည်း သွေးရိုးသားရိုးစိတ် မရှိကြတဲ့အတွက် အကြောက်တရားလည်း အင်မတန်မှကြီးလွန်းလှပါတယ်။ သူတို့ မဟုတ်မမှန် လုပ်သမျှကို သိရှိနားလည်မှာ အမြဲစိုးရိမ်နေတဲ့အတွက် ပညာရှင်ဆိုလည်း ကြောက်။ ဘောပင်လေးသာ ကိုင်တဲ့ ကျောင်းသားဆိုလည်း ကြောက်။ ပြည်သူကို အသိအမြင်ဖွင့်ပေးတဲ့ စာပေသမား အနုပညာသမားဆိုလည်းကြောက်။ နောက်ဆုံး အမှန်တရား လက်ကိုင်ထားလို့ အားနွဲ့တဲ့ မိန်းမသားကိုပင် ကြောက်တတ်ကြတဲ့ အာဂစစ်ဗိုလ်ချုပ်ကြီးတွေပါပဲ။
အဲ့သလို အတွင်းစိတ် အခံကြောက်စိတ်ကြီးတဲ့ လူတန်းစားများဟာ အပြင်ပန်းအင်အားကို အလွန်အကျွံသုံးပြီး ဖိနှိပ်ခြောက်လှန့်တတ်ကြတာ သဘာဝပါပဲ။ ပြီးတော့ သူများနိုင်ငံတွေလို စစ်သားက စစ်တန်းလျားမှာ မနေကြတဲ့အပြင် ဝန်ကြီးဌာနတိုင်းလိုလိုနေရာဝင်ယူပြီး သူသိသူတတ် ဝင်ရောက်စွပ်ဖက်တတ်ကြတော့ မလိုအပ်ပဲ တိုင်းပြည်ပိုနစ်နာရတာပေါ့။
ဘယ်လောက်တောင် ဝင်ရောက်စွက်ဖက်ကြသလဲဆိုရင် နှလုံးသားနဲ့ ဖန်တီးရေးဖွဲ့ပုံဖော်ရတဲ့ အနုပညာလုပ်ငန်းများအထိပါ ဆရာကြီး ဝင်လုပ်တတ်တဲ့ စစ်တပ်မျိုး။ ဒါ့ကြောင့်ပဲ သူတို့ရဲ့ စာပေစိစစ်ရေးဘုတ်အဖွဲ့တို့ ရုပ်ရှပ်စိစစ်ရေး ဆင်ဆာဘုတ်အဖွဲ့တို့ရဲ့ အလွဲတွေကို မကြာခဏ ဆိုသလို ကြားဖူးနားဝ ရှိခဲ့ရပါတယ်။
အနုပညာအလုပ်ဆိုတာက နှလုံးသားခံစားချက်နဲ့ ပင်ကိုသဘာဝအရှိတရားတွေကို ဖန်တီးကြရတာ မဟုတ်ပါလား။ ဒီလို သီကုံးရေးဖွဲ့ထားတဲ့ ကဗျာတွေ စာပေတွေကို ဘာရသ ခံစားချက်မှ နားမလည်တဲ့ သူတို့က ဘယ်ဇာတ်လမ်းအဖွဲ့အနွဲ့ကိုမဆို သူတို့ကို ပုတ်ခတ် စောင်းမြောင်းစော်ကားထားတယ်ဆိုတဲ့ အမြင်တစ်ခုတည်းနဲ့ပဲ နေရာတကာ ဆုံးဖြတ်သုံးသပ်တတ်ကြပါတယ်။ ကာယကံရှင်က ရိုးရိုးသားသားရေးလည်း အနာရှိတော့ သူတို့ခမျာ အမြဲလိုလို စပ်နေကြတဲ့သဘောပေါ့။
အဲသလို ပြင်ကြ ဖျက်ကြ ပယ်ကြတဲ့သူတို့ရဲ့ လက်ချက်ကြောင့် မူလစာအရသာတွေ ပျက်၊ ဆိုလိုရင်းတွေ မဲ့ကုန်ရတဲ့ ကဗျာတွေ၊ ဝတ္ထုတွေအကြောင်းကို ကိုယ်တွေ့ကြုံခဲ့ရသူ ဆရာ့ ဆရာကြီးတွေထံကတဆင့် ကြားသိခဲ့ရဖူးပါတယ်။ ဒါက စာပေလောကပါ။
ရုပ်ရှင်လောကမှာလည်း အဲ့သလိုပါပဲ။
စစ်အစိုးရလက်ထက် ရုပ်ရှင်ဆင်ဆာသမိုင်းမှာ အလွဲတွေ လုပ်ခဲ့ကြတဲ့ အဖြစ်အပျက်များစွာထဲက အချို့ကို ပြောပြရမယ်ဆိုရင်။ စစ်အစိုးရ လူကြီးမင်းတွေရဲ့ မှားသွားပါတယ်လို့ ဘယ်တော့မှ ဝန်မခံချင်တဲ့ စိတ်ဓာတ်အကြောင်းလေး အရင်ဆုံးပြောပြချင်ပါတယ်။
တစ်ခါက ရိုက်ကူးခွင့်တင်ထားတဲ့ ဇာတ်လမ်းတစ်ခုကို "စစ်အခမ်းအနားနဲ့ အသုဘချတဲ့ အခန်း မပီပြင်လို့ အဲ့ဒီအခန်းကို ဖြတ်ရင်ဖြတ် ၊ မဖြတ်နိုင်ဘူးဆိုလည်း စနစ်တကျပြန်ရိုက်ပါ" ဆိုတဲ့ မှတ်ချက်ကြီးနဲ့ ပြန်ပေးတာ ခံရတယ်တဲ့။
ဒီအခါ ကာယကံရှင်က သူ တင်ခဲ့တဲ့ဇာတ်လမ်းထဲမှာ စစ်နဲ့ပတ်သက်တာဆိုလို့ တစ်ခန်းတလေမှမပါတဲ့အတွက် ဒါဟာ တခြားကားတစ်ခုခုနဲ့ မှားနေတာ ဖြစ်ပါလိမ့်မယ်ဆိုတဲ့အကြောင်း ပြန်ရှင်းပြရတော့တာပေါ့။ သူတို့ဘက်က ဒီလိုရုပ်ရှင်ကားချင်း အမှတ်မှားတာ ဟုတ်မှန်ခဲ့ပေမဲ့ ဝန်မခံဘဲ ဘယ်လိုပြောသလဲဆိုတော့ "နောက်နောင် ဒီလိုမဖြစ်စေရပါဆိုတဲ့ ဝန်ခံချက်နဲ့ ပြန်တင်လိုက်ပါ" လို့ပြောသတဲ့။
သူ့စကားကြောင့် နောင်ဘယ်သူက ဘာကို ဘယ်လို မဖြစ်စေရမယ်မှန်းမသိဘဲ ငိုအားထက်ရယ်အားသန် ဖြစ်ခဲ့ကြရဖူးတယ်။
နောက် အဲဒီလို ရုပ်ရှင်ဆင်ဆာအကြောင်းတစ်ခုပဲ။
တစ်ခါမှာ စစ်ဗိုလ်အရာရှိကြီးတွေအခန်းကို ရုပ်ရှင်လူကြမ်းတွေနဲ့ ရိုက်ခဲ့ကြတယ်။ သူတို့အနေနဲ့ အဲဒီကားတော့ ဆင်ဆာဖြတ်ခံထိမှာပဲလို့ စိတ်ပူနေကြပေမဲ့ ဒီလိုကားမျိုးကျ ဘာအကန့်အကွက်မှမရှိဘဲ ချောချောမောမော ဖြစ်သွားပြန်ရောတဲ့။ အကြောင်းကတော့ ရုပ်ရှင်တွေထဲမှာ အကျင့်ပျက်တဲ့ ဆရာဝန်တစ်ယောက်အကြောင်းရိုက်ချင်ရိုက်လို့ရမယ်။ အကျင့်ပျက် ကျောင်းဆရာတစ်ယောက်အကြောင်း ရိုက်ချင်ရိုက်လို့ရမယ်။ အဲ-- ဒါပေမဲ့အကျင့်ပျက် စစ်ဗိုလ်တစ်ယောက်အကြောင်းတော့ လုံးဝ ရိုက်လို့မရဘူး။ ဒါမျိုးဟာ သူတို့စစ်တပ်ကြီးတစ်ခုလုံးကို နာမည်ပျက်အောင်လုပ်တာပဲလို့ သူတို့ မြင်တယ်။
အခု လူကြမ်းတွေ သရုပ်ဆောင်ထားတဲ့ စစ်တပ်အရာရှိကြီးတွေ အခန်းမှာ ကိုယ်ကျင့်သိက္ခာ ထိခိုက်တာမျိုး လုံးဝမပါတဲ့အတွက် ခွင့်ပြုပေးလိုက်တာပါတဲ့နော်။
အဲသလိုမျိုး ဟိုးခေတ်အဆက်ဆက်တည်းက အပြင်လောကမှာ သူတို့ဘယ်လိုပဲ ယုတ်မာရက်စက် အကျင့်ပျက်ပျက် ဇာတ်လမ်းသဘောအရတောင် မကောင်းပြောခွင့် မရှိ၊ တဖက်စောင်းနင်းအုပ်ချုပ်ခဲ့တဲ့ စစ်တပ်ရဲ့အနိုင်ကျင့်မှုတွေက တစ်ထောင့်တစ်ည ပြောပြလို့ ကုန်နိုင်ဖွယ်မရှိပါဘူး။
သတ္တိနည်းတဲ့ အာဏာရှင်တို့ရဲ့ ပြည်သူတွေအပေါ် အကြောက်တရားမျိုးစုံနဲ့ ဘယ်လို သူတို့ အနိုင်ကျင့်အုပ်ချုပ်ခဲ့ကြသလဲဆိုတဲ့ သာဓကတစ်ခုကို တဆင့်ထပ်ဝေမျှချင်ပါသေးတယ် ။
နဝတလက်ထက် စစ်အာဏာသိမ်းပြီးကာစ ပြည်သူလူထုကလည်း သိပ်ကြောက်ရကောင်းမှန်းမသိသေးတဲ့ကာလမျိုးမှာပေါ့။
မန္တလေးစျေးချိုကြီးအရှေ့တဝိုက်မှာ နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ကုက္ကိုပင်ကြီးတွေ ရှိခဲ့တယ်။ သူတို့တက်ပြီးမကြာခင်မှာပဲ
ဒီအရိပ်အာဝါသအလွန်ကောင်းတဲ့ အပင်ကြီးတွေကိုခုတ်ပြီး လမ်းကျယ်အောင်ချဲ့မယ်ဆိုတဲ့အစီအစဥ်တွေလုပ်ကြပါလေရော။ ဒီသတင်းကို စျေးချိုသူစျေးချိုသားတွေကြားတော့ ကန့်ကွက်ပြောဆိုကြတာပေါ့။
ဒီအခါ စစ်တပ်က ခုတ်ချင်တဲ့သူနဲ့ မခုတ်ချင်တဲ့သူ မဲခွဲဆုံးဖြတ်ကြပါလို့ခွင့်ပြုပေးလိုက်သတဲ့။ အဲဒီတော့ မခုတ်ချင်တဲ့သူ ၉၉ ရာခိုင်နှုန်းကျော်က ပြတ်ပြတ်သားသား ဆန္ဒထုတ်ဖော် မဲပေးခဲ့ကြတာပေါ့။ ရာနှုန်းပြည့်နီးပါးမခုတ်ချင်ပါဘူးလို့ ပြည်သူတွေ ကန့်ကွက်ကြတာကိုလည်းသိရော နောက်ရက်မှာ ပြောင်ပြောင်တင်းတင်းကြီးကို ပြည်သူ့ဆန္ဒကို ဖီလာဆန့်ကျင်ပြီး ခုတ်လှဲပစ်လိုက်ကြပါတော့တယ်။
ဒါဟာ ပြည်သူတွေရဲ့ ရဲဝံ့စွာ ဆန့်ကျင်ရဲတဲ့စိတ်ဓါတ်ကို သူတို့ကြောက်မိသွားတဲ့အတွက် မိုက်ရိုင်းရင့်သီးစွာနဲ့ အကြမ်းဖက်ဆက်ဆံပြလိုက်တာပါပဲ။ ဒီလိုအကြောက်တရားတွေနဲ့ အညွန့်ချိုး ငြိမ်ဝပ်ပိပြားအောင်လုပ်ပြခဲ့သလို အခု ၂၀၂၁ မှာလည်း လုပ်လို့ရမယ် အထင်နဲ့ ပြည်သူလူထုအပေါ် သူတို့ လျှော့တွက်ခဲ့ကြတယ်။
ခေတ်တွေမတူတော့တဲ့ အခု အာဏာသိမ်းဗိုလ်ကျစိုးမိုးမှုမှာ တနိုင်ငံလုံးက တိုင်းရင်းသား၊ ကျောင်းသား၊ဝန်ထမ်းများစွ ာအပါအဝင် ရဟန်းရှင်လူပြည်သူအားလုံး အဘက်ဘက်က နည်းမျိုးစုံနဲ့သူတို့ကို အညံ့မခံ ပြန်တော်လှန်နေခဲ့ကြတယ်။ ဒီလိုပြည်သူတွေရဲ့ အမှန်တရားအတွက် ပြတ်ပြတ်သားသား စွန့်စားရဲတဲ့သတ္တိကို သိတော့ သူတို့ ပိုပိုကြောက်ကြတော့တာပေါ့။
အဲ့သလို သူတို့ ကြောက်မိလေ ပိုရက်စက်ကြမ်းကြုတ်ပြလေ ပြည်သူကလည်း ပိုနာကြည်းမုန်းတီးလေနဲ့ သူတို့ရဲ့ အဆုံးသတ်က ဘယ်လိုမှ မလှပနိုင်တော့ပါဘူး။
ကယောင်ချောက်ချားနဲ့ ကောင်းနိုးရာရာတွေ သူတို့လျှောက်လိုက်လုပ်တိုင်းလည်း ဉာဏ်နည်းပါးတဲ့ အလွဲတွေချည်းပါပဲ။ မကြာသေးခင်ကဆို ကာယကံရှင်တွေ လိုချင်မှန်းမသိ မလိုချင်မှန်းမသိဘဲ လူမှုထူးချွန်ဆုတွေ အမျိုးမျိုးချီးမြှင့်ပြီး စည်းရုံးတာလုပ်ခဲ့ပြန်တယ်။ ဆုစာရင်းထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ရှေးအနုပညာရှင်ကြီးတွေရဲ့ အမည်တွေပါ ထည့်သွင်းကြေညာထားကြတာ မြင်တွေ့ရတယ်။ သူတို့သက်ရှိထင်ရှား ရှိခဲ့ရင်လည်း သွေးညှီနံ့မကင်းတဲ့ ဒီဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခံရမှုအတွက် စိတ်ပျက်ကြလိမ့်မယ် ထင်ပါတယ်။
ဒါပေမဲ့ မိမိဘက်က ဘာကြိုးစားမှုမှ အားစိုက်ထုတ်စရာမလိုပဲ ဒီလိုဆုတံဆိပ်မျိုးအချောင်ရတာကို ပျော်ကြသူ တချို့တလေလည်း ရှိကောင်းရှိကြမှာပါ။ ပြည်သူပေးတဲ့ဆုကိုမှ ထိုက်ထိုက်တန်တန်လိုချင်တဲ့ အနုပညာရှင်စစ်စစ်တွေအတွက်ကတော့ ဒါဟာ နေရင်းထိုင်းရင်း အကုသိုလ်တက်တာပါပဲ။ တိုင်းပြည်ရဲ့ လက်ရှိအခြေနေ ဒီလိုကာလမျိုးမှာ ချီးမြှင့်ခံရသူ ကာယကံရှင်အများစုအနေနဲ့ အင်မတန်မှအနေခက်စေတဲ့ ကိစ္စတစ်ရပ်လို့လည်း ထင်မိပါတယ်။
အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ အကယ်ဒမီခိုင်သင်းကြည်ကို ပေးခဲ့တဲ့ ဆုတံဆိပ်ဖြစ်ရပ်ကိုပဲကြည့်။ အခုပဲယူယူ အခုပြန်ပေးပေး လုပ်နေတဲ့ သူတို့ပေးတဲ့ဆုထက် သူ့ကိုချစ်တဲ့ပရိသတ်ဆီကရတဲ့ အကယ်ဒမီဆုမျိုးကိုပဲ လိပ်ပြာသန့်သန့် သူယူချင်ရှာမှာအမှန်ပါ။ အခုတော့ မလိုတစ်မျိုး လိုတစ်မျိုး လုပ်ကြရုံမက သူတို့ဘက် မရပ်တည်လို့ ဘယ်လိုလုပ်နိုင်ကြောင်းကိုပါ ပြသခြိမ်းခြောက်တဲ့အနေနဲ့ အကြောင်းမဲ့သက်သက် မင်းသမီးရဲ့ ခင်ပွန်းဖြစ်သူကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်။
ဒါဟာ ရှေးအစဥ်အဆက် စစ်တပ်ဆိုတဲ့ အင်အားကြီးလက်နက်ကိုင်လူတစ်စုရဲ့ အင်မတန်မှ သေးသိမ်ညံ့ဖျင်းတဲ့ လုပ်နေကျလုပ်ရပ်တစ်ခုပါပဲ။
သူတို့စိတ်အခံကိုက သူတို့ကို ဆန့်ကျင်ရဲတဲ့ အာဂသူရဲကောင်းဆို သိပ်ကြောက်တတ်ကြသလို သူတို့အပေါ် မကြည်ဖြူသူမှန်သမျှကိုလည်း နောက်မလုပ်ဝံ့အောင် ရက်စက်ပြတတ်ကြတယ်။
လက်ရှိမှာလည်း သူတို့ ရှုံးနိမ့်ရတော့မယ်ဆိုတဲ့ အသိနဲ့ အကြောက်ကြီးကြောက်လာလေ အခြားတစ်ဖက်မှာ ပြည်သူလူထုအပေါ် မတရားနှိပ်စက် ညှင်းပန်းမှုတွေ ပိုမိုလုပ်လာလေ ဖြစ်နေတာကို တွေ့ရ မြင်ရပါလိမ့်မယ်။
ဒါကို ပြည်သူအားလုံးအနေနဲ့ သတိဝီရိယဉာဏ်အမြော်အမြင်ကြီးစွာနဲ့ မိမိအသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်နေထိုင်ကြပါလို့ သတိပေးချင်ပါတယ်။
အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ် ဆက်လက်တော်လှန်သွားနိုင်ဖို့အတွက်က ပြည်သူအပေါင်း ဘေးကင်းလုံခြုံစွာရှင်သန်နေဖို့က လွန်စွာမှ အရေးကြီးလှပါကြောင်း တိုက်တွန်းရင်း။ ။
ရေးသူ---အယ်ဖော
( ၂၈-၄-၂၂ )
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar