Breaking News

ကိုလူမိုဃ်း - ရေလောင်းခံရခြင်း

ကိုလူမိုဃ်း - ရေလောင်းခံရခြင်း
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၂
 
(၁) 
ဂျင်းထည့်တယ်ဆိုတဲ့အသုံးနဲ့ တူတာ နောက်ထပ် စကားလုံးတစ်မျိုး ရှိတယ်။ "ရေလောင်းတယ်" လို့ သုံးကြတယ်။ အပြင်မှာတုန်းက ဒီစကားလုံးကို သတိမထားမိခဲ့ပေမဲ့ ထောင်ထဲရောက်မှ ကျနော်လည်း မနှစ်က ဒီလိုသင်္ကြန်နားနီးချိန်မှာ စကြားခဲ့ဖူးတယ်။ ကျနော်တို့အုပ်စု မတ် ၂၇ ရက်နေ့က အဖမ်းခံခဲ့ကြရပြီး စစ်ကြောရေးပြီးလို့ အင်းစိန်ထောင် (သီးသန့်) ကိုရောက်ခါစ ပထမရက်များလို့ပြောရင်လည်း ရပါတယ်။ မတ်လဆန်းတုန်းက ကျောက်မြောင်းနဲ့ မြောက်ဥက္ကလာပမှာ ရာချီပြီး အဖမ်းခံခဲ့ကြရသူတွေထဲက အများစုကို မတ် ၂၄ နဲ့ ၂၆ ရက်တွေမှာ ပြန်လွှတ်ပေးထားတော့ ကျနော်တို့တစ်တွေလည်း ရက်အနည်းငယ် အချုပ်ခံပြီးရင် ပြန်လွှတ်ပေးလိမ့်မယ်လို့ပဲ ထင်ထားမိတယ်။ ကိုယ်တွေက လမ်းပေါ်ထွက် ဆန္ဒပြရုံပဲရှိတာ၊ တုတ်၊ ဓါး၊ မိုလိုတော့ဗ် စတဲ့ ခုခံလက်နက်လို တစိုးတစိမှ မပါတာကြောင့် ပုဒ်မတပ်ထောင်ချနိုင်မယ် မထင်ဘူးလို့ ခပ်ဖော့ဖော့ပဲ တွေးခဲ့တာပေါ့။ အဲသည်အတွေးကပဲ ရေလောင်းခံရခြင်း ဖြစ်ဖို့ စတည်တယ် ဆိုရမှာပါပဲ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ စစ်တပ်အပေါ် အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေကို ဆိုင်ရာရဲစခန်းက တရားစွဲပြီး ထောင်ချလို့ရအောင် ပြင်ဆင်ထားနှင့်ပြီး ဖြစ်လို့ပါ။

ကျနော်လည်း ထောင်ထဲရောက်တာ တစ်ပတ်ဆယ်ရက် ရှိပြီဆိုတော့ ထောင်နေသားကျပြီလို့ ဆိုရမှာပေါ့။ မနက် ၅ နာရီအိပ်ရာထ၊ ပုံစံထိုင် လူစစ်၊ ရေနွေးလာပို့ရင် ကော်ဖီသောက်၊ အဆောင်ဖွင့်ရင် လမ်းထွက်လျှောက်၊ မိတ်ဆွေသစ်တွေနဲ့ စကားဝိုင်းဖွဲ့၊ ရေချိုး၊ ထမင်းစား၊ နေ့လယ်ပိုင်း အဆောင်ပိတ်ချိန် တရေးတမော အိပ်ချင်အိပ်၊ စာဖတ်ချင်ဖတ်၊ မွန်းလွဲ ၂ နာရီ အဆောင်ဖွင့်ချိန် အပြင်ထွက်၊ စေတီဘက်ထွက် စကားဝိုင်းဖွဲ့၊ ညနေဘက် ရေချိုးခါနီး ခြင်းလေးဘာလေးခတ်၊ နေပြင်းတဲ့ရာသီဆိုတော့ လူများလာလို့ ရေကမနိုင်ချင်၊ ရေလုချိုးကြရ၊ ညနေစာစား၊ ၅ နာရီခွဲ အဆောင်ပိတ်၊ ၆ နာရီ ပုံစံထိုင် လူစစ်၊ ၇ နာရီ ဘုရားရှိခိုး၊ ည ၉ နာရီ ခေါင်းချ။ အဲဒါကတော့ ကျနော်တို့ ထောင်ထဲနေရတဲ့ နေ့စဥ်အချိန်ဇယားပဲ ဖြစ်ပါတယ်။ 

အကျဥ်းသား/အချုပ်သားများ လိုက်နာရန် စည်းကမ်း ၁၈ ချက်ကို ရောက်ခါစက မဆိုရသေးဘူး။ ဧပြီလဆန်း တစ်ပတ်ဝန်းကျင်လောက်မှာ အခန်းသူကြီးက စာရွက်တစ်ရွက်ယူလာပြီး အဆောင်ပိတ်ချိန် အဆောင်မှူး လူစစ်ပြီးရင် ရွတ်ဆိုရမယ့်အကြောင်းပြောတယ်။ ညနေ လူစစ်ပြီးလို့ အဆောင်မှူးပြန်ထွက်သွားချိန်မှာ သူကြီးက၊ ဒါမှမဟုတ် ကျနော်တို့ ၅၀၅-က အချုပ်သားတွေထဲက အသံအောင်တဲ့ တစ်ယောက်ယောက်ကို ရှေ့က တိုင်ခိုင်းပြီး ကျန်သူတွေက နောက်ကလိုက်ဆိုစေတယ်။ အခန်းသူကြီးကလည်း အဆင်ပြေသလို ကျော်ခွဆို ရတယ်လို့ ပြောတယ်။ ဒီတော့ ၁၈ ချက်မှာ လွန်ရောကျွံရော ၁၀ ချက်လောက်ပဲ ဆိုကြတယ်။ ကျနော်ကတော့ ဘယ်တော့မှ လိုက်မဆိုပါ။ တိတိကျကျပြောရရင် တစ်ချက်မှကို လိုက်မဆိုဖူးဘူး။ ပြောရရင် ကျနော်တို့က စပြီး အကစကဘဲတွေကို "ရေလောင်း" တယ်လို့ ဆိုရမှာပါ။ 

(၂)
သင်္ကြန်နားနီးလာတော့ ပိုက်ကျော်ခြင်းပြိုင်ပွဲလုပ်ပေးမယ်၊ သင်္ကြန်ရက်တွေမှာ အအေး မုန့်လုံးရေပေါ် စသည် စတုဒီသာကျွေးမယ်ဆိုတဲ့သတင်းစကားကို အဆောင်မှူးက တစ်ညနေ အဆောင်ပိတ်ချိန်မှာ ပြောတယ်။ ၁ ဆောင်နဲ့ ၄ ဆောင် ပေါင်းပြီးလုပ်မယ့် ပိုက်ကျော်ခြင်းပြိုင်ပွဲက ပျက်သွားတယ်။ အကြောင်းကတော့ ကျနော်တို့ ၄ ဆောင် ၆ ခန်းက အကစရဲ့ ပြယုဂ်ကောင်းဖြစ်စေမယ့်လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်ကြဖို့ ဆုံးဖြတ်စည်းရုံးလိုက်လို့ပါပဲ။ နေ့စဥ် အလွတ်သဘော မိမိတို့ဘာသာ ဝိုင်းခြင်းခတ်ကြ၊ ပိုက်ကျော်ခြင်း ခတ်ကြတာက တစ်ပိုင်း။ သူတို့ဦးဆောင်စီစဥ်တာကို မလိုက်နာတာက တစ်ပိုင်း၊ မတူဘူး။ ပြောရရင် တဖြည်းဖြည်းနဲ့ ၅၀၅-က အချုပ်သားတွေများလာလို့ သူတို့ရဲ့အနည်းငယ်မျှသာရှိတဲ့ အကစဝန်ထမ်းတွေက ချုပ်ကိုင်ဖို့ကြိုးစားလာတဲ့ အပျော့ဆွဲတစ်ခုမို့ပါ။ တစ်ညနေမှာတော့ အဆောင်မှူးက ကျနော်တို့ ၅၀၅-ကတွေကို "ရေလောင်း" သွားပါတယ်။ ကိုယ့်နိုင်ငံရေးယုံကြည်ချက်ကြောင့် ခဏတစ်ဖြုတ် ထိန်းသိမ်းခံကြရတာဖြစ်လို့ လာမယ့်နှစ်ဆန်း တစ်ရက်နေ့ကျရင်တော့ ကံကောင်းသူတွေရှိလာနိုင်ကြောင်း အရိပ်အမြွက်မျှပြောပြီး ရေလောင်းသွားပါတယ်။ အဲသမှာ "ရေလောင်းတယ်" ဆိုတဲ့ အသုံးအနှုန်းကို စကြားဖူးလိုက်ရတာပါပဲ။

သင်္ကြန်အကြိုနေ့ကစပြီး အချိုရည်တိုက်တာတို့၊ မုန့်ကျွေးတာတို့ လုပ်ပါတယ်။ အဲသလို စတုဒီသာအလှူလုပ်ဖို့ လိုအပ်တဲ့ငွေကြေးကိုတော့ ၅၀၅-က တွေထဲက တတ်နိုင်သူတွေရဲ့ လှူဒါန်းမှုကရပါတယ်။ "သူကြီးဘုရား ရွာသားကောင်းမှု" သဘောအတိုင်းမျှပါပဲ။ သင်္ကြန်အကြိုနေ့အစမှာပဲ မောင်မဲတို့ ၄ ဆောင် ၆ ခန်းက ဥပုသ်စောင့်ကြမယ်၊ အဆောင်ပြင်လည်း မထွက်ကြ၊ သူတို့ဝေတဲ့ အချိုရည် မုန့်စတာတွေကိုလည်း မယူမစားကြဘဲ strike လုပ်ကြတယ်။

ထမင်းစားပြီးချိန် နံနက် ၁၀ ဝန်းကျင်လောက်မှာ သီလယူကြတယ်။ သန်လျင်က အသက် ၇၁ နှစ်အရွယ် ဦးမြင့်ဦးက သီလပေးတရား တိုင်ပေးပါတယ်။ (ဦးမြင့်ဦးဟာ ဆီချိုရောဂါရှိတာကလွဲလို့ ကျန်းမာကြံ့ခိုင်သူတစ်ယောက်ဖြစ်ပေမဲ့ ဇူလိုင်လကုန်ပိုင်းဝန်းကျင်မှာ ကိုဗစ်နိုင်တင်းနဲ့ ထောင်တွင်းမှာပဲ ဆုံးပါးသွားကြောင်း ဝမ်းနည်းစွာ သိရပါတယ်)။ သီလပေးတရားဆုံးခါနီးမှာ ဦးစီးအရာရှိလို့ခေါ်တဲ့ သုံးပွင့်နဲ့ အကစဝန်ထမ်းဟာ ရှူးရှူးရှဲရှဲနဲ့ ဒေါသတကြီး ပေါက်ချလာပါတယ်။ "ဒါ ဘယ်သူအမိန့်နဲ့လုပ်တာလဲ" ဘာညာနဲ့ ထုံးစံအတိုင်း ဘယ်သူခေါင်းဆောင်လဲဆိုပြီး ဖြဲပါတော့တယ်။ ကျနော်တို့တစ်တွေမှာ သာဓုတောင် မခေါ်လိုက်ကြရပါဘူး။ ဥပုသ်စောင့် သီလယူကြသူ အမည်စာရင်းကိုလည်း ကောက်ယူပါတယ်။ 

အဲသမှာ လေအေးအေးနဲ့ပြောတတ်တဲ့တစ်ယောက်က ရှေ့ထွက်ပြီး ဖြေရှင်းပါတယ်။ မနေ့ညနေက အဆောင် မှူးထံမှာ ခွင့်ပြုချက်တောင်းပြီး သင်္ကြန်တွင်း သီလယူကြတဲ့အကြောင်း ရှင်းပြလိုက်တယ်။ အစားအသောက်တွေ မယူမစားကြတာကကော ဘာသဘောလဲလို့ ထပ်ပြီးအငေါ်တူးပါသေးတယ်။ ဝမ်းမကောင်းလို့ပါ ဘာညာရွီရှောင်လုပ် ပြောရတယ်။ အကစသုံးပွင့်ဘဲလည်း အပြစ်ယူလောက်စရာ သိပ်မတွေ့တော့ အကြောလျော့သွားတယ်။ မောင်မဲတို့ ၄ ဆောင်၊ ၆ ခန်းကိုတော့ 'တေး' ထားလိုက်ပုံရပါတယ်။ သူ့ကို ကျနော်တို့အခန်းက ရေဝိုင်းလောင်းလိုက်ကြတာကိုး။

(၃)
သင်္ကြန်တွင်း ရုံးပိတ်ရက်မတိုင်မီမှာ ထောင်တွင်းတရားရုံးတွေက မာရှယ်လောထုတ်ထားတဲ့ ၆ မြို့နယ်က ၅၀၅-ကတွေကို စစ်ခုံရုံးအမိန့်နဲ့ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ် တန်းချနေပါပြီ။ အစပိုင်းတုန်းကတော့ ရုံးချိန်းသွားသူတွေ ညနေဘက် အချိန်တိုင်လို့မှ ပြန်ရောက်မလာကြရင် လွတ်သွားကြပြီထင်ပြီး ကျန်ရစ်သူတွေက ဝမ်းသာကြရတယ်။ အကစဝါဒါတွေကို စနည်းနာကြည့်တော့ လွှတ်ပေးသလိုလို ဘာလိုလို မရေမရာပြောပြီး ရေလောင်းတတ်ပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ စစ်ခုံရုံးကအမိန့်ချပြီး ထောင်မကြီးကို တန်းပို့လိုက်တာ ဖြစ်ပါတယ်။ တချို့သူတွေဆိုရင် ရုံးချိန်းထွက်ပြီးလို့ ကိုယ့်အခန်းကိုပြန်ရောက်ပြီးကာမှ တန်းမပိတ်ခင် အချိန်ပိုင်းလေးတွင် လာပြန်ခေါ်ထုတ်ပြီး ထောင်မကြီးကို ပို့လိုက်ကြပါတယ်။ 

ရုံးချိန်းရက်ကျတဲ့ တစ်ရက်သားမှာ ကျနော်တို့ ၄ ဆောင်၊ ၆ ခန်းက တစ်ယောက်ကို မိုးကြီးစုပ်စုပ်ချုပ်မှ အကစဝန်ထမ်းက လာခေါ်ပါတယ်။ သူက မာရှယ်လောဧရိယာထဲပါတဲ့ မြောက်ဒဂုံကဆိုတော့ ထောင်မကြီးကိုပို့မယ်ဆိုတာ ကျနော်တို့တွေရိပ်မိနေပါပြီ။ သည်တော့ သူ့ကို တစ်ခန်းလုံးနီးနီးက ဝိုင်းနှုတ်ဆက်ကြတာပေါ့။ သူကလည်း လူချစ်လူခင်များတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ရင်းနှီးခင်မင်သူတွေက ပွေ့ဖက်နှစ်သိမ့် အားပေးကြတယ်။ မထိန်းသိမ်းနိုင်တော့တဲ့ အချိန်အခိုက်အတန့်တစ်ခုအရောက်မှာ လက်ခုပ်လက်ဝါးတီးလိုက်တဲ့အသံက အတော်လေး ကျယ်လောင်သွားပါတယ်။ အခြားအခန်းတွေဆီပါကူးစက်ပြီး အုတ်အုတ်ကျက်ကျက် ဖြစ်သွားတဲ့ အသံဗလံတွေကြောင့် အကစသုံးပွင့်ဘဲလည်း ပေါက်ချလာတယ်။ ခံစားပေါက်ကွဲနေတဲ့တစ်ယောက်နဲ့ အကစသုံးပွင့်ဘဲ စကားအခြေအတင်ဖြစ်ပြီး အငြိအစွန်း အတေးအမှတ် နောက်ထပ်တစ်ခု ဖြစ်သွားပါတယ်။ ထိုအငြိအစွန်း အတေးအမှတ်ဟာ ကျနော်တို့တစ်ခန်းလုံး အဆောင်ပြောင်းရွှေ့တဲ့အထိ အပြစ်ပေးခံရခြင်းဆီသို့ စုတေထားခဲ့တာကိုတော့ ကျနော်တို့ မသိရှိခဲ့ကြပါ။

ကိုလူမိုဃ်း

မှတ်ချက်- ရေလောင်းခံရခြင်း (၂) ဆက်ပါဦးမည်။

သရုပ်ဖော်ပုံသည် လတ်တလော နိုင်ငံတကာမီဒီယာများတွင် ပျံ့နှံ့နေပြီဖြစ်သည့် ၂၀၂၁ ခုနှစ်အတွင်းက အင်းစိန်ထောင်တွင်း သရုပ်ဖော်ပုံကြမ်းဖြစ်သည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar