Breaking News

နေချိုသွေး - တော်လှန်မိုး

နေချိုသွေး - တော်လှန်မိုး
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၂

“နေခြည်နုနုမှာ နေ့သစ်ရဲ့ အရုဏ်ဦးတိုင်း
စိတ်ကြည်နူးဖွယ်ရာ
နိုးထလာပါစေ...။

တဖွဲ့ဖွဲ့ရွာနေတဲ့ မိုး‌ရေ‌တွေအောက်မှာ
မိုးဆမ်းပန်းတွေ ငွားငွားစွင့်စွင့်
ပွင့်လန်းလာပါ‌စေ...။‌

မြက်သစ်ပင်လေးတွေပေါ်မှာ
မိုးစက်လေးတွေ ယိမ်းနွဲ့ခိုလို့
ရွှင်မြူး‌‌ပျော်ခွင့် ရပါစေ...။

ပူပြင်းခြောက်သွေ့လွန်းတဲ့ကာလဆို‌တော့
မိုးကို မျှော်မိတယ်...။

ထန်ပြင်းတဲ့ အပူတွေကြောင့်
အပင်ကလေးတွေ အညှောင့်မပေါက်နိုင်တာ ကြာ‌နေပြီ...။

အပူ ငြိမ်းအေးစေဖို့
မိုး‌စက်မိုး‌ပေါက်‌တွေ
သည်းသည်းထန်ထန် ရွာသွန်းဖြိုးကျရောက်လာမယ့်
တော်လှန်မိုးကို မျှော်မိတယ်...”

မိုးကိုမျှော်ရင်း ရှင်သန်နေထိုင်ရာ မြို့လေးထဲကနေ တောလမ်းလေးအတိုင်း ထွက်လာခဲ့ပါသည်။ ပတ်ဝန်းကျင်မှာ သဘာဝအလှတရားအတိုင်း တည်ရှိနေသည့်‌‌ဒေသဘက် ထွက်လာခဲ့ပါသည်။

ဟိုမှာ... တောတန်း မြေနီလမ်းလေးအတိုင်းလှမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို တမေ့တမော ငေးကြည့်ရင်း လှမ်းမြင်နေရသည့်တောအုပ်အစွန်မှာ စီးဆင်းနေသည့် တောင်ကျရေချောင်းရှိရာဘက် ထွက်လာခဲ့ပါသည်။‌‌ တောင်ကျရေချောင်းလေးမှာ နွေကာလနှင့် ဆောင်းကာလတွေမှာ အေးမြကြည်လင်မှုနှင့် တငြိမ့်ငြိမ့်စီးဆင်းနေပြီးမိုးကာလရောက်လာပြီဆိုလျှင် ရှမ်းရိုးမတောင်တန်းတွေအထက်ကစီးဆင်းလာသော မိုးရေများနှင့်အတူ မာန်ဟုန်ပြင်းပြင်းနှင့် မြင်းရိုင်းတကောင်လို့ ကဆုန်ပေါက် စီးဆင်းနေပါတော့သည်။ ထိုအရာတွေက ‌သဘာဝအတိုင်း တည်ရှိနေသည့် အလှတရား။

လိုဘစိတ်နှင့် ဖျက်လိုဖျက်စီးလုပ်တတ်သူများ၏ ပယောဂနှင့် ကင်းလွတ်ခွင့်ရနေပြီး စိမ်းစိုလန်းဆန်းနေသော ရှု‌မျှော်ခင်း။ သဘာဝအလှတရားတွေကို မြတ်နိုးတန်ဖိုးထားမိသည်။ တောအုပ်လေးထဲရောက်သည့်အခါ လိုဘစိတ်နှင့်‌ တောက်လောင်နေသည့် စနစ်ထဲကနေ လွတ် မြောက်လာသည့်လူတယောက်လို ခံစားလိုက်ရပါသည်။ သဘာဝတရား၏ရင်ခွင်မှာ မှီခိုနေထိုင်ရသည့်အခါ စိတ်ထဲမှာ ပိုပြီးကြည်လင်လန်းဆန်းလို့နေပါသည်။ မိုးနံ့သင်းပျံ့နေ‌သော မြေနီတောလမ်းလေးအတိုင်း လျှောက်ရင်းက တောအုပ်အစပ်ကနေပြီး အဝေး‌တောင်ထိပ်ပေါ်ဆီက စေတီဖြူဖြူကို ရှိခိုးဦးခိုက်မိပါသည်။အလိုလောဘ၊ဒေါသ၊မောဟတွေနှင့် တဒင်္ဂပဲဖြစ်ဖြစ် လွတ်မြောက်ခွင့်ရသည့် အခိုက်အတန့်မှာ မြင်မြင်သမျှ အရာရာဟာ ငြိမ်းချမ်းကြည်နူးဖွယ်ရာအတိနှင့် ရှုချင်စဖွယ် လှပအေးမြလို့ နေပါသည်။‌ဖြတ်သန်းကျင်လည်ရာ ဘဝတလျှောက် ပူလောင်မှုများနှင့်ဝေးအောင် ကြိုးစားနေထိုင်ရှင်သန်ရပါအုံးမည်။

လူဆိုတာ ဖြူစင်‌သောသတ္တဝါမဟုတ်သော်လည်း လူ့ဘဝကိုဖြတ်သန်းသည့်အခါ အမဲစက် မထင်အောင် ကြိုးစားနေထိုင်ရှင်သန်ရအုံးမည်။
ဘဝမှာ စိတ်ချမ်းသာဖို့အတွက် အများကြီးလည်း မလိုအပ်ပါ။ ကိုယ့်ပယောဂကြောင့် ပူပင်သောကများနှင့် မျက်ရည်ပေါက်ကြီးငယ်ကျရရှာသည့်ဘဝများ မရှိဖို့ပဲ လိုအပ်ပါသည်။

ကိုယ်လုပ်ခဲ့သည့် လုပ်ရပ်တွေတိုင်းမှာ မည်သူတဦး တယောက်ကိုမှထိခိုက်နစ်နာမှု မဖြစ်စေပဲနှင့် ကျေနပ်ပျော်ရွှင်နိုင်စေဖို့ပါ။ လူတိုင်းမိမိတို့၏လုပ်ရပ်နှင့်ပတ်သက်ပြီး နောင်တ တဖန်ပူပန်မှုမဖြစ်စေပဲ ကျေနပ်ပျော်ရွှင်နိုင်ဖို့ အလွန်အရေးကြီးပါသည်။ ကြုံ‌တွေ့ခဲ့ရသည့် အဖြစ် အပျက်အချို့က အတွေးထဲမှာ ပိတ်ကားထက်က ရုပ်ရှင်ပြကွက်လို တရေးရေးပေါ်လာသည်။ မြို့အဝင် မလှမ်းမကမ်းလောက်မှာ မြို့ဦးဘုန်းတော်ကြီးကျောင်းရှိပါသည်။ ဘုန်းတော်ကြီးကျောင်းအဝင်လမ်းဘေး အနိမ့်ပိုင်းမှာ စိမ်းစိမ်းစိုစို မြက်ခင်းနှင့်ကွင်းပြင်ကျယ်ကြီး ရှိသည်။ညနေဘက်ဆို ရပ်ကွက်ထဲက လူငယ်များ ဘောလုံးကန်ရာ အားကစားကွင်းပါ။ မြက်ခင်းကွင်းပြင်အထက်ဘက်က အမြင့်ပိုင်း တာရိုးလမ်းပေါ်တွင် အုတ်ခုံ၊သွပ်မိုးနှင့် သေသေခြာခြာဆောက်ထားသည့် ဇရပ်နားခိုဆောင်လေးနှင့်သောက်ရေအိုးစင် ရှိပါသည်။ ဘုန်းတော်ကြီးကျောင်းဝင်းထဲကိုအဝင်မှာ နားခိုအပန်းဖြေဖို့ရန်နှင့် ဖြတ်သွားဖြတ်လားခရီးသွားများ အရိပ်ခို နားဖို့အတွက် ဘုန်းတော်ကြီးကျောင်း ထိုင်ဆရာတော်က ဦးစီးပြီး ဆောက်လုပ်ထားတာပါ။

ပူပြင်းသော နွေကာလမှာဆို လေတဖြူးဖြူးနှင့် ဇရပ်နားခိုဆောင်လေးမှာ အေးရိပ်ခိုလို့ အနုပညာစာများ ကဗျာများရေးခဲ့ဖူးပါသည်။ လူသံ ဆူသံ တိတ်တိတ်ဆိတ်ဆိတ်နှင့် အေးရိပ်ငြိမ်ဒေသ အဝန်းအဝိုင်းလေးပါ။မိုးကာလ မိုးဦးစရွာပြီဆိုလျှင် ရပ်ကွက်ထဲက လူငယ်များ ဘော်လုံးကန်ကစားရာ မြက်ခင်းကွင်းပြင်မှာ ရေဖွေးဖွေးနှင့် ရေကန်ဖြစ်လာဖို့ အစပြုနေပါပြီ။ သည်းသည်းမည်းမည်းမိုးတွေရွာပြီးသည့် နောက်မှာ အမြင့်ပိုင်းတာရိုးလမ်းပေါ်က ဇရပ်အခြေထိအောင် ရေ‌တက်လာပြီး ရေဖွေးဖွေးနှင့် ဝါလုံးတစ်ထောက်စာ အနက်ရှိသည့် ရေကန်ကြီးဖြစ်လို့လာပါပြီ။ မိုးကာလနေ့ရက်များမှာ သူငယ်ချင်းများနှင့် ရေကန်ကြီးမှာ ရေကူးပြိုင်ခဲ့ကြတာကိုလည်း သတိရမိပါသည်။ နားနေဆောင် ဇရပ်အုတ်ခုံပေါ်ကနေပြီး ရေ‌ကန်ထဲ ဒိုင်ဗင်ထိုးချလို့ ကန်အောက်ခြေက မြက်ပင်တွေကို အရယူနိုင်အောင် ကြိုးစားခဲ့ကြပါသည်။

ကိုယ့်အသက်အန္တရာယ်ကို စိုးရိပ်ရ‌ကောင်းမှန်းမသိကြပဲ ရေကန်အောက်ခြေက မြက်ပင်တွေကို အရယူနိုင်သောလူက သူငယ်ချင်းအ‌ပေါင်းအသင်းများကြားမှာ အထင်ကြီးခံရပြီး ချီးမွမ်းခံရတာလည်းဂုဏ်ယူစရာပါ။ ရေကူးလို့ ပြီးသည့်အခါ သူငယ်ချင်းများနှင့် ဘုန်းတော်ကြီးကျောင်းဝင်းထဲသွားပြီး တံမြက်စည်းလှည်းလို့ အမှိုက်သရိုက်များကို ရှင်းလင်းကြပါသည်။ဘုန်းကြီး‌‌ကျောင်းဆောင် အနောက်ဖက်ဘေးက ကုဍီများကို ရေဆေးကြော သန့်ရှင်းရေးပြုလုပ်ကြပါသည်။

မမောနိုင် မပန်းနိုင်ကြပဲ ဆွမ်းစားဆောင်‌အနောက်ဖက်က ထင်းတုံးကြီးများကို အနေတော် ခွဲခြမ်းပြီး မိုးလွတ်ရာနေရာမှာ အစီအရီ ထပ်ထားပေးခဲ့ကြပါသည်။ ကပ္ပိယကကျွေးသော ထမင်းနှင့် ဟင်းကျန်များစုပေါင်းထားသည့် ဟင်းပေါင်းခေါ် ဟင်းလေးကြီးချက်ကို ခေါင်းမဖေါ်တမ်း တပျော်တပါးနှင့် လက်ရည်တစ်ပြင်တည်း စားခဲ့ကြရတာ ဘဝမှာ မမေ့နိုင်သည့် အဖြစ်အပျက်ပါ။ လိုချင်မှု အလိုလောဘကင်းခဲ့ကြသည့်ငယ်ဘဝကို လူတိုင်း အပြစ်ကင်းစွာနှင့် ဖြတ်သန်းခဲ့ကြဖူးမှာပါ။အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ လူ့ဘဝကို ရိုးရှင်းစွာဖြင့် ပြုမှုနေထိုင်ရှင်သန်ဖို့ လိုအပ်သည်။

အလိုလောဘနည်းသောအခါ မတရားသော အမှုကိစ္စများကိုမကျူးလွန်ဖြစ်တော့ပါ။ မရောက်ဖြစ်တာကြာပြီဖြစ်သော လမ်းဟောင်းလေးအတိုင်း လျှောက်လာရင်းက မြို့ဦးဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်ကို ဖူးမျှော်ဖို့ရန် ခြေလှမ်းတွေကို ဦးတည်လိုက်ပါသည်။
ကျောင်းထိုင်ဆရာတော်ကြီးမှာ သက်တော်ကြီးရင့်သည့်အရွယ်ရောက်နေပြီဖြစ်သော်လည်း မျက်စိမှုန် ခါးကိုင်းချင်း မရှိသေးပဲ ဘယ်သူ ဘယ်ဝါဆိုတာကို မှတ်မိသိရှိနေသည်ကို ရှိခိုးဖူးမျှော်ခွင့် ရခဲ့တာစိတ်ထဲ ကြည်နူးဝမ်းသာ‌နေမိပါသည်။

ဘုန်းကြီးကျောင်းအဝင် ပတ်ဝန်းကျင်မှာ ယခင်အနေအထားအတိုင်း မတည်‌ရှိတော့ပါ။ မြင်ကွင်းစိမ်းစိမ်းများက ဆီးကြိုနေကြသည်။ ခေတ်စနစ်နှင့် အချိန်ကာလ၏ တိုက်စားမှုများအတွင်းမှာ အရာရာပြောင်းလဲကုန်ပြီ။ ဘုန်းတော်ကြီးကျောင်းအဝင်လမ်းဘေး အနိမ့်ပိုင်းမှာ စိမ်းစိမ်းစိုစို မြက်ခင်းနှင့် ကွင်းပြင်ကျယ်ကြီးမှာ မရှိ‌တော့ပါ။ ညနေဘက်ဆို ရပ်ကွက်ထဲကလူငယ်များ ဘော်လုံးကန်ရာ အရင်အချိန်က သူ ငယ်ချင်းအပေါင်းအသင်းများနှင့် အားလပ်ရက် ညနေတိုင်းဘော်လုံးကန်ကစားရာ မြက်ခင်းကွင်းပြင်မှာ မရှိတော့‌ပေ။

မိုးရာသီရောက်လာပြီဆိုလျှင် ရေဖွေးဖွေးရှိနေသည့် ရေကန်ကြီးကိုလည်းမမြင်တွေ့ရတော့ပါ။‌‌ ယခင်တုန်းက ဘုန်းတော်ကြီးကျောင်းအဝင်တာရိုးလမ်းပေါ်က ဇရပ်နားခိုဆောင်လေးနှင့် ရေအိုစင်လေးနေရာမှာ ပြောင်ရှင်းရှင်းကြီး ဖြစ်လို့နေပါသည်။ ရပ်ကွက်ထဲက လူငယ်များ
ဘော်လုံးကန် ကစားရာနေရာ မြက်ခင်းကွင်းပြင်ကို အာဏာနှင့်လုပ်ပိုင်ခွင့်ကို အသုံးချလို့ မြေနေရာကို ရောင်းစားလိုက်ကြသည်ဟု
သိလိုက်ရပါသည်။

မိုးကာလရောက်ပြီးဆိုလျှင် မြက်ခင်းကွင်းပြင်မှာ ရေဖွေးဖွေးနှင့် ရေကန်ကြီးဖြစ်လို့လာသောအခါ သူငယ်ချင်းအပေါင်းအသင်းများနှင့် ရေကူးပြိုင်ခဲ့ကြသည့် ရေကန်လည်း မရှိတော့ပါ။ ဘုန်းတော်ကြီးကျောင်း အဝင်လမ်းမဘေး တာရိုးလမ်းပေါ်မှာ ရဟန်းရှင်လူ ပြည်သူ ခရီးသွားများ ခေတ္တခဏ နားခိုရာနေရာ အုတ်တိုက်ခံ သွပ်မိုးထားသည့်ဇရပ်နှင့် ရေအိုးစင်‌နေရာလေးလည်း အာဏာနှင့်လုပ်ပိုင်ခွင့်ရှိသူတို့ကြောင့် ဖြိုဖျက်ခံလိုက်ရပြီး ဆိုင်ရာပိုင်ရာများ၏ ဝင်းခြံ‌ မြေဧရိယာထဲ သွတ်သွင်းခံလိုက်ရပါသည်။

အာဏာနှင့်လုပ်ပိုင်ခွင့်နှင့် သိမ်းပိုက်ပစ်သည့် မတရားသည့် အမှုကိစ္စများကို မြင်တွေ့ရသည့်အခါ လုပ်ပိုင်ခွင့်နှင့် လူလည်ကျသွားသည့် ဥပဒေ၏အထက်က လူတန်းစားများကို အယုံအကြည် မရှိခဲ့သာ ကြာပါပြီ။ဝမ်းနည်းစိတ်မကောင်းစရာ အဖြစ်အပျက်တွေကို မည်သူမဆို မမြင် မတွေ့ကြုံပါစေနှင့်။ လူတိုင်း ဆိုးယုတ်‌သောစိတ်များ မရှိကြပါစေနှင့်။ အဓမ္မ‌များ ပျက်သုဉ်းလို့ ဓမ္မတရားများ အဓွန့်ရှည်ပါစေ။ ဒုက္ခတရားနှင့် ကြုံ‌တွေ့‌နေရသည့်အခြေအနေများမှာ ရောက်ရှိနေသည့်ဘဝများကို ဖေးကူချင်သည့် စိတ်နှင့် အမြင်မတော်ရင် ပါဝင်ကူညီချင်သည့် စိတ်နှင့် အားနည်းသူဘက်က ရပ်တည်နေတုန်းပါ။

“မဆိုင်ရင် ဝင်မပြောဘူး ဝင်မစွက်ဘူး ဝင်မပါဘူးလို နေရင်းနဲ့ကိုယ်နဲ့ တိုက်ရိုက်ဆိုင်လာတဲ့အခါကျတော့ အများကြီးနောက်ကျသွားလို့ နောင်တရခဲ့ရင်လဲ ဘာမှမတတ်နိုင်တော့ပါဘူး။ အဲဒါကြောင့် လောကကြီးမှာ လူလိမ်မာတွေသိပ်များလွန်းနေရင်လဲ မကောင်းပါဘူး။ မသူတော်တွေကြီးစိုးနိုင်တယ်။ မကောင်းတာမမှန်တာ မတရားတာတွေကိုတွေ့ရင် အမုန်းခံပြီး ပြောဖို့ လိုပါတယ်။ လောကကြီးလှစေချင်သူမှန်သမျှ ပြောကိုပြောရပါမယ်။”

စာရေးဆရာကြီး လူထုစိန်ဝင်း ရေးသားပြောဆိုဆုံးမခဲ့တာကို မှတ်သားလိုက်နာလို့ ဘဝတလျှောက် ပြုကျင့်နေထိုင်‌ရှင်သန်နေပါသည်။
ယခုခေတ်ကာလလို့ ပူပန်စရာ များလွန်းသော အခြေအနေများကစိတ်ထဲမှာ ပျော်ရွှင်အေးချမ်းမှုကို မခံစားရသာ ကြာနေသလိုပါပဲ။ ချွေးသိပ်စရာ အေးရိပ်ဆာယာများကိုလည်း မျှော်မိသည်။ ပူလောင်မှုများ ကင်းဝေးပြီး ငြိမ်းအေးစေကြောင်း မေတ္တာသွန်းလောင်းရင်း မိုးကိုမျှော်မိသည်။

မြို့လေးက‌‌နေ လှမ်းမျှော်ကြည့်လျှင် ညို့ ညို့ဆိုင်းဆိုင်းနှင့်ရှိနေ‌သော တောအုပ်ကြီးလည်း အလိုလောဘကြီးသူများ၏အန္တရာယ်မှ ကင်းဝေးပြီး ကျန်းမာသန်စွမ်းမှုများနှင့် သဘာဝအလှတရားအတိုင်း စိမ်းစိုလန်းဆန်းခြင်းများနှင့် တည်မြဲပါစေ။ နွေကာလနှင့် ဆောင်းကာလမှာ အေးမြကြည်လင်မှု‌နှင့် တငြိမ့်ငြိမ့်စီးဆင်းနေ‌သောတောင်ကျချောင်းလေးလည်း အဓွန့်ရှည်ပါစေ။

တောအုပ်အစွန်မှာ စီးဆင်းနေသော တောင်ကျရေချောင်းလေးအ‌နေနှင့် မိုးကာလရောက်လာပြီဆိုလျှင် ရှမ်းရိုးမတောင်တန်းအထက်က စီးဆင်းလာသော မိုးရေများနှင့်အတူ လွတ်လပ်ပျော်မြူးခြင်းများနှင့် မာန်ဟုန်ပြင်းပြင်း စီးဆင်းခွင့်ရပါစေတော့။

နေချိုသွေး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar