ငြိမ်း (ပဲခူး) - ဒီနေရာလေး
(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၂
(၁)
ဒီနေရာလေးမှာ ကျွန်တော် စပြီးနေဖြစ်ပုံက ဒီလိုပဲ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပထမလှိုင်းစတော့ ကျွန်တော်က မြို့တော်ကြီးက ကုမ္ပဏီတခုမှာ အလုပ် လုပ်နေတာ။ ပြီးတော့ တနေ့တ ခြား ကိုရိုနာဗိုင်းရပ်စ်က ပိုပိုဆိုးလာတာရယ် သင်္ကြန်ရက်နီးလာတာရယ်ကြောင့် ကုမ္ပဏီက ဝန်ထမ်းတွေကို ကိုယ့်ဇာတိကိုယ်ပြန်ကြဖို့ ခွင့်အသီးသီး ပေးလိုက်တယ်။ အဲ့ဒီတော့ ကျွန်တော်လည်း ကိုယ့်ဇာတိ မြို့ကလေးကို ပြန်တာပေါ့။ မြို့က လေးကိုရောက်တော့ ကျွန်တော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်လို့ အိမ်ထဲမှာပဲ နေနေလိုက်တယ်။ ဒီလိုနဲ့ အိမ်ထဲမှာပဲ နေ နေရင်းနဲ့ စာအုပ်တစ်အုပ်လက်ထဲမှာကိုင် ကာ အိမ်ပေါ်တက်လိုက် အိမ်အောက်ဆင်းလိုက် ခြံထဲကတနေရာရာမှာ ထိုင်လိုက်။ အိမ်အောက်ထပ်က အခန်းထဲမှာ ဝင်ထိုင်လိုက်နဲ့။ ကျွန်တော်တယောက်ထဲ နေရာမရ ဖြစ်နေတယ်။ ပြီးတော့ စာအုပ်ကိုလက်ထဲမှာကိုင်ထားပေမယ့်လည်း မဖတ်ဖြစ်ဘူး။ အဲ့ဒါနဲ့ ကျွန်တော်ဟာ နေရာတနေရာတော့ ရှာမှရမယ်ဆိုပြီး အိမ်ထဲလျှောက်ကြည့်ရင်းနဲ့ ဒီနေရာလေးကို တွေ့တာနဲ့ တွေ့တွေ့ချင်းကြိုက်သွားပြီး ဒီနေရာလေးမှာပဲ နေဖြစ်သွားတယ်ဆိုပါတော့။
ဒီနေရာလေးမှာ ကျွန်တော်ဟာ ကော်ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ကာ ကွမ်းယာတစ်ထုပ် ကြယ်နီတစ်လိပ် စာအုပ်တစ်အုပ်နဲ့ အိမ်တွင်းအောင်းနေရတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေတာပေါ့။ အဲ့ဒီစာအုပ်ကလည်း ကိုရိုနာဗိုင်းရပ်စ်ပထမလှိုင်းရဲ့နေ့ရက်တွေထဲမှာဖတ်ဖို့ ကျွန်တော် ဝယ်ထားတဲ့ ဂေါ်ဂီရဲ့ အမေဆိုတဲ့ စာအုပ်အထူကြီး။
(၂)
ဒီနေရာလေးရဲ့ဘေးမှာ ကျောက်တိုင်တွေထောင်ပြီး သံဇကာနဲ့ကာထားတဲ့ တစ်ဖက်ခြံရဲ့ ခြံစည်းရိုးတစ်ခု ရှိတယ်။ ကျွန်တော်တို့အိမ်ကလေးရဲ့ နောက်ဖေးခြံစည်းရိုးတစ်ခု ရှိတယ်။ ဝါးရုံပင်ကြီးလည်း ရှိတယ်။ နောက် ခရေပင်တစ်ပင်လည်း ရှိတယ်။ သရက်ပင်တစ်ပင်လည်း ရှိတယ်။ ပြီးတော့ ကတက်ပင်တစ်ပင်လည်း ရှိသေးတယ်။ အဲ့ဒါကြောင့် လေတိုက်လိုက်ပြီဆို လေထဲမှာ ဝါးရနံ့တွေ ခရေပန်းရနံ့တွေ သရက်သီးရနံ့တွေဟာ ရောထွေးပြီး ကျွန်တော့် နှားခေါင်းထဲ ဝင်ရောက်လို့လာတယ်။ ပြီးတဲ့အခါ တိုက်ခတ်လာတဲ့ လေလေးကလည်း အေးမြလို့နေသေးတယ်။
ဒီနေရာလေးကို ကျွန်တော့်တူလေးက တစ်ခါ တစ်ခါ နေရာလာဦးထားလို့ ဖယ်ခိုင်းရသေးတယ်။ ဒီနေရာလေးကို ကျွန် တော်တို့အိမ်မှာမွေးထားတဲ့ ခွေးမလေးက တစ်ခါ တစ်ခါ နေရာလာဦးထားလို့ ဖယ်ခိုင်းရသေးတယ်။ ဒီနေရာလေးဟာ ကျွန် တော့်နေရာလို့ တစ်ရက်မှာ ကျွန်တော်တို့ အိမ်သားအားလုံးကို ပြောလိုက်တယ်။ အဲ့ဒီအခါကျမှပဲ ဒီနေရာလေးကို ဘယ်သူမှ လာမနေရဲကြတော့ဘူး။ ကျွန်တော် အပိုင် စားရသွားတာပေါ့။
ဒီနေရာလေးမှာ ကျွန်တော်ဟာ စာဖတ်နေ ရင်းနဲ့ မျက်စိညောင်းလာတဲ့ခါ စာအုပ်ကို ပိတ်လိုက်ပြီး ကွမ်းယာ တစ်ယာဝါးနေလိုက်တယ်။ ဒါမှမဟုတ်ရင်လည်း ကြယ်နီ တစ်ဖွာပြီးတစ်ဖွာ ရှိုက်နေလိုက်တယ်။ ပြီးတော့ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်း ဘယ် တော့များမှပြီးမလဲ ကျွန်တော်တွေးနေမိတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ဟာ အဲဘတ်ကမူးရဲ့ ပလိပ် ဝတ္ထုကို မဖတ်ဖူးသေးဘူး။ ပြီးတော့ ကပ်ဘေးတစ်ခုကို အဲ့ဒီအချိန်တုန်းကမှ ပထမဦးဆုံးကြုံတွေ့ဖူးတာ။ ပထမဦးဆုံး ရင်ဆိုင်ဖူးတာပေါ့။
(၃)
ဒီနေရာလေးမှာ ကျွန်တော်ဟာ ဂေါ်ဂီရဲ့ အမေဝတ္ထုကို ဖတ်နေရင်းနဲ့ သုံးပုံနှစ်ပုံလောက်အရောက်မှာ ရပ်ပစ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာဘုရင်ကိုတော်လှန်နေကြတဲ့ တော်လှန်ရေးသမားတွေကလည်း ဇာဘုရင်နဲ့ ဘာမှမထူးဘူးဆိုတာကို သိသွားတာကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီစာအုပ်ကို ဘော်ဒါတစ်ယောက် က မွေးနေ့လက်ဆောင် လိုချင်တယ်ဆိုလို့ ပေးပစ်လိုက်တယ်။
ဒီနေရာလေးမှာ ကျွန်တော်ထိုင်နေရင်း လူနာတင်ကားရဲ့ အသံတွေကို ကြားရတယ်။ အသုဘလိုက်ပို့တဲ့ ကားရဲ့အသံတွေကိုလည်း ကြားရတယ်။ ကားနဲ့လိုက်ရောင်းတဲ့ စျေးသည်တွေ သုံးဘီးနဲ့လိုက်ရောင်းတဲ့ စျေးသည်တွေရဲ့ အသံတွေကိုလည်း ကြားရတယ်။ ဒီနေ့ လမ်းထဲက ဘယ်သူတော့ လာခေါ်သွားပြီ၊ ဘယ်ဝါတော့ ဖျားနေပြီ စတဲ့ အသံတွေကိုလည်း ကြားရတယ်။ ဒီနေရာလေးဟာ တိတ် ဆိတ်နေတော့ ကျွန်တော့် ရင်ခုန်သံတွေကိုတောင် ကျွန်တော် ပြန်ကြားရတဲ့အခါလည်း ရှိပါသေးတယ်။
ဒီနေရာလေးမှာ တစ်ရက် ကျွန်တော်ထိုင်နေတုန်း ဖုန်းတစ်ကောဝင်လာတယ်။ ကျွန် တော်အလုပ် လုပ်နေတဲ့ ကုမ္ပဏီက HR ရဲ့ ဖုန်း။ ကျွန်တော့်ကို ရုံးပြန်တက်လို့ရပြီလို့ လှမ်းပြောတာ။ ကျွန်တော် ပျော်သွားတယ်။ ပြီးတော့ ဒီနေရာလေးကို ကျွန် တော်ဟာ နေခွင့်ပြုလို့ ကျေးဇူးပါလို့ စိတ်ထဲကနေ ပြောလိုက်တယ်။ ပြီးတဲ့အခါ ကျွန်တော်ဟာ ကော်ထိုင်ခုံကို "မ"လိုက်ပြီး ဒီနေရာလေးကို ကျောခိုင်းကာထွက်လာခဲ့တယ်။
(၄)
ဒီနေရာလေးကို ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းမှာ ကျွန်တော် တဖန်ပြန်ရောက်လာခဲ့ရတယ်။ ကျွန်တော် ပြန်ရောက်လာတော့ ဒီနေရာလေးဟာ ပိုင်ရှင်အသစ်တွေနဲ့ ဖြစ်လို့နေပြီ။ ကျွန်တော့်ကို ဒီနေရာလေးက မမှတ်မိတော့ဘူး။ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းတုန်းက ဒီနေရာလေးမှာ ကျွန်တော်ဟာ ကော်ထိုင်ခုံတစ်လုံးနဲ့ နေခဲ့တာ။ အခုတော့ ကော်ထိုင်ခုံက ကွမ်းယာလာဝယ်တဲ့ ဖောက်သည်တွေ ထိုင်လို့ရအောင်ဆိုပြီး အမေက မယူနဲ့ဆိုလို့ ကျွန်တော့်မှာ ဖျာတစ်ချပ်ခင်းပြီး ဒီနေရာလေးမှာ နေနေရတယ်။
ဒီနေရာလေးဟာ ပိုင်ရှင်အသစ်တွေဖြစ်နေကြတဲ့ ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေ၊ ကင်းလိပ်လျှောတစ်ကောင်၊ ဖားတစ်ကောင်တို့နဲ့ နေသားကျသွားပြီ။ ကျွန်တော်လာနေတာကို ဒီနေရာလေးက သိပ်သ ဘောမကျဘူးလို့ ထင်တယ်။ အဲ့ဒါကြောင့် ဖားကို အော်ခိုင်းတာဖြစ်မယ်။ ဖားအော်သံက စာဖတ်နေတဲ့ ကျွန်တော့်ရဲ့ "နား" နားကိုကပ်ပြီး အော်နေသလိုမျိုး။ ကြာလာတော့ ကျွန်တော့်မှာ စိတ်အနှောက်အယှက် ဖြစ်လာတယ်။ အဲ့ဒါနဲ့ စာအုပ်ကိုပိတ်လိုက်ပြီး ဖားရှာပုံတော် ဖွင့်ရတာပေါ့။ ဝမ်းလျား မှောက်နေရာကနေ ကျွန်တော်ထထိုင်လိုက်တယ်။ ဘယ်ဘက်ကို ကြည့်တယ်။ မတွေ့ဘူး။ ညာဘက်ကို ကြည့်တယ်။ မတွေ့ဘူး။ ကျွန်တော့် ခြေထောက်ဆင်းတဲ့ဘက်ကို ကြည့်တော့လည်း မတွေ့ပြန်ဘူး။ ဘာလားပေါ့။ ကျွန်တော် နည်းနည်းကြောင်သွားတယ်။ ဖားကို ရှာလို့မတွေ့တာနဲ့ ကျွန် တော်လည်း ဝမ်းလျားပြန်မှောက်ပြီး စာ ပြန်ဖတ်နေလိုက်တယ်။ မကြာပါဘူး။ ဖားအော်သံ ကြားရပြန်ရော။ ကိုရွှေဖားက ကျွန်တော်လိုက်ရှာရင် မအော်တော့ဘဲ အ သံတိတ်သွားတယ်။
ကျွန်တော်စာပြန်ဖတ်ရင်တော့ ပြန်အော်ပြန်ရော။ ကျွန်တော့်မှာ အကြိမ်ကြိမ်အခါ ခါရှာရင်း မတွေ့တဲ့အဆုံးဝမ်းလျား မှောက်ကာ စာဖတ်ချင်ယောင် ဆောင်နေလိုက်တယ်။ အဲ့ဒီမှာ ဖားအော်သံကို ကြားရပြီ။ ကျွန်တော်ဟာ ဖားအော်သံကို စူးစူးစိုက် စိုက်နားထောင်လိုက်ပြီး အသံလာရာဘက်ကို စေ့စေ့စပ်စပ်ကြည့်လိုက်တော့ ဖားက ကျွန်တော့်နံဘေး မလှမ်းမကမ်းမှာရှိတဲ့ ရေနံချေးထည့်တဲ့ ကော်ပုံးသေးသေးလေး ထဲမှာ ရှိနေတာကို တွေ့လိုက်ရတယ်။ ဖားကလည်း အမဲ။ ရေနံချေးထည့်တဲ့ ပုံးကလည်း အမဲဆိုတော့ အမှတ်တမဲ့ ကြည့်လိုက်ရင် မတွေ့နိုင်ဘူး ဖြစ်နေတာပေါ့။ ကျွန်တော်ဟာ ဒီလောက်အော်ချင်တဲ့ ဖားဆိုပြီး ရေနံချေးထည့်တဲ့ပုံးကို တစ်ဖက်ခြံ စည်းရိုးဘက် လှည့်ထားလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး ဖားအော်သံကို မကြားရတော့ဘူး။
(၅)
ဒီနေရာလေးမှာ ကျွန်တော်ဟာ စာဖတ်နေရင်းနဲ့ အိပ်ချင်လာတဲ့အခါ ဖတ်လက်စ စာအုပ်ကို ဘေးနားချပြီး ပက်လက်လှန်ကာ အိပ်တတ်တယ်။ ကျွန်တော် အိပ်ပြီဆို သစ်ရွက်ခြောက်တွေပေါ်ကို တစ်ခုခုနင်း လိုက်တဲ့အသံတွေ ထွက်လာပြီ။ ကြည့်လိုက်ရင် ကင်းလိပ်လျှောတစ်ကောင်။ ကြောက်စရာသတ္တဝါတစ်ကောင် မဟုတ် ပေမယ့်လည်း ကျွန်တော်အိပ်နေတုန်း ကျွန်တော့်အပေါ်တက်လာတာပဲ ဖြစ်ဖြစ်။ ကျွန်တော့်အပေါ် ဖြတ်သန်းသွားတာပဲ ဖြစ်ဖြစ်။ အဲ့ဒါဆိုရင် ကျွန်တော်လန့်တတ် တယ်။ အဲ့ဒါကြောင့် ကျွန်တော့်မှာ ကင်းလိပ်လျှောကို အဝေးသွားအောင် ခြောက်လှန့်ရတော့တယ်။ ကျွန်တော် ခြောက်လှန့်လိုက်ရင် ကင်းလိပ်လျှောက အဝေးပြေး သွားတာပဲ။ အဲ ကျွန်တော်အိပ်တော့မယ်ဆို ပြန်လာတယ်။ ဒီလိုနဲ့ အကြိမ်ကြိမ် ခြောက်လှန့်လိုက်တော့ ကင်းလိပ်လျှော ဟာ ကျွန်တော့်အနားကို မလာရဲတော့ဘူး။ ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းကနေပဲ သွားတော့တယ်။ အဲ့ဒီအခါကျမှပဲ ကျွန်တော့် မှာ စိတ်ချလက်ချ အိပ်နိုင်တော့တယ်။
ဒီနေရာလေးမှာ ကျွန်တော့်ကို အမြဲလိုလို လာနှောက်ယှက်တာက ယင်ကောင်တွေ။ တခါတလေ နှစ်ကောင် သုံးကောင်လောက်လာတယ်။ တခါတလေကျရင် လေးငါးခြောက်ကောင် လာချင်လည်း လာတယ်။ ဒင်းတို့က ကျွန်တော်စာဖတ်ပြီဆို ကျွန်တော့် ခန္ဓာကိုယ်ပေါ်မှာလာနားလိုက် ထပျံသွားလိုက်။ ကျွန်တော့်"နား" နားမှာ တဝီဝီလုပ်လိုက်။ စိတ်တိုလာလို့ ကျွန်တော် စာအုပ်ကိုပိတ်လိုက်ပြီး ထထိုင်လိုက်ရင် ယင်ကောင်တွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ကျွန်တော် စာပြန် ဖတ်တော့မယ်ဆို လာပြီ။ အဲ့ဒါနဲ့ ကျွန် တော်ဟာ မဖြစ်တော့ဘူးဆိုပြီး စိတ်ရှည် ရှည်နဲ့ ယင်ကောင်တွေ ဘယ်မှာနားမလဲ စောင့်နေလိုက်တယ်။ အဲ့ဒီမှာ တွေ့တာပဲ။ ကျွန်တော့်စာအုပ်ပေါ် လာနားပြီ။ လက်နှစ် ဖက်နဲ့ အသေအချာချိန်ရွယ်ပြီး ညှပ်ရိုက် လိုက်တယ်။ ကျွန်တော့်လက်နှစ်ဖက်ပဲ နာ သွားတယ်။ ယင်ကောင်ကို မမိလိုက်ဘူး။ နောက်တစ်ကောင်တွေ့ပြန်ပြီ။ ကျွန်တော့် ပေါင်ပေါ်မှာ လာနားတာ။ ကျွန်တော်ဟာ ယင်ကောင်ပြေးနိုင်မဲ့ဘက်ကို အသေအ ချာတွက်ချက်ပြီး လက်နှစ်ဖက်နဲ့ ညှပ်ရိုက် လိုက်တာ။ ကျွန်တော့်လက်နှစ်ဖက်ကြားထဲကနေ ယင်ကောင်ဟာ ကားကနဲပြုတ်ကျလာတယ်။ အဲ့ဒီယင်ကောင်ကို လွှင့်မပစ်ဘဲ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ညာ ဘက်မှာ တစီတတန်းကြီးသွားနေကြတဲ့ ပု ရွက်ဆိတ်တွေနားမှာ ချထားလိုက်တယ်။ အဲ့ဒီယင်ကောင်ကို ပုရွက်ဆိတ်တွေ ချီသွားကြတာပေါ့။ ကျွန်တော်လည်း ယင် ကောင်တွေ ကြောက်သွားလောက်ပြီဆိုပြီး အထင်နဲ့ စာပြန်ဖတ်မယ်လုပ်တော့ ထပ်လာတာပါပဲ။ အဲ့ဒါနဲ့ ကျွန်တော်လည်း ထထိုင်ပြီး ယင်ကောင်တွေကို ထပ်ရိုက်ရပြန်တယ်။ မိတဲ့အခါလည်း မိ။ မမိတဲ့အခါလည်း မမိနဲ့။ နောက်ဆုံးတော့ ကျွန်တော့်မှာ ယင်ကောင်တွေကို မမောင်းနိုင်တော့လို့ လက်မြှောက်အရှုံးပေးလိုက်ရတယ်။
ဒါဟာ ဒီနေရာလေးမှာ နေ့စဥ် ကျွန်တော်ကြုံတွေ့နေရတဲ့ အနေအထားပါ။ အဲ့ဒီလို ကြုံတွေ့နေရပေမယ့်လည်း ကျွန်တော်ဟာ ကျွန်တော် လုပ်ရမယ့် အိမ်အလုပ်တွေပြီးတာနဲ့ ဒီနေရာလေးကိုပဲ ရောက်ရောက်လာတယ်။ ဒီနေရာလေးမှာပဲ ကျွန်တော်နေရတာကို ကြိုက်နှစ်သက်တယ်။ နေ့စဥ်နံ နက်ဆယ်နာရီနောက်ပိုင်းဆို ဒီနေရာလေးမှာ ကျွန်တော်ဟာ စာဖတ်ချင် ဖတ်မယ်။ ဖုန်းနဲ့ ဗွီဒီယိုကြည့်ချင်ရင်လည်း ကြည့်မယ်။ အိပ်ချင်ရင်လည်း အိပ်နေမယ်။ ဖေ့ဘွတ် သုံးနေရင်လည်း သုံးနေမယ်။ စာ ရေးချင်လည်း ရေးနေမယ်။
(၆)
ဒီနေရာလေးမှာ ကမာရွတ်လှည်းတန်းနှင့် အနီးတစ်ဝိုက်စာအုပ်ကို ဖတ်ရှုလို့ပြီးခဲ့တယ်။ ဒီနေရာလေးမှာ နေမျိုးရဲ့ အစက်ကလေးသုံးစက် စာအုပ်ကို ဖတ်ရှုလို့ ပြီးခဲ့တယ်။ ဒီနေရာလေးမှာ မောင်ကိုကို (အမရပူရ) ရဲ့ ကာလာပွဲတော် စာအုပ်ကို ဖတ်ရှုလို့ ပြီးခဲ့တယ်။ ဒီနေရာလေးမှာ အီလျာအာရင်းဘတ်ရဲ့ နှင်းခဲပျော်ချိန်စာအုပ်ကို ဖတ်ရှုလို့ပြီးခဲ့တယ်။ ဒီနေရာလေးမှာ က ဗျာဆရာချားလ်စ်ဆီးမစ်ချ်ရဲ့ မှတ်စုတွေကို ဖတ်ရှုလို့ ပြီးခဲ့တယ်။ ဒီနေရာလေးမှာ အခုကျွန်တော် ဖတ်နေဆဲစာအုပ်ကတော့ ဗိုလ်တကာ့ဘုရင် လူစီယာနို အကြောင်းစာအုပ်ပေါ့။
ဒီကာလကြီးထဲမှာ ခင်ဗျားတို့ ကျွန်တော့်အိမ်အလည်လာခဲ့ရင် ဒီနေရာလေးရှိတဲ့ ကျွန်တော့်အိမ်နောက်ဖေးကို တန်းတန်း မတ်မတ်ကြီးသာ လာခဲ့။ ဒီနေရာလေးမှာ ခင်ဗျားတို့ကို ကျွန်တော် ဧည့်ခံစကားပြောပါ့မယ်။ ဒီနေရာလေးက အေးလည်း အေးတယ်ဗျာ။
ငြိမ်း (ပဲခူး)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar