Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၇ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၇ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၈၊ ၂၀၂၂

◾️ ဗဟိုဘဏ် ဒု-ဥက္ကဌ သေနတ်နဲ့ပစ်ခံရ၊ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်နဲ့ ဆက်စပ်နေသလား 
ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အိမ်ယာတိုက်ခန်းတခုမှာ နေထိုင်တဲ့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို အများအခေါ်  PDF လို့ခေါ်တဲ့ မြို့ပေါ်မှာလှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့က အိမ်တံခါးဝထိ လာရောက်ကာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ အစောပိုင်းမှာ သေဆုံးသွားပြီလို့ အချို့သတင်းဖေါ်ပြမှုတွေမှာ ရေးသားဖေါ်ပြကြပေမယ့် နောက်ပိုင်းမှာတော့ အသက်သေဆုံးတဲ့အထိ စိုးရိမ်စရာမရှိဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။ 

ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူက ရန်ကုန်မြို့ရဲ့ အများနေထိုင်တဲ့ ပုဂ္ဂလိကတိုက်ခန်းတခန်းမှာနေထိုင်နေတာမို့လို့ လုပ်ကြံသတ်ဖြတ်မယ်ဆို လွယ်ကူတဲ့အနေအထားရှိတာ ဖြစ်ပါတယ်။ 

အခုရက်ပိုင်းမှာ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ပြည်ပမှဘဏ်စာရင်းထဲ ဝင်ရောက်လာတဲ့ နိုင်ငံခြားငွေတွေကို ၂၄ နာရီအတွင်း မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့နောက် ရက်အနည်းငယ်အကြာမှာ အခုလို ဒု-ဥက္ကဋ္ဌ  ၂ ဦးရှိတဲ့အနက်က ၁ ဦးဖြစ်သူ ဒေါ်သန်းသန်းဆွေ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ 

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဂယက်ရိုက်ခတ်မှုရှိတာအမှန်ပဲ ဖြစ်ပါတယ်။ ပို့ကုန် လုပ်ငန်းနဲ့ သွင်းကုန်လုပ်ငန်းတွေကို တိုက်ရိုက်သက်ရောက်မှုရှိမှာဖြစ်ပြီး အခြားသော နိုင်ငံတကာအန်ဂျီအိုတွေ ပြည်ပငွေကြေး အကောင့်ဖွင့်ထားတဲ့ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းတွေ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သင်္ဘောသားတို့လို တဦးချင်းတွေရဲ့ ဘဏ်စာရင်းတွေနဲ့ ပြည်တွင်းမှာ နိုင်ငံခြားငွေစာရင်းဖွင့်ထားတဲ့ နိုင်ငံ တကာကုမ္ပဏီတွေအထိ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြတ်လတ်လာတာကြောင့် အခုလို တလအချိန်ကန့်သတ်ထားရာက ၁ ရက်အတွင်း မြန်မာကျပ်ငွေပြောင်းဖို့ အမိန့်ထုတ်လိုက်တာလို့ အချို့က ကောက်ချက်ချကြပြီး စျေးကွက်ရဲ့ နှုန်းထားကို စျေးကွက်ကဆုံး ဖြတ်စေတာမဟုတ်ပဲ ထိန်းချုပ်သတ်မှတ်တာမျိုးဟာ မှောင်ခိုစျေးကွက်ပေါ်လာဖို့ အားပေးသလို ဖြစ်စေပြီး မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာလို့ ကောက်ချက်ချကြပါတယ်။ 

အခုလို စီးပွားရေးနယ်ပယ်ကလုပ်ငန်းရှင်တွေ မလိုလားတဲ့အမိန့်ထုတ်တဲ့ ဗဟိုဘဏ်ရဲ့ ဒု-ဥက္ကဋ္ဌ တယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ လုပ် ဆောင်လာတာဟာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်သက်သက်ပဲလား (သို့ မဟုတ်) စီးပွားရေးလောကရဲ့ ပယောဂပါနိုင်သလားဆိုတဲ့ သံသယ ယူဆချက်တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

ဒီလို ဖိအားပေးတဲ့နည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့နည်းနဲ့ စစ်ကောင်စီရဲ့ ငွေကြေးဆိုင်ရာပေါ်လစီမူဝါဒကို ပုံသွင်းဖို့ကြိုးစားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ 

စစ်ကောင်စီနဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ အသီးသီးသောလက်နက်ကိုင်ဆောင်ထားပြီး လုပ်ကြံသတ်ဖြတ်မှုတွေကိုလုပ်ဆောင်တဲ့ အခုလို မြို့ပြပျောက်ကြားအဖွဲ့တွေ အနေနဲ့ အရပ်သားပစ်မှတ်၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်တဲ့ ပစ်မှတ်တွေကို လုပ်ကြံသတ်ဖြတ်တာ၊ အမျိုးသမီးဖြစ်သူကိုလုပ်ကြံသတ်ဖြတ်တာတွေဟာ ရေရှည်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲဆိုတာလည်း ပြန်လည်သုံးသပ်စရာတွေ ရှိနိုင်ပါတယ်။ 

ဒီနေ့သတင်းတွေထဲ အခြားသော စိတ်ဝင်စားစရာသတင်းတပုဒ်ကတော့ PDF တွေကို ကူညီထောက်ပံ့နေတယ်လို့ စွပ်စွဲချက်နဲ့ မိခင်ဖြစ်သူကို ဖမ်းဆီးပြီးနောက် နာရီပိုင်းအတွင်း အသက် ၃ နှစ် အရွယ်သားဖြစ်သူကို မူကြိုမှာ စစ်ကောင်စီတပ်တွေက အရပ်ဝတ်နဲ့ သွားရောက်ကာ အတင်းအဓမ္မခေါ်ဆောင်သွားတဲ့ သတင်းဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ အစောပိုင်းမှာတော့ အမေကို ဖမ်းမမိလို့ အသက် ၃ နှစ်အရွယ် သားကိုမူကြိုမှာ သွားဖမ်းပြီး ဓါးစာခံလုပ်တယ်ဆိုတဲ့သတင်းမျိုး ဆိုရှယ်မီဒီယာမှာရေးသားကြပြီး နောက်ပိုင်းမှာတော့ အမေဖြစ်သူဖမ်းဆီးခံရပြီးနောက်မှာ သားဖြစ်သူကို မူကြိုမှာ သွားရောက်ခေါ်ဆောင်တာလို့ သတင်းတချို့မှာ ဖေါ်ပြကြတာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်က ရန်ကုန်မြို့ အလုံမြို့နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သားဖြစ်သူနဲ့ အမေဖြစ်သူ အတူတူထားသလား ဘယ်လိုဆက်လက်လုပ်ဆောင်သလဲဆိုတဲ့ နောက်ဆက်တွဲအခြေအနေတွေတော့ မသိရှိရသေးပါဘူး။ 

ဒီနေ့အဖို့အခြားသော သတင်းတပုဒ်ကတော့ ပေါက်မြို့နယ်မှာ ကပစ လို့အတိုကောက်ခေါ်တဲ့ စစ်ပစ္စည်းထုတ် လုပ်ရေးစက်ရုံက ပစ္စည်းတင်လာတဲ့ ကုန်တင်တွဲကားနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ပါ ပျောက်ဆုံးသွားတဲ့ သတင်းထွက်ပေါ်ပြီးနောက်မှာ အဲဒီဒေသက PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ကာ အဆို ပါ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရာမှာသုံးတဲ့ ကုန်ကြမ်း (သို့မဟုတ်) ဘေးထွက်ပစ္စည်းတွေကို ထိန်းချုပ်ထားလိုက်တယ်လို့ သတင်းတွေဖေါ်ပြကြပြီး စစ်ကောင်စီတပ်တွေက လေကြောင်းက အကူအညီနဲ့ပါ PDF တွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

ပေါက်မြို့နယ်ဟာ မကွေးတိုင်း အထက်ပိုင်းဖြစ်ပြီး ပခုက္ကူခရိုင်ထဲမှာရှိကာ လက်ရှိ PDF တွေအားကောင်းတဲ့ မြိုင်မြို့နယ်၊ ထီးလင်း၊ ယော စတဲ့ မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ မြို့နယ် တမြို့နယ်ဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar