Breaking News

ရဲသျှမ်း- ဆရာတင့်ခိုင်ဘာပြန်တဲ့ အီဆွတ်ပုံပြင်များ စာအုပ်ခံစားမှု

ဆရာတင့်ခိုင်ဘာပြန်တဲ့ အီဆွတ်ပုံပြင်များ စာအုပ်ခံစားမှု
ရဲသျှမ်း
(မိုးမခ) ဧပြီ ၈၊ ၂၀၂၂

ကျွန်တော်တို့ကလေးဘဝမှာ ပုံပြင်တွေနဲ့ရင်းနှီးခဲ့တယ်။ ပုံပြင်တွေထဲမှာ စွဲလန်းမှတ်မိနေတဲ့ပုံပြင်တွေ အများကြီးပါပဲ။ ဒေါင်းယောင်ဆောင်တဲ့ကျီး၊ မြေခွေးနဲ့ ငှက်ကြား၊ စကားများတဲ့လိပ်၊ သိုးကျောင်းသားနဲ့ ဝံပုလွေ၊ ယုန်နဲ့လိပ်၊ မြေခွေးနဲ့ ကျီးကန်း...စတာတွေဆိုရင် ကျောင်းသင်ခန်းစာမှာတောင် ပါခဲ့တာပါ။ သည်ပုံပြင်တွေဟာ ဂရိလူမျိုး အီဆွတ်ရေးခဲ့တာဖြစ်ပါတယ်။ ကိုယ်ခန္ဓာအချိုးမကျ၊ ရုပ်ဆိုးအကျည်းတန်ပေမဲ့ ဉာဏ်ရည်မြင့်သူဖြစ်ပါတယ်။
 သူက ပုံပြင်ပေါင်း ၇၂၅ ပုဒ်ရေးခဲ့တယ်လို့ မှတ်သားမိတယ်။ အီဆွတ်ပုံပြင်တွေအများစုက တိရစ္ဆာန်တွေအကြောင်းများပေမဲ့ လူ့သဘာဝ စရိုက်တွေကို ရေးသွားတာဆိုတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ 

စိတ်ဝင်စားစရာကောင်းလှတဲ့အီဆွတ်ပုံပြင်တွေက တိုတိုလေးနဲ့ထိမိပြီး သရုပ်ပေါ်လွန်းတာဆိုတော့ ဖတ်ရတာအီမသွားဘူး။ သည်ဘက်ခေတ်ရေးလာကြတဲ့ micro fiction တွေလိုပဲ အတွေးကို ချဲ့လို့ရတယ်။
ကလေးစာပေကို တစိုက်မတ်မတ်အားထုတ်ရေးနေနဲ့ ဆရာတင့်ခိုင်က ကမ္ဘာကျော်အီဆွတ်ပုံပြင်များကို ရွေးချယ်စုစည်းဘာသာပြန်ပေးထားတဲ့ စာအုပ်လေးဖတ်ရလို့ မျှဝေပါရစေ။
အခုစာအုပ်မှာ ပုံပြင်ပေါင်း ၁၆၆ ပုဒ် ပါဝင်ပါတယ်။ ကလေးတွေဖတ်ပြီး သင်ခန်းစာယူရမှာတင်မဟုတ်ဘဲ စာဖတ်သူတွေ အတွေးပွားစရာမို့ ဖတ်စေချင်လိုက်တာလို့ ပြောချင်တယ်။
ပုံပြင်လေးတပုဒ်ဖတ်ကြည့်ပါလား။ ပြီးတော့ တွေးကြည့်လေ။

ငှက်
တောကောင်ကြီးနဲ့ လင်းနို့

ငှက်တွေနဲ့တောကောင်ကြီးတွေဟာ အပေးအယူမတည့်ကြလို့ မျိုးနွယ်စုတစုနဲ့တစုတိုက်ခိုက်ရန် စစ်ကြေညာလိုက်ကြပါတယ်။ စစ်ပွဲမှာ သူတို့ဟာ သူတို့ရဲ့လက်နက်ဖြစ်တဲ့ သွားနဲ့ခြေသည်း၊ လက်သည်းတွေကိုသုံးပြီး တိုက်ခိုက်ကြပါတယ်။ မြေခွေးတွေက ငန်းတွေကို နှိပ်စက်ညှဉ်းပန်းကြတယ်။ အကောင်ကြီးတွေက သူတို့မှာ တိုက်ခိုက်ဖို့အကြောင်းတွေရှိတယ်။ လင်းယုန်က ယုန်ကလေးတွေကို ကုပ်ချီသွားတယ်။ ဇီးကွက်က ကြွက်တွေကို နေ့တိုင်းစားတယ်။
တိုက်ပွဲက ကြောက်စရာကောင်းလာတယ်။ယုန်တွေ၊ ကြွက်တွေအများကြီး သေကြတယ်။ ကြက်နဲ့ငန်းတွေကလည်း အစုလိုက်အပြုံလိုက် သေကြတယ်။ အောင်နိုင်သူတွေက သူတို့ စားဖို့အတွက် စစ်ပွဲကိုရပ်ဆိုင်းလိုက်တယ်။
အခုလိုဖြစ်နေတဲ့အချိန်မှာ လင်းနို့တွေကတော့ ဘယ်ဘက်မှမပါဘူး။ သူတို့က သိပ်ပါးနပ်ပါတယ်။ အဲဒါကြောင့် ငှက်တွေဘက်က အားသာနေတဲ့အချိန်မှာဆိုရင် သူတို့ ငှက်ထဲမှာနေ ပါနေတယ်။ အင်အားကြီးတွေဘက်က အားသာနေတဲ့အချိန်ဆို ချက်ချင်းအဲဒီကောင်ကြီးတွေဘက် ရောက်သွားတယ်။

စစ်ပွဲပြီးသွားတဲ့အခါ လင်းနို့ကပဲဦးစီးဦးရွက်ပြုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲညီလာခံခေါ်ယူခဲ့တယ်။ သူ့မရိုးသားမှုက ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာအကြောင်းမရှိလို့ ငှက်ရော၊ တောကောင်တွေပါ သူ့ကိုမောင်းထုတ်လိုက်ကြတယ်။

အဲဒီကတည်းက လင်းနို့တွေဟာ လူသူကင်းမဲ့ပြီး မှောင်မည်းနေတဲ့မျှော်စင်တွေမှာ ပုန်းအောင်းနေရပြီး ညမှပဲအစာရှာ ထွက်ရတော့တယ်။ 
သင်ခန်းစာ။ ။ မရိုးသားသူများအဖို့ မိတ်ဆွေမရှိပါဘူး။ [ The Birds, The Beasts And The Bat ]
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar