ကိုအောင်မှိုင်း - ကျနော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - အပိုင်း (၁၂)
ကိုအောင်မှိုင်း - ကျနော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး အပိုင်း (၁၂)
(မိုးမခ) ဧပြီ ၁ ၊ ၂၀၂၂
နွေဦးတော်လှန်ရေးရောက်ရှိရာ အဆင့်သတ်မှတ်ခြင်း
အခန်း - ၃
"တိုက်ပွဲသဏ္ဌာန်ကို ရန်သူက ရွေးချယ်တာ ဖြစ်တယ်''
အာဏာသိမ်းတာကို အာဏာသိမ်းတာလို့ မပြောရဲဘဲ အာဏာထိန်းတာလိုလို ရွေးကောက်ပွဲလုပ် မှာလိုလို မဲစာရင်းစစ်မှာလိုလို ပြောပြီး အလွန်ယုတ်မာကောက်ကျစ်စွာ လိမ်လည်လှည့်ဖြားခဲ့ပေမဲ့ လုပ်ရပ်တွေက လူလိမ်လူညာတွေ လုပ်ရပ်တွေအဖြစ် တချက်ချင်း တချက်ချင်း ထင်ထင်ရှားရှား ပေါ်လွင်လာပြီး မျက်နှာဖုံးအတုကြီးလဲ ချက်ချင်းပွင့်ကျသွားခဲ့ပါတယ်။ လူထုကြားမှာလည်း ဒီလိမ် လည်မှုကြီးက ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကလည်း ကနေ့ခေတ်ရဲ့ မီဒီယာကျေးဇူးတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၈ နာရီမှာ မြဝတီသတင်းဌာနက ၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်း ပွားမှုကို အကြောင်းပြပြီး ယာယီသမ္မတ ဦးမြင့်ဆွေက အာဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲပြောင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ပြောချင်တာက လိမ်လဲလိမ်ချင်သေးတယ်၊ ခါးတောင်းကျိုက်တခြား ဖင်တခြားဆိုတာမျိုး ဖြစ်သွားတော့တာပါ။ ပထမဆုံးမေးခွန်းက ဦးမြင့်ဆွေ ဆိုတာ ဘယ်သူလဲ။ ဘယ်သူက သူ့ကို ယာယီသမ္မတ ခန့်လိုက်တာလဲ။အာဏာသိမ်းတာဆိုရင် ဖွဲ့စည်းပုံပျက်သွားပြီပေါ့။ လူလိမ်မင်းအောင်လှိုင်ကတော့ ဇွတ်ပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာယူတာ ဖြစ်တယ်ဆိုတာကို လိပ်ဂေါင်းထွက်အောင်ပြောပေမဲ့ ပထမဆုံးမေးခွန်းကိုတောင် မဖြေနိုင်တော့တာ တွေ့ရပါတယ်။ ဦးမြင့်ဆွေဆိုတာ ဘယ်ကကောင်လဲ။ သူ့ကို ဘယ်သူက ယာယီသမ္မတ ခန့်တာလဲ ဆိုတာနဲ့တင် မင်းအောင်လှိုင် ပွဲပျက်နေပါပြီ။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု CDM လှုပ်ရှားမှုတွေနဲ့အတူ ဝန်ထမ်းတွေ အလုပ်သမားတွေသပိတ် တွေကနေ မတ်လ ၈ ရက်နေ့မှာတော့ အထွေထွေသပိတ်ကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။
သန်းချီတဲ့ ပြည်သူလူထုကြီးဟာ ရေလှိုင်းကြီးတွေလို တလိပ်လိပ်တက်လာကြတာ ကြောက်ခမန်း လိလိပါပဲ။ ညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း သန္နိဋ္ဌာန်ပြင်းပြခြင်း အနာဂတ်ကို တန်ဖိုးထားခြင်းတွေ နဲ့အတူ လူမျိုးကွဲပြားခြင်း၊ ဘာသာကွဲပြားခြင်း၊ ဆင်းရဲ ချမ်းသာ ကွဲပြားခြင်း အသက်အရွယ်ကွာခြား ခြင်း ပညာတတ်ခြင်း မတတ်ခြင်း စတဲ့ အပေါ်ယံသတ်မှတ်ချက်တွေဟာ နှလုံးသားကလာပြီး တူညီတဲ့ ချစ်ခြင်းမေတ္တာတရားတွေကြားမှာ အရည်ပျော်ကုန်ကြပါတယ်။ အားလုံးဟာ တယောက်ကို တယောက် ချစ်ကြတယ်။ တယောက်ကိုတယောက် စောင့်ရှောက်ကြတယ်။ တယောက်ကို တယောက် ကာကွယ်ကြတယ်။ တကယ့်လောကနိဗ္ဗာန်ဘုံကြီးတခုကို လမ်းမတွေပေါ်မှာ တွေ့လိုက်ရသလို ခံစားခဲ့ကြရပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်တခုကတော့ စစ်တပ်အာဏာသိမ်းတယ် ကြားလိုက်တာနဲ့ ကမ္ဘာအရပ်ရပ်က မြန်မာနိုင်ငံသားတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဆင်းရဲ ချမ်းသာမရွေး၊ အသက်အပိုင်းအခြားမရွေး မြန်မာနိုင်ငံသားများဟာ ကမ္ဘာလမ်းမကြီးတွေပေါ်မှာ ချက်ချင်းပြည့်နှက်သွားခဲ့ပါတယ်။ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းက တောင်ဝင်ရိုးစွန်းထိ ကမ္ဘာ့အရှေ့ခြမ်းက အနောက်ခြမ်းအထိ မြန်မာနိုင်ငံသားတွေ စစ်အာဏာရှင်စနစ် ဆန့်ကျင်လိုက်ကြတာ ကနေ့အထိ မရပ်မနားပါဘဲ။ မိုးကို ဒူးနဲ့တိုက်မယ့် သူရဲကောင်းတွေလို့ ကျနော်တော့ အဲဒီလို ပြောချင်ပါတယ်။ သိပ်လည်း လေးစားမိပါတယ်။
သွေးစွန်းတဲ့ ရက်စွဲများ
ဖေဖော်ဝါရီလ ၇ ရက်၊ ၈ ရက်တွေမှာ ဆန္ဒပြချီတက်ကြတဲ့ စစ်ကြောင်းတွေကို ပိတ်ဆို့မှုတွေရှိနေကြပေမဲ့ လူထုက ထိပ်တိုက်မတိုးအောင် ရှောင်ကွင်းဆန္ဒပြခဲ့ကြပါတယ်။ ၈ ရက်နေ့မှာ မင်းအောင်လှိုင် မိန့်ခွန်းပြောခဲ့ပါတယ်။ စစ်ကောင်စီဖွဲ့တဲ့အထဲမှာ ပါတီတွေက လူတွေကိုပါ ထည့်ဖွဲ့တယ်ဆိုပြီး သိန်းညွန့် တို့၊ ခင်မောင်ဆွေ တို့၊ မန်းငြိမ်းမောင် တို့ကို စကစထဲထည့်ဖွဲ့တာကို ရေးကြီးဂွင်ကျယ်ထည့်ပြောတယ်။ လက်ရှိအစိုးရပေါ်လစီတွေကို မပြင်ဘူးလို့လည်း ပြောတယ်။ မဲစာရင်း စစ်ဆေးပြီးရင် ရွေးကောက်ပွဲပြန်လုပ်မယ်လို့လည်း ပြောတယ်။ ချုပ်ပြောရရင် စစ်အာဏာသိမ်းတာကို ဆက်လုပ်မယ်။ ဆန့်ကျင်သူတွေကို အရေးယူမယ်။ လူထုကို ဖိနှိပ်သတ်ဖြတ်မယ်လို့ စစ်ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြီး ပိတ်ဆို့ ဖြိုခွဲတာတွေ တိုးမြှင့်လုပ်ဆောင် လာ ခဲ့တယ်။ မင်းအောင်လှိုင် မိန့်ခွန်းပြောပြီး နောက်တရက်မှာ လူထုကလည်း အင်အားပိုများလာတာတွေ့ ရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာပဲ နေပြည်တော် သပြေကုန်းဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာ ဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲခဲ့ရာ အသက်၁၉နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်မှာ ဦးခေါင်းကို ကျည်ထိမှန်ခံရပြီး ဖေဖော်ဝါရီလ ၁၉ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်မှာတော့ မန္တလေး ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်လို့ လူ၂ ဦးသေဆုံးပြီး လူ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါတွေက ပစ်ခတ်သတ်ဖြတ်မှုရဲ့ ကနဦး သွေးစွန်းမှုတွေလို့ ဆိုရမယ် ထင်ပါတယ်။
ဒီနေရာမှာ မဖြစ်မနေ ပြောရမယ့် ကိစ္စကြီးကတော့ Gen Z ဆိုတဲ့ နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေ အစုလိုက်အပြုံလိုက် လမ်းမကြီးတွေပေါ် ရောက်လာခဲ့ကြတာပါ။ ကနေ့ ပြောနေကြသလိုပဲ baby boomer , generation X Y Z ကနေ generation alpha အထိ မျိုးဆက်တွေကိုခွဲခြားသတ်မှတ်ကြတာ တွေ့ရပါတယ်။ အမေရိကန်မှာဆို ၁၉၄၆ ကနေ ၁၉၆၄ ကြား မွေးဖွားသူတွေကို Baby Boomers တွေ အဖြစ် သတ်မှတ်ကြပြီး လက်ရှိ အသက် ၅၇ နှစ်ကနေ ၇၅နှစ်ကြားရှိသူတွေ ဖြစ်ပါတယ်။ အမေရိကန်မှာ လူဦးရေ ၇၁.၆ သန်းခန့်ရှိပါတယ်။ နောက် Gen Xတွေကိုတော့ ၁၉၆၅ ကနေ ၁၉၇၉/၈၀ ကြား မွေးဖွားသူတွေကို သတ်မှတ်ကြပြီး လက်ရှိအသက် ၄၁ နှစ်မှ ၅၆ နှစ်ကြားရှိသူတွေ ဖြစ်ကြပါတယ်။ လူဦးရေအရ အမေရိကန်မှာ ၆၅.၂ သန်းခန့် ရှိကြပါတယ်။Gen Y သို့မဟုတ် Millennials များကတော့ ၁၉၈၁ ကနေ ၁၉၉၄/၉၆ ကြား မွေးဖွားသူတွေ ဖြစ်ကြပါတယ်။ လက်ရှိအသက်က ၂၅ နှစ်နဲ့ ၄၀ ကြားတွေ ဖြစ်ကြပြီး အမေရိကန်မှာ ၇၂.၁ သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ—
Gen Y.1 = အသက် ၂၅ နှစ်ကနေ ၂၉ နှစ် (အမေရိကန်မှာ လူဦးရေ ၃၁သန်းခန့်)
Gen Y.2= အသက် ၂၉ နှစ်ကနေ ၃၉ နှစ် (အမေရိကန်မှာ လူဦးရေ ၄၂သန်းခန့်)
ဆိုပြီး ထပ်ခွဲထားပါသေးတယ်။
Gen Z ကတော့ ၁၉၉၇ ကနေ ၂၀၁၂ ကြား မွေးဖွားသူတွေကို သတ်မှတ်ကြတာဖြစ်ပြီး အသက်အားဖြင့် ၉ နှစ်ကနေ ၂၄ နှစ်ထိ ရှိနေသူတွေ ဖြစ်ပါတယ်။ အမေရိကန်မှာ လူဦးရေ ၆၈ သန်းခန့်ရှိပါတယ်။
Gen A ( Gen Alpha ) ကတော့ ၂၀၁၂ တွင် မွေးဖွားသူတွေဖြစ်ကြပြီး အမေရိကန်မှာ လူဦးရေ ၄၈ သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၄.၅၈ သန်းဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံတွင် လူဦးရေကို အသက် (၁၅) နှစ်အောက်အုပ်စု၊ အသက် (၁၅) နှစ်မှ (၆၄) နှစ်အထိအုပ်စုနှင့် အသက် (၆၅) နှစ်နှင့် အထက်အုပ်စုဟူ၍ အသက်အုပ်စုကြီး (၃) ခုခွဲခြားထားတာတွေ့ရပါတယ်။ ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် အသက် (၁၅) နှစ်အောက် လူဦးရေမှာ (၁၄,၃၉၉,၅၆၉) ဦး၊ အသက် (၁၅) နှစ်မှ (၆၄) နှစ်အတွင်း အလုပ်လုပ်နိုင်သည့်အရွယ်လူဦးရေမှာ (၃၂,၉၈၂,၇၆၈) ဦး၊ အသက် (၆၅) နှစ်နှင့်အထက် လူဦးရေမှာ (၂,၈၉၇,၅၆၃) ဦးရှိကြောင်း တွေ့ ရှိ ရပါသည်။ အဆိုပါအုပ်စုကြီးများသည် လူဦးရေစုစုပေါင်း၏ (၂၈.၆) ရာခိုင်နှုန်း၊ (၆၅.၆) ရာခိုင်နှုန်း နှင့် (၅.၈) ရာခိုင်နှုန်း အသီးသီးရှိကြောင်းတွေ့ရှိရမှာ ဖြစ်ပါတယ်။
အချုပ်ပြောရလျှင် ကနေ့ ကျနော်တို့ ရည်ညွန်းနေတဲ့ GenZ ဆိုသူများဟာ မြန်မာနိုင်ငံမှာ လူဦးရေ အများဆုံးဖြစ်ပြီး အများစုမှာ မိဘများနှင့် အတူနေသူတွေဖြစ်ပြီး အနာဂတ်အိပ်မက်လှလှလေးတွေကို မက်ကြရင်း ဂိန်းကစားကြ။ လက်ဖက်ရည်ဆိုင်ထိုင်ကြ၊ ရည်းစားထားကြ စသဖြင့် ကိုယ်စိတ်ဝင်စားတာလေးတွေကို လွတ်လွတ်လပ်လပ် ကိုယ့်အုပ်စုနဲ့ကိုယ် ပျော်ပျော်ပါးပါး လုပ်ကိုင်နေထိုင်နေကြသောအုပ်စုကြီးပင် ဖြစ်ပါတယ်။ ထိုသူတွေဟာ သူတို့အိပ်မက်များ မျှော်လင့်ချက်များ အနာဂတ် စိတ်ကူးများ ရိုက်ချိုးခံလိုက်ကြရသောအခါ ပြင်းထန်ပြီး ပြင်းပြသော လွတ်လပ်လိုစိတ်များနဲ့အတူ လမ်းမများဆီသို့ ခုန်ပျံကျော်လွှားရောက်ရှိလာကြပါတော့တယ်။
နွေဦးတော်လှန်ရေးကြီးမှာ ရဲရင့် တည်ကြည်စွာ၊ သစ္စာရှိစွာ၊ စည်းကမ်းရှိစွာ၊ စည်းလုံးညီညွတ်စွာ စွန့်လွှတ်အနစ်နာခံကာ ပြတ်သားသော သန္နိဋ္ဌာန်များနဲ့ အုပ်စုလိုက် အုပ်စုလိုက် ခုခံတိုက်ခိုက်ပါတော့တယ်။
မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုဟာ ချက်ချင်းဆိုသလို ကျားမြီးဆွဲလိုက်ရတဲ့ အခြေအနေမျိုး ဆိုက်ရောက်သွားခဲ့တော့တာပါပဲဗျာ။
မင်းအောင်လှိုင် ရေတိမ်နစ်ခဲ့ပြီ။
ကိုအောင်မှိုင်း
မတ်လ ၃၁ရက် ၂၀၂၂ ခုနှစ်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar