Breaking News

ကျော်ကျော်မြရည်စမ်း - ၈၉ သင်္ကြန်

ကျော်ကျော်မြရည်စမ်း - ၈၉ သင်္ကြန်
(မိုးမခ) ဧပြီ ၂၊ ၂၀၂၂

ကမ်းနားလမ်းရှိ စိန်ပန်းပြာပင်အောက်မှ ခုံတန်းလေးပေါ်တွင် စိုးထွေးထိုင်နေသည်။ ငဖြိုးနှင့်ဇော်ကြီးက လမ်းမပေါ်တွင် ရေပက်နေကြသည်။ 

သူတို့သူငယ်ချင်းသုံးယောက် မနက် ၈နာရီလောက်ကတည်းက  ဗိုလ်ချုပ်ပန်းခြံထဲတွင် အရက်ထိုင်သောက်ခဲ့ကြသည်။ စိုးထွေးတို့ မြို့လေး၏ တောင်ဘက်အစွန်တွင် အာဇာနည်အထိမ်းအမှတ် ကျောက်တိုင်ကြီးတခုရှိသည်။ ထိုနေရာကို တချို့က ကျောက်တိုင်ကွင်းဟုလည်း ခေါ်ကြသည်။ တချို့ကတော့ ဗိုလ်ချုပ်ပန်းခြံဟုပင်ခေါ်ကြသည်။ စိုးထွေးတို့ ငယ်စဉ်ဘဝက အာဇာနည်နေ့ရောက်တိုင်း လွမ်းသူ့ပန်းခွေကိုယ်စီဖြင့် ချီတက်အလေးပြုကြသည့် နေရာတခုဖြစ်သည်။ မနက်ခင်းကကျောက်တိုင်ရှေ့ မြက်ခင်းပြင်ပေါ်တွင် စိုးထွေးတို့ အရက်ထိုင်သောက်ကြသည်။ အရက်ချက်သည့်ဖိုက ထိုနေရာလေးနှင့် မလှမ်းမကမ်းတွင် ရှိသည်။ 

သင်္ကြန်ရက်ဖြစ်သော်လည်း ကျောက်တိုင်ကွင်းကြီးထဲတွင် သစ်တိုက်ကားတချို့ အလုပ်လုပ်နေကြသည်။ မည်သည့်နေရာမှ သယ်ယူလာမှန်းမသိသည့် သစ်လုံးကြီးများကို ကျောက်တိုင်ကွင်းထဲတွင် စုံပုံနေကြသည်။ စိုးထွေးတို့ သူငယ်ချင်းတစုကတော့ ထိုအရာကို စိတ်မဝင်စားကြပါ။ ချက်အရက်ပြင်းပြင်း၊ အနံ့ဆိုးဆိုးကိုသာ အားစိုက်ခွန်စိုက်နှင့် သောက်ကြသည်။ အရက်သောက်ပြီး သွားရောက် ပျော်မြူးကြမည့်နေရာကို တိုင်ပင်ကြသည်။

ထိုအရက်ရှိန်လေးက ကျလာပြီဖြစ်၍ စိုးထွေး ငိုင်ချင်နေပြီ။ 

စိန်ပန်းပြာများ ထူးထူးဆန်းပွင့်နေကြသည်။ မြစ်ထဲတွင် သွားလာနေသော လှေ သမ္ဗာန်တချို့ရှိသည်။ ဧရာဝတီမြစ်ကြီးကတော့ သူ၏တာဝန်ကို သူကျေပွန်သည်။ တည်တည်ငြိမ်ငြိမ်ဖြင့် စီးဆင်းနေသည်။ ပွဲတော်ကို တစ်လက်ကလေးမှ ဂရုစိုက်ပုံမရ။

ထိုအရာများကို စိုးထွေးမသိပါ။ စိုးထွေးခေါင်းထဲတွင် ရှိနေသည်မှာ အရက်နည်းနည်း ထပ်သောက်ဖို့အရေးနှင့် နောက်ထပ်နေရာအသစ်တခုသို့ သွားရောက်ပျော်ပါးရေးသာ ဖြစ်သည်။ ယခုမဏ္ဍပ်က မကြာမီအနားယူတော့မည်။ လူသူကျဲပါးတော့မည်။ သင်္ကြန်ရက်များ ကုန်သွားမှာကိုပင် စိုးထွေး ပူပန်နေသေးသည်။

သင်္ကြန်အကျနေ့ကတည်းက စိုးထွေးအိမ်မကပ်တော့ပါ။ သူငယ်ချင်းများနှင့်အတူ ထင်ရာစိုင်းနေသည်။ ညမိုးချုပ်မှပင် အိမ်သို့ ပြန်ရောက်သည်။ သူ့ဖေဖေနှင့်မေမေ၏ စိုးရိမ်ပူပန်နေမှုကို စိုးထွေးလျစ်လျူရှုထားလိုက်သည်။  သူ့ဖေဖေနှင့်မေမေက ..."ကျောင်းမြန်မြန်ဖွင့်ပါစေလို့သာ ဆုတောင်းမိတာပဲ..ကျောင်းဖွင့်ရင် ရန်ကုန်သာပြန်တော့" ဟု မကြာခဏ ပြောတတ်သည်။ 

စိုးထွေးခေါင်းထဲတွင် ကျောင်းဖွင့်ခြင်း မဖွင့်ခြင်းလည်း မရှိတော့ပါ။ ဘာမျှလည်း မည်မည်ရရ မရှိတော့ပါ။ လည်ဖို့ပတ်ဖို့နှင့် တခါတရံ အရက်ခိုးသောက်ဖို့ လောက်သာ ရှိနေသည်။ ဂစ်တာတီးသင်တန်းကလည်း ရပ်သွားပြီဖြစ်၍ ဂစ်တာက နံရံပေါ်မှာ ကြိုးလျော့ထားပြီ။ ဂစ်တာဘေးတွင် ဖိုဘီကိတ်နှင့် မိုမိုကို၏ ပိုစတာများ ကပ်ထားသည်။ သင်္ကြန်ရက်ကို စိုးထွေးမျှော်သည်။ 

သင်္ကြန်ရက် မတိုင်မီ စာတိုက်မှ​သင်္ကြန်သီချင်းတိတ်ခွေအသစ်များ လာပို့သည်။ ထိုသီချင်းခွေများကို စိုးထွေး နံပါတ်စဉ်တပ်ပြီး စာရင်းသွင်းရသည်။ အော်ရီဂျင်နယ် တိတ်သားကို လဲလှယ်မပစ်စေရန်အတွက် တိတ်ခွေပေါ်တွင် ဆိုင်တံဆိပ်ရိုက်ပြီး အပေါ်မှ တိတ်ဖြင့် ထပ်အုပ်ရသည်။ 

"ဖေဖေ့ရေ...မြို့မသင်္ကြန်ခွေက နောက်ထပ်နှစ်ခွေလောက်တော့ ပွားဦးမှထင်တယ်၊ ငှားတဲ့သူ များမှာ"

"အေးအေး...ငါ့သား သွားကူးခိုင်းလိုက်"

စိုးထွေးတို့ထံတွင် တိတ်ခွေကူးသည့် စက်မရှိ။ သီချင်းခွေ၊ ဇာတ်လမ်းခွေများ ကူးလိုပွားလိုပါက အကယ်ဒမီတေးသံသွင်းသို့ သွား၍ခိုင်းရသည်။ အကယ်ဒမီတေးသံသွင်းရှေ့တွင် ဆောင်းဘောက်ကြီးဖြင့် သင်္ကြန်သီချင်းဖွင့်ထားသည်။

"ဟော...ဟော...ဟောတော့...ဖျန်းခနဲဆို.........၊ ရေရေတွေ ရွှဲကုန်ပြီ"

ဆောင်းဘောက်မှ သီချင်းသံက စိုးထွေးကို အူမြူးစေသည်။

"လေးကျော်မြင့်... စင်ပေါ်က သင်္ကြန်ပွဲတော် '၁' ကို (၃) ခွေ ကူးပေးနော်၊ မြို့မလည်း (၃) ခွေပဲ၊ ပြီးတော့ ကာဗာကို လက်ရေးလှလှလေးနဲ့ လုပ်ပေး"

တေးသံသွင်းဆိုင်တွင် ထိုင်နေရင်း ညအတွက် စိုးထွေးစိတ်ကူးယဉ်နေလိုက်သည်။

ယခင်က ကောင်စီရုံးဖြစ်ခဲ့ပြီး နောက်တော့ ရပ်ကွက်ငြိမ်ဝပ်ပိပြားရေးရုံးဟု အမည်ပြောင်းလိုက်သည့် ရုံးများတွင် ယိမ်းအကတိုက်သည်များကို စိုးထွေးတို့ ညစဉ်လိုလို သွားကြည့်ကြသည်။ ယိမ်းသမလေးများကို စကြနောက်ကြသည်။ စိုးထွေး၏ မျက်လုံးထဲတွင် မြေကြီးနှင့်ကောင်း ကင်သည် ယခင်ကလိုပင် မပြောင်းမလဲရှိနေသည်။ ခေါင်းလိမ်းဆီမွှေး တစ်ပ်တော့ပ်စျေးနှုန်း အနည်းငယ်တက်သွားကြောင်းသာ စိုးထွေးသတိထားမိသည်။

သင်္ကြန်ရက်အတွင်း မြို့လေး၏ ကမ်းနားလမ်းတွင် လူအတော်စည်ကားသည်။ လှေကြီးများကို ကမ်းနားလမ်းတလျှောက် ချထားကြသည်။ ကူဘိုတာရေစုပ်စက်ဖြင့် မြစ်ရေကို တင်ကြသည်။ လူငယ်လူရွယ်နှင့် ကလေးများက လှေကြီးထဲမှ ရေကိုခပ်ပြီး ရေကစားကြသည်။ မုန့်လုံး ရေပေါ်ကျွေးသည့် မဏ္ဍပ်များမှ တူးပို့တူးပို့သံ ညံနေသည်။ ကခုန်နေကြသည်။ ပျော်မြူးနေကြသည်။ 

သင်္ကြန်အကြိုနေ့ညနေတွင် မြို့လေး၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲသို့ စိုးထွေးသွားကြည့်မိသေးသည်။ မြူမှောင်ဝေကင်း သီချင်းသံကြားသည့်အခါ လွန်ခဲ့သည့်နှစ်များကို သတိရမိသေးသည်။ မဏ္ဍပ်ပေါ်တွင် သပြေခက်နှင့်အပြန် အလှန်ရေပက်နေကြသည့်လူကြီးများကိုတွေ့ရသည်။ စိုးထွေးလည်း ဆက်ပြီးမကြည့်ချင်တော့သဖြင့် သူငယ်ချင်း များရှိနေမည့်အရက်ဆိုင်ဖက် ခြေဦးလှည့်ခဲ့သည်။ အရက်ဆိုင်ရောက်သည့်အခါ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအကြောင်း စိုးထွေး စကားမဟဖြစ်။ ပုလင်းထဲမှ အရက်ကိုသာ ငဲ့သောက်နေဖြစ်သည်။ ညနေမှောင်ရီပျိုးစက မြင်ခဲ့ရသည့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲသည် စိုးထွေးခေါင်းထဲမှ ထွက်သွားပြီး နောက်တနေ့ ပျော်ပါးကြရမည့် ပုံရိပ်ကိုသာ ကြိုပြီးမြင်ယောင်လာသည်။

^^^^^^

မုန့်လုံးရေပေါ်ကျွေးသည့်မဏ္ဍပ်မှ တူးပို့သံက တဖြည်းဖြည်းတိုး၍သွားပြီ။ ကူဘိုတာရေစုပ်စက်သံလည်း တိတ်သွားပြီ။

"ဟေ့ရောင်.. စက်ဘီးတွေရော"

"ဟော့ဟို တမာပင်အောက်မှာကွ .. ၊ ကားတွေနဲ့ သိပ်မလွတ်လို့ ငါရွှေ့ထားလိုက်တယ်"

ငဖြိုးနှင့်ဇော်ကြီးက စိုးထွေး ထိုင်နေသည့် ခုံတန်းလေးကို ရောက်လာခဲ့ကြသည်။ 

"သွားစို့...အဲတာဆို ငါတို့ စစ်တပ်ကုန်းဖက် သွားရအောင်၊ အဲဒီမှာ စည်တယ်တဲ့"

"သွားတာပေါ့၊ ဒါပေမယ့် မနက်က သောက်ထားတာ ပြေသွားပြီဟ၊ နည်းနည်းတော့ သောက်ချင်သေးတယ်"

"လမ်းကျမှ သောက်ကြစို့ကွာ၊ ကျန်တောမှာ ရတာပဲ"

မြို့လေး၌ ၈၉ခုနှစ်သင်္ကြန်ပွဲတော်က အတော်ပင်စည်ကားသည်။ ယခင်တုန်းကနှင့်မတူဘဲ စစ်တပ်သင်္ကြန်လည်း ပါသည်။ စိုးထွေးတို့ မြို့လေး၏ အနောက်တောင်အရပ်တွင် စစ်တပ်ကုန်းကြီးရှိသည်။ ထိုကုန်းကြီးပေါ်တွင် စတုဒီတာမဏ္ဍပ်များ၊ စတိတ်ရှိုးများ၊ ရေပက်စင်များဖြင့် ထူးထူးခြားခြားဖြစ်နေသည်။ နီးစပ်ရာ မြို့များ ရွာများမှ ကားများ၊ မြင်းလှည်းများဖြင့်ပင် လာရောက်ပျော်မြူးကြသည်။

မြို့လေးမှ စိုးထွေးတို့ သူငယ်ချင်းတစု စက်ဘီးကိုယ်စီဖြင့် ထွက်လာခဲ့ကြသည်။ 

"ဟိုရောက်ရင်...ကြိုက်သလောက်က.. ကြိုက်သလောက်အော်..ဘာမှမဖြစ်ဘူး၊ အိုးပင်းပဲ တဲ့"

လမ်းတွင် ဇော်ကြီးက သူကြားခဲ့သမျှကို ဖောက်သည်ချနေသေးသည်။ 

"မင့်ဟာက ဟုတ်ရဲ့လားကွာ၊ တော်ကြာ စစ်သားတွေက ဝိုင်းဗျင်းနေလို့ သေဦးမယ်" 

စိုးထွေးက စက်ဘီးခြေနင်းတွင် ပေကျံနေသည့် ခွေးချေးများကို ဖိနပ်ဖြင့် ပွတ်ချရင်း မယုံတဝက် ယုံတဝက်ဖြင့် ဇော်ကြီးကို ပြန်ပြောသည်။

"ဟုတ်တယ်စိုးထွေးရ၊ မနက်က ပြန်လာတဲ့ ကောင်တွေက ပြောပြီးပြီ၊ ဗျင်းဖို့နေနေသာသာ သူတို့ဆီက အာမီရမ်တောင် တိုက်ခဲ့သေးသတဲ့၊ မင်းက အလကားနေရင်း စိတ်ပူနေသေးတယ်၊ ဟိုမှာက တပ်ရင်းမှူးကိုယ်တိုင် အိုးပင်းပေးထားတာ၊ အားလုံးအေးဆေးပဲတဲ့ဟ"

ငဖြိုးကလည်း ဇော်ကြီးဖက်မှ လိုက်ပြောသည်။ စိုးထွေးလည်း ဖိနပ်တဖက်ကို မြက်ခင်းနှင့် ပွတ်တိုက်လိုက်ပြီး စက်ဘီးကိုပြန်၍နင်း သည်။ ခွေးချေးများကိုမမြင်ရတော့သော်လည်း ဖိနပ်က နံနေလိမ့်မည်။ သူ့ဖိနပ်သူ မသတီချင်။

မြို့လေးမှ စစ်တပ်ကုန်းသို့မရောက်မီ လမ်းခုလတ်တွင် ကျန်တောဟူသည့် ရပ်ကွက်တခုရှိသည်။ ထိုရပ်ကွက်တွင် ဂျင်းဖောများနှင့် မြန်မာများ ရောနှောနေထိုင်ကြသည်။ ဂျင်းဖောအိမ်တချို့တွင် ခေါင်ရည်ပြင်းပြင်းနှင့် မီးတောက်အရက်ရသည်။ စိုးထွေးတို့ ခေါင်ရည်ဝင်သောက်ကြသည်။ 

"ကိုင်ရော်ရေ...နောက်တလုံးပေးဟေ့"

"တလုံး တလုံးနဲ့ များနေကြပြီနော်"

ဆိုင်ရှင်ဂျင်းဖောမတယောက်က 'များနေကြပြီနော်' ဟု ပါးစပ်က ဆိုရင်း ခေါင်ရည်ပုလင်းကို သွက်သွက်ချပေး သည်။

"တပ်ကုန်းပေါ်ရောက်လို့ ရေပက်ခံလိုက်ရင် အကုန်ပြေသွားမှာ...၊ နှစ်သစ်ကူးမို့ ချစ်ဦးကိုရှာဖွေ...ဟော့တော့"

စိုးထွေးသည် စားပွဲပေါ်မှခေါင်ရည်ကို မသောက်ဖြစ်သေးဘဲ ပတ်ဝန်းကျင်တွင် ပြောနေဆိုနေ၊ ကနေ ခုန်နေကြသည်များကို ကြည့်နေမိသည်။

"ဟေ့ရောင်...ဘာငိုင်နေတာလဲ ချလေကွာ၊ မင်းသာ ရန်ကုန်မှာနေရင် ဒီလို ပျော်ရမှာမဟုတ်ဘူး။ ရန်ကုန်မှာက သင်္ကြန်ရော ဖြစ်လို့လားကွ"

ငဖြိုးက စိုးထွေးရှေ့သို့ ခေါင်ရည်ထည့်ထားသည့် ဝါးကျည်တောက်လေးကို တွန်းပို့သည်။ 

"ရန်ကုန်သင်္ကြန်ဟုတ်လား...အဲတာငါမသိဘူးလေကွာ၊ ဖြစ်ချင်လည်း ဖြစ်မှာပေါ့ကွ၊ ငါက ဘယ်လိုလုပ်သိမှာလဲ၊ ငါသိတာတော့ သင်္ကြန်သီချင်းအသစ်တွေထွက်ခဲ့တာပဲ သိတာ"

ဇော်ကြီးက ဆိုင်ရှင်ဂျင်းဖောမလေးထံ ချဉ်ဖတ်လှမ်းတောင်းနေသည်။ ဂျင်းဖောမလေးက 'ခဏစောင့်' ဟု လက်ဟန်ပြကာ ကြောင်အိမ်ကြီးပေါ်မှ ကက်ဆက်ခလုတ်ကို နှိပ်လိုက်သည်။

"ဟောဟော... ဟောတော့...ဖျန်းခနဲဆို...."

ကက်ဆက်မှ သီချင်းသံက အသစ်စက်စက်။ 

"နှစ်သစ်ကူးမို့...ချစ်ဦးကို ရှာဖွေ......ဝေါ့....ထွီ"

"နေ့လယ်ဖက်ကြီး ဆန်ပြုတ်ရောင်းတဲ့ကောင်က ရောင်းနေသေးတယ်...ထွီ"

ခေါင်ရည်ဆိုင်လေးထဲမှ စိုးထွေးတို့ ထွက်လာကြသည့်အခါ စစ်တပ်ကုန်းဖက်သွားသည့်လမ်းမကြီးသည် လယ်ကွင်းများကြားထဲတွင်စိုးထွေးတို့ကို မြိုတော့မည့် မြွေကြီးတကောင်လိုစောင့်ကြိုနေသည် ။ 

ကျော်ကျော် မြရည်စမ်း
၂၇/၃/၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar