Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၈)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၈)
(မိုးမခ) ဧပြီ ၂၊ ၂၀၂၂

ကဗျာဆိုတာ စကားလုံးတွေကို တန်ဆာဆင်ပြီး ပန်းတွေလို သီဖွဲ့ ထုံမွှန်းရတာဖြစ်သလို ကဗျာဆရာတွေရဲ့ နှလုံးသားကလည်း နူးညံ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်မှာ ဒုက္ခကြုံရပြီဆိုရင် ပြည်သူ့ဘက်တော်သား ကဗျာဆရာများဟာ ရှေ့တန်းက ရပ်တည်ပါဝင်ကြပါတယ်။ 

စစ်အာဏာရှင်စနစ်ဆိုးနဲ့ အာဏာရှင်တွေ၊ အာဏာရှင်လက်ပါးစေတွေဟာ စာပေရေးသားခွင့်ပိတ်တာ၊ ကလောင်နာမည်ပိတ်တာ၊ ဖမ်းဆီးထောင်ချတာ၊ အေးအေးချမ်းချမ်း နေခွင့်မရအောင်လုပ်တာ စသဖြင့် စာပေပညာရှင်တွေရဲ့ဘဝတွေကို ခေတ်အဆက်ဆက် ဖျက်ဆီးခဲ့ပါတယ်။ 

စစ်အုပ်စုရဲ့ မအောင်မြင်တဲ့ နောက်ဆုံးအာဏာသိမ်းပွဲမှာတော့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ကဗျာဆရာတွေ သွေးမြေကျခဲ့ရပါပြီ။  အာဏာကို အဓမ္မ ရယူဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အာဏာသိမ်းပြီး တစ်ပတ်အကြာမှာ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ် မတ်လ ၃ ရက် မုံရွာမြို့ပစ်ခတ်မှုမှာ ကဗျာဆရာ ၂ ဦး ကျဆုံးခဲ့ရပါတယ်။ သူတို့ကတော့ ကဗျာဆရာ ကေဇဝင်းနဲ့ ကဗျာဆရာမ ကြည်လင်အေးတို့ ဖြစ်ပါတယ်။ စာပေမောင်နှမ၊ တော်လှန်ရေး ရဲဘော်ရဲဘက်လို့ပြောရမယ့် ကဗျာဆရာနဲ့ ကဗျာဆရာမ တစ်ရက်တည်း တစ်မြို့တည်းမှာ ကျဆုံးခဲ့တဲ့အဖြစ်ဟာ ဘယ်တော့မှမေ့ပျောက်နိုင်စရာ မရှိပါဘူး။ 

ကဗျာဆရာမ ကြည်လင်အေးဟာ ကျောင်းဆရာမ ဒေါ်မြင့်မြင့်ဇင် ဖြစ်ပါတယ်။ စာပေသင်ကြားပေးနေတဲ့ တချိန်တည်းမှာပဲ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူက "မေတ္တာဓိက အွန်လိုင်းပရဟိတအသင်း" ရဲ့ ဥက္ကဋ္ဌပါ။ ဒီလို နူးညံတဲ့ နှလုံးသားပိုင်ရှင်ဟာ နွေဦးတော်လှန်ရေးမှာ အသက်ကို ကြိုတင် စွန့်လွှတ်ထားသူဖြစ်ပါတယ်။ 

ဆရာမ ကွယ်လွန်တော့ သူ့လက်မှာ သွေးအမျိုးအစား၊ ဖုန်းနံပါတ်နဲ့ "ခန္ဓာကိုယ်အား လှူဒါန်းပါသည်" ဆိုတဲ့စာကို အနီရောင်နဲ့ ရေးသားထားတာ တွေ့ရပါတယ်။ အသက် ၃၆ နှစ်အရွယ် ကျောင်းဆရာမ၊ ကဗျာဆရာမ၊ ပရဟိတ သူရဲကောင်းတစ်ယောက်ရဲ့ ရဲဝံ့မှု၊ စွန့်လွှတ်မှုနဲ့ လေးစားအတုယူဖွယ် မွန်မြတ်တဲ့စိတ်ထားကို တော်လှန်ရေးမှာ ပြသွားပါတယ်။ မုံရွာက ကြယ်တွေဟာ တခြားသောအရပ်ဒေသတွေမှာပါ လင်းလက်တောက်ပနေတယ်ဆိုတာ ပြလိုက်တဲ့ သက်သေဖြစ်ပါတယ်။ 

အမည်ရင်း ကိုချမ်းသာဆွေ ဖြစ်တဲ့ ကဗျာဆရာ ကေဇဝင်း ကလည်း အာဏာရှင်တွေကို အသက်စွန့်တော်လှန်ဖို့ ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အချိန်ထိ အရာရာကို ရင်ဆိုင်မယ်ဆိုတာ သူရေးသားခဲ့တဲ့ကဗျာတွေက သက်သေဖြစ်ပါတယ်။ သူ့ကဗျာတွေထဲက မကျဆုံးခင် တစ်ပတ်အလို ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရေးသားခဲ့တဲ့ "နေပူထဲမှာ နေမယ်" ဆိုတဲ့ကဗျာကို ကြည့်လိုက်ပါ။ 

"နေပူထဲမှာ နေမယ်"
*****************
□ နေရောင်ထဲ
    သမဂ္ဂအလံတော်ဟာ ရဲရဲပွင့်ပွင့် လွင့်နေတယ်။ 

□ အရိပ်လိုချင်ရင်
    နေပူထဲက စောင့်ရတယ်။ 

□ ဒီမိုကရေစီလိုချင်ရင်
     စစ်အာဏာရူးတွေရဲ့ သွေးအိုင်ထဲက စောင့်မယ်။ 

□ နေက သိပ်ပူတယ်
     အဓမ္မတရားရဲ့ ငရဲမီးက
     ငါတို့ခေါင်းပေါ်ကနေထက် အဆထောင်သောင်း ပိုပြီး ပူတယ်။ 

□ ဒီတိုက်ပွဲ မနိုင်မချင်း
     ငါတို့ပြည်သူတွေ နေပူထဲမှာ ဆက်နေမယ်။  ။ 

တန်ဖိုးမဲ့သူ အာဏာရူး အကြမ်းဖက်စစ်အုပ်စုအတွက် တန်ဖိုးရှိသူတွေရဲ့ ဘဝတွေ၊ အသက်တွေ စတေးခဲ့ရတဲ့အဖြစ်ဟာ လွန်စွာပဲ ထိခိုက်ကြေကွဲဖို့ကောင်းပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့အနာဂတ်အတွက် မျှော်လင့်ချက်တွေ၊ ဆန္ဒတွေကို အသက်နဲ့ရင်း၊ ဘဝနဲ့ရင်းပြီး ကြိုးပမ်းခဲ့သူများကို ကျနော်တို့ မေ့လို့မဖြစ်ပါဘူး။ 

ကျဆုံးသွားရသူတွေအတွက်၊ သူတို့ပြီးမသွားတဲ့ တာဝန်တွေအတွက် ဆက်လက်တိုက်ပွဲဝင်နေကြ၊ ဆက်လက်ကြိုးပမ်းနေကြသူတွေ ရှိနေဆဲ၊ ပံ့ပိုးကူညီနေသူတွေ ရှိနေဆဲမှာ ကျနော်တို့ ရပ်လိုက်လို့မဖြစ်ပါဘူး။ ဒီပွဲ ဘယ်တော့ပြီးမလဲလို့ မေးကြသူများအတွက် အဖြေက တစ်ခုတည်းပါ။ အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းမှ ပြီးမှာပါ။ ဘယ်လောက်ကြာမလဲဆိုတာကလည်း လူတွေ ဘယ်လောက်များများ၊ ဘယ်လောက်ကြိုးစားပမ်းစား ပါဝင်ကြသလဲဆိုတဲ့အချက်ပေါ်မှာ မူတည်ပါတယ်။ 

အခုကာလဟာ သူရဲကောင်းမျှော်ရမယ့်ကာလ မဟုတ်ပါဘူး။ ကိုယ်တိုင်က တော်လှန်ရေးသမား၊ ကိုယ်တိုင်က သူရဲကောင်း ဖြစ်ရပါမယ်။ ဒါမှသာ ပန်းတိုင်ကို မြန်မြန်ရောက်ပါမယ်။ ယုတ်မာကောက်ကျစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ရှေ့လျှောက် အခက်အခဲ အကျပ်အတည်းတွေ၊ ဒုက္ခတွေ ပိုပြီး ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် မလွဲမသွေ ဖြတ်သန်းရမယ့်ကိစ္စတွေမို့ အားငယ်ဖို့မလိုပါဘူး။ ငါတို့မှာ ငါတို့ရှိပါတယ်။ ။ 

ထိန်လင်း
၃၁၊ ၃၊ ၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar