ကောင်းမြတ်စံ - ပြည်သူ့ ငါးချဉ် ပြည့်သူ့ မုန့်ဖက်ထုပ်
(မိုးမခ) ဧပြီ ၈၊ ၂၀၂၂
ကြာညောင်းကြာရှည်ကိုဗစ်ကပ်ရောဂါကာလ၏ ထိတ်လန့်ဖွယ် ပြင်းရိဖွယ် အခြေအနေတို့ကိုကျော်ဖြတ်ပြီးသည့်နောက် လက်နက်ဖြင့် နိုင်ငံတည်ထောင်ရန်ကြိုးပမ်းသည့် စစ်ဝါဒီများကြောင့် တိုင်းသားပြည်သူအများသည် သွေးလန့် သွေးပျက်ခြင်းများဖြင့် ကြုံတွေ့နေရသောကာလဖြစ်သည်။
ထိုကိုဗစ်ကြီးမပြီးတပြီးအချိန်တွင် တိုင်းရင်းသားဒေသတွင်မက ပြည်မတွင်ပါ စစ်မီးတောက်လောင်သဖြင့် မိသားစုဘဝများစွာမှာ တိုက်စားဖြိုဖျက်ခံခဲ့ရသည်။
လမိုက်ည၏သန်းခေါင်ယံတွင် ပေါ်ပေါက်လာသော အလင်းတိုင်များမှာ တော်လှန်ရေးဖြင့်အသားကျနေသည့် တိုင်းရင်းသားလက်နက်ကိုင် EAOများ ပြည်သူများ၏ရင်သွေး ပြည်သူ့ကာကွယ်ရေးတပ် PDF ပင်ဖြစ်ပါ သည်။
စာဖတ်သူသည် သင်၏နေအိမ်တွင်နေပြီး အွန်လိုင်းဖြင့်စျေးရောင်းခြင်း စျေးဝယ်ခြင်းပြုနေငြားအံ့ စာရေးသူတင်ပြမည့်အကြောင်းအရာများမှာ အသစ်ဖြစ်ပြီး အွန်လိုင်းတွင် မတွေ့မမြင်နိုင်သောစိတ်အားတက်ဖွယ် စိတ် ရွှင်လန်းဖွယ်ဖြစ်စေမည်ဟု ယုံကြည်မိပါသည်။
ငါ့ဝမ်းပူဆာ မနေသာသဖြင့် မခင်နုသည်စျေးခြင်းကိုဆွဲလျက် ရောင်းခြင်းဝယ်ခြင်းပြုနိုင်ရန် တခုသောလိုင်း ကားကိုစီးလျက် တခုသောခရီးကိုစတင်လိုက်သည်။ ခရီးအစမှာပင် ယခင်ကညီညာ ပြန့်ဖြူးမဲမှောင်သောကတ္တရာလမ်းပေါ်တွင် အပေါက်များဖြစ်ပေါ်လျက် တွင်းများဖြစ်ပေါ်လျက် မြေသားများလွင့်စင်လျက်ရှိနေခြင်း ခြောက်တတ် ဟောက်တတ်သောမောင်းပြန်သေနတ်ကိုင်ဆောင်သူများကိုတွေ့ရသောအခါ ဦးခေါင်းမှဆံပင်များထောင်လျက် ကြက်သီးများထလျက် မျက်စိပြူးခဲ့ရသည်။ ယခင်က နေ့ချင်းပေါက်ခရီးများသည် ညအိပ်ခရီးများဖြစ်လာပြီး လမ်းဘေးထမင်းဆိုင်များမှာ ခရီးသွားများ၏ညအိပ်စခန်းများဖြစ်လာသည်။ ဖြတ်ကျော်လာသောမြို့ရွာများတွင် စည်ကားမှုကင်းလျက် ခြောက်ကပ်နေသည်။ မီးလောင်ကျွမ်းသဖြင့် ပြာပုံသာကျန်သည့် နေအိမ်များ ရဲစခန်းများကို လည်းတွေ့မြင်ရသည်။
မခင်နု၏စိတ်အစဉ်သည် စိုးရိမ်ထိတ်လန့်ခြင်းမှမကင်းဝေးနိုင်ဘဲ ပူဆာညစ်နောက်နေရာက တသိုက်ပြီးတသိုက်တွေ့ဆုံလာရသော ပြည်သူ့ရင်သွေး ပြည်သူ့အသက် PDF ဟုဆိုနိုင်သူ လူငယ်လေးများနှင့် တွေ့ဆုံသည့်အခါမှ စိတ်အားတက်ခြင်းဖြင့် မျှော်လင့်ချက်တို့ရှင်သန်လာသည်။ ငယ်ရွယ်သောလူငယ်လေးများသည် ကြမ်းတမ်းသောလက်နက်များကိုကိုင်ဆောင်လျက် စစ်ဆေးမှုများပြုလုပ်နေသည်။ ယဉ်ကျေးပြူငှာခြင်းကို သူတို့မလုပ်နိုင်သော်ကား သင့်အားခြာက်စား ဟောက်စားမလုပ်ခြင်းမှာ သေချာလှသည်။
ရေပါလား ရေပါလား ... ဟူသောမေးခွန်းကြောင့် မခင်နုနှင့် မိန်းမငယ်လေးတဦးတို့ ရေသန့်ဘူးကိုကိုယ်စီကိုင်မိလျက် ပြိုင်တူလက်ဆန့်ပေးမိသောအခါ ...
အန်တီကြီးကလည်း ပေးမယ်ဆိုတာကြီးပဲ၊ ကျတော်တို့က တောင်းစားတဲ့အကောင်တွေမဟုတ်ပါဘူး။ ရေမပါရင် ပေးဖို့ပါ ... ဟုဆိုလာသည့်အတွက် ခရီးသည်တွေပြုံးသွားကြသည်။
ထိုလူငယ်၏စကားတခွန်းသည် မခင်နု၏စိတ်အစဉ်အား တွေးတောစရာ အလုပ်ပေးနေသလို ရင်တွင်းပီတိကြောင့် စိတ်အေးချမ်းမှုခံစားလိုက်ရသည်။
အရောင်းသည်လည်းကောင်း အဝယ်သည်လည်းကောင်း ကောင်းသည်မရှိ ဖြစ်ရုံသက်သက်သာ။ မခင်နုစားသော ထမင်းတနပ်ကဲ့သို့ ထမင်းဖြစ်ရုံ သက်သက်သာရှိသည်။
အပြန်ခရီးတွင် အမြတ်စွန်းမသေချာသည့်ရောင်းရေးဝယ်တာများအတွက် အတွေးမှုံပြပြများဖြင့် စိတ်ပျက်နေမိသည်။ မည်သည့်အိမ်ပြန်လက်ဆောင်အားဝယ်ရန် စိတ်ကူးမရှိသော မခင်နုတယောက် ကားထွက်ခါနီးမှ ငါး ချဉ်နှစ်ထုတ်အား အပြေးလိုက်ဝယ်သည်။
ရှေ့တွင် စစ်ဆေးရေးဂိတ်များဖြတ်ကျော်ရဦးမည်။ စစ်ဆေးရေးဂိတ်တခုတွင် မခင်နုကားပေါ်ကဆင်းကာ ခရီး သည်အများနှင့်ခွဲပြီး ယာဉ်နောက်ပိုင်းသို့အရောက် လက်နက်ကိုင် လူလတ်ပိုင်းတဦးထံ ငါးချဉ်နှစ်ထုတ်ကို ကမ်းပေးလိုက်သည်။
ဘာလဲဒါက ....ဟု ဗမာသံမပေါက် အသံဝဲဝဲမေးလိုက်သည်တွင် ...
ငါးချဉ်ပါ လမ်းကဝယ်လာတာပါ ...ဟု ပြန်ဖြေလိုက်ပြီး ကုပ်ကုပ်သာနေမိသည်။
အစစ်အဆေးပြုလုပ်နေသူတွေထဲက ဦးဆောင်သူထင်ရသည့် ရုပ်ရှင်တွေထဲကလူကြမ်းမင်းသားဟန်ပန်ရှိသူမှာ သူ့နားတွင် ပုံထားသော မုန့်ထုတ်များထဲက မုန့်ဖက်ထုပ် ပါကြွပ်ကြွပ်အိပ်ကိုဆွဲပြီး ခုံပေါ်ချပေးရင်း ...
လာယူစားကြ၊ ပြည်သူတွေလှူထားတာ၊ ဒီမှာရေဗူးတွေ လိုရင်လာယူသွား ...ဟု ဆိုလိုက်သည်။
ဘယ်မြို့ကလာကြသလဲဟုမေးမြန်းရင်း တော်လှန်ရေးအောင်ပြီးရင် ခင်ဗျားတို့မြို့ကိုလာလည်မည်ဟု တဦးကဆိုသည်။ ခရီးသွား ပြည်သူများ မုန့်ဖက်ထုပ်ယူစားကြရင်း စစ်မေးမြန်းမှုကို အပြုံးတဝက်ဖြင့်ဖြေဆိုကြသည်။
ခရီးသည်တွေ ကားပေါ်ပြန်တက်လို့ရပြီ ဟု ပြောကြားလိုက်သဖြင့် အားလုံးယာဥ်ပေါ်ပြန်တက်ကြသည်။ မခင်နုစိတ်ထဲ သည်တခါတွေးမိသည်ကတော့ ...
ပြည်သူ့ငါးချဉ်သည် ပြည်သူ့မုန့်ဖက်ထုပ်ဖြင့် တခုသောနေရာတွင် မထင်မှတ်ဘဲ ဆုံမိကြသည့်အကြောင်းသာလျင် ဖြစ်ပေတော့၏။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
