မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၃၁ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၃၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၊ ၂၀၂၂
မတ်လ ၃၁ ရက် - ရာသီသင်္ကြန်ပွဲ ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ စီးပွားရေးကျပ်တည်းမှု
နှစ်စဥ် ပြုလုပ်နေကျ သင်္ကြန်ပွဲကျရောက်ဖို့ သီတင်းတပတ်ကျော်သာ လိုပါတော့တယ်။ ကုန်လွန်ခဲ့တဲ့ ၂ နှစ်လုံး ကိုဗစ်ဖြစ်ပွားမှုကြောင့် ကန့်သတ်ခဲ့တာ၊ နောက်တနှစ်မှာတော့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြမှုတွေ အရှိန်ပြင်းထန်နေချိန် အသက်ဆုံးရှုံးရသူတွေ ရာဂဏန်းချီရှိနေချိန်မှာ သင်္ကြန်ပွဲကို မကျင်းပဖို့ နှိုးဆော်ခဲ့ကြပြီး ၂ နှစ်ကြာ မကျင်းပခဲ့တဲ့ သင်္ကြန်ပွဲကို အခုနှစ်မှာတော့ စစ်ကောင်စီက သူတို့ရဲ့ အုပ်ချုပ်မှုအာဏာကို ထိန်းချုပ်ထားနိုင်တဲ့ ပြယုဂ်အဖြစ် ကျင်းပဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ယမန်နှစ်က ဆန္ဒပြပွဲတွေမှာ အသက်ဆုံးရှုံးရသူတွေအတွက် ဝမ်းနည်းမှု အသိအမှတ်ပြုမှုအနေနဲ့ သင်္ကြန်ကို မကျင်းပခဲ့ကြသလို ယခုနှစ်မှာလည်း လူအများအနေနဲ့ သင်္ကြန်ကို ကျင်းပကြလိမ့်မှာမဟုတ်ပါဘူး။ လူငယ်အများအပြားက လက်နက်ကိုင် တော်လှန်ဖို့ တိုင်းရင်းသားနယ်မြေတွေ မှာ ရောက်နေချိန်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယား၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေနဲ့ လူအများ နေအိမ်ကနေ စွန့်ခွာထွက်ပြေးနေရချိန်မှာ သင်္ကြန်ပွဲကို ဘယ်သူမှ ပါဝင်နိုင်ကြမှာ မဟုတ်ပါဘူး။
မြို့တွေမှာ ကျင်းပမယ့် သင်္ကြန်မဏ္ဍပ်တွေ၊ အကတွေ အခမ်းအနားတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးရည်ရွယ်ချက် အရ အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်ဆိုတာ ပြဖို့ ရည်ရွယ်တာသာ ဖြစ်ပါတယ်။
မြို့ကြီးတွေမှာ နေထိုင်ကြတဲ့ သာမန်ပြည်သူတွေအနေနဲ့ စစ်ဘေးကျရောက်နေတဲ့ နယ်တွေက သူတွေလို တိမ်းရရှောင်ရတာ မရှိပေမယ့်လည်း စားဝတ်နေရေး ကျပ်တည်းမှုကို ရင်ဆိုင်ရာမှာတော့ နယ်ကသူတွေနဲ့ အတူတူပဲ ရင်ဆိုင်နေကြရတာပါ။ အလုပ်အကိုင်တွေ ဆုံးရှုံး၊ လစာ၊ ဝင်ငွေတွေ လျော့နည်းလာချိန်နဲ့ အစားအသောက်နဲ့ သွားလာစရိတ်၊ ဆေးကုသစရိတ်လိုမျိုးတွေက ငွေလဲနှုန်းကြောင့် လောင်စာဆီ စျေးမြင့်တက်မှုကြောင့် မြင့်တက်နေချိန်မှာ အသွားနှစ်ဖက်လွှနဲ့ ဖြတ်တာကို ခံရသလို ခံစားနေကြရတဲ့ အခြေအနေရှိပါတယ်။
မြို့တွေ ရပ်ကွက်တွေထဲ လက်ကိုင်မိုက်တွေနဲ့ အစားအသောက် အသုံးအဆောင်၊ ပစ္စည်းအဟောင်း ဝယ်ယူတာ၊ ဟင်းရွက်သည်၊ အသား ငါး၊ သစ်သီး ရောင်းချတဲ့ စျေးသည်တွေရဲ့ အသံကို ၅ မိနစ် တခါလောက် ကြားနေရပြီး လမ်းတွေထဲမှာဆိုရင်လည်း နေအိမ်တိုင်း စျေးဆိုင်သဖွယ် ဖွင့်လှစ်ထားကြတာကြောင့် လူတိုင်း စျေးရောင်းနေကြရသလို ထင်မြင်ရပါတယ်။
စျေးရောင်းကြရတာဟာ အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိတ်သိမ်းကုန်ကြတဲ့ အခြေအနေကြောင့် အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ ဝင်ငွေဝင်လမ်း ဆုံးရှုံးသွားသူတွေက နေအိမ်မှာ နေရင်း လူသုံးကုန်၊ မုန့်၊ စတိုးဆိုင်ငယ် စသဖြင့် ဖွင့်လှစ်လာကြတဲ့ သဘောမျိုးလို့ ကောက်ချက်ချရပါတယ်။
စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်ကြတဲ့ နေ့စား လခစား အလုပ်သမားတွေလည်း လျှပ်စစ်မီးအခြေအနေ ကုန်သွယ်မှု ကျဆင်းမှုတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် အလုပ်အကိုင်ဆုံးရှုံးကြရပြီး အိမ်နီးချင်း ရွှေ့ပြောင်းလုပ်သား လုပ်ဖို့ သွားရောက်ကြရတာမျိုးတွေလည်း ဖြစ်ပေါ်နေတာတွေ့မြင်နေရပါတယ်။ အလုပ်အကိုင်အတွက် စိုက်ပျိုးရေး လုပ်ငန်းခွင်ထဲ ပြန်ဝင်ဖို့ရာ ကျေးလက်တွေမှာလည်း လက်နက်ကိုင် ပဋိပက္ခအခြေအနေကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ဒေသအများအပြားဖြစ်နေတာက မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေဖြစ်နေတာပါ။
ဒီလိုအခြေအနေတွေအောက်မှာ လူးသာလွန့်သာ ရှိတဲ့ လူတန်းစားအလွှာက ပါးပါးလေးသာ ရှိပြီးကျန်တဲ့ အများစုကတော့ ခက်ခက်ခဲခဲ ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေက ယခုနှစ် သင်္ကြန်ပွဲတော် အချိန်တိုင်း ပြည်လူထုရင်ဆိုင်နေရတဲ့ လုံခြုံရေး၊ စီးပွားရေး အကျပ်အတည်းတွေပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ကမ္ဘာ့ဘဏ်တို့က မြန်မာ့စီးပွားရေး အခြေအနေနဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်သူ၊ ဆင်းရဲမှုမျဥ်းအောက် ရောက်ရှိမယ့် လူဦးရေ စတဲ့ မှန်းဆချက်တွေ လွန်ခဲ့တဲ့ ၄/၅ လဝန်းကျင်ကတည်းက ထွက်ပေါ်နေခဲ့ပြီး လက်တွေ့အခြေအနေတွေက အဲဒီခန့်မှန်းချက်တွေလိုပဲ ဆိုးရွားလာနေတာကြောင့် မြန်မာနိုင်ငံအနေအထားဟာ ဆက်လက်ဆိုးရွားနေဆဲ အဆိုးဆုံး ဆိုတဲ့အနေအထားကို မရောက်သေးဘူးလို့တောင် ဆိုရမယ့် သဘောဖြစ်နေပါတယ်။
နိုင်ငံရေး ပြဿနာနဲ့ လူမှုစီးပွားပြဿနာကို တိုက်ရိုက်ချိတ်ဆက်ထားပြီး နိုင်ငံရေးပြဿနာ အဖြေထွက်မှ ကျန်တဲ့ လူမှုစီးပွားပြဿနာကို ဖြေရှင်းနိုင်မယ် အခုလိုကာလမှာ နိုင်ငံရေးပြဿနာသည်သာ ပထမ၊ နိုင်ငံရေးပြဿနာသည်သာ ဒုတိယ၊ တတိယ ဆိုတဲ့ အယူအဆ ရှုမြင်မှုမျိုးလည်း ရှိသလို နိုင်ငံရေးပြဿနာဟာ ၆လ၊ တနှစ်နဲ့ အဖြေထွက်နိုင်ချင်မှ ထွက်နိုင်မယ်၊ တပြိုင်နက်တည်းမှာ အခုလိုအခြေအနေအောက်မှာ လူမှုစီးပွားပြဿနာကိုလည်း တပြိုင်နက်တည်း ဖြေရှင်းလို့ရသလောက် ဖြေရှင်းသွးမယ်ဆိုတဲ့ အယူအဆ ရှုမြင်မှုလည်း ရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ သာဓကအားဖြင့် ကလေးသူငယ်တွေရဲ့ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်မျိုးကို အဖြေရှာကြတဲ့အခါ အထက်က ရှုမြင်မှုကွဲပြားတာတွေ ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီပြဿနာရဲ့ အဖြေက တိုက်ပွဲက ရေတိုလား ရေရှည်လားဆိုတာကို အကဲဖြတ်ကြရာမှာ မူတည်နေတယ်လို့ ထင်ပါတယ်။ ရေတိုတိုက်ပွဲ အရှုံး အနိုင်က ကာလတိုအတွင်း ပေါ်ထွက်နိုင်တယ်ဆိုရင် ကျန်တဲ့ လူမှုစီးပွားပြဿနာကို ခေတ္တဆိုင်းငံ့ထားတာ သဘာဝကျသော်လည်း ရေရှည်တိုက်ပွဲဖြစ်တယ်ဆိုရင်တော့ လက်ရှိအခြေအနေအောက်မှာပဲ ရည်ရွယ်ချက် မထိခိုက်တဲ့နည်းနဲ့ လူမှုစီးပွားပြဿနာကို တပြိုင်နက်ထဲ အဖြေရှာသွားကြဖို့ အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar