Breaking News

မိုးမြင့်ယံ - အပူရောင်မြစ်တစင်း၏ တေးသွား

မိုးမြင့်ယံ - အပူရောင်မြစ်တစင်း၏ တေးသွား 
(မိုးမခ) ဧပြီ ၆၊ ၂၀၂၂

ဂိမာန်နွေသည် ကျွန်တော်ရှိသော မြေလတ်အညာမြို့လေး၌များ ပိုမိုပူပြင်းလောင်မြှိုက်နေလေသလားမသိ။

" နွေ ထနောင်း၊ ဆောင်း မန်းကျည်း" ဆိုတဲ့ စကားပုံလေးကဲ့သို့ပင် ထနောင်ပင်အိုအိုကြီးများရဲ့ အရိပ်ကိုဖြတ်သန်းတိုက်ခတ်လာသော နွေလေညင်းသည် အေးမြသယောင်ရှိကာ အပူဒဏ်တို့ကို ခေတ္တခဏဖြေလျှော့ပေးနေသကဲ့သိုပင်။

ငယ်ငယ်က ကျောင်းခန်းထဲမှာသံပြိုင်အော်ခဲ့ဖူးသော "မတ်၊ ဧပြီ၊ မေ နွေ သုံးလကလေးတို့ မှတ်သားကြ" ဆိုတဲ့ဥတုသုံးလီကို မှတ်မိလွယ်အောင်ရွတ်ဆိုရသောကဗျာလေးကို ခုလိုအချိန်မျိုး၌ ပြန်လည်၍အမှတ်ရမိနေပြန်ပါသည်။

မတ်လရဲ့တပေါင်းနေ့ရက်တို့ ကုန်ဆုံးလွန်မြောက်ခြင်း၌ နွေလယ်နေသည် တန်ခူးလေကိုဆောင်ကြဉ်းကာ ဧပြီလရဲ့ကန့်လန့်ကာကို လှစ်ခနဲဖွင့်ဟရင်းဖြင့် ငုနဲ့ပိတောက်တို့အား လှိုင်လှိုင်ပွင့်စေပြန်ပါလေဦးတော့မည်။

ထိုကဲ့သို့ဧပြီလရဲ့ နွေလယ်နေထဲမှာမှ အညာနွေပြင်းပြင်းကို အန်တုဖက်ပြိုင်ရင်း တမာပင်အိုပင်ပျိုတို့သည် ရွက်နုတွေပြန်လည်ဝေဖြာစေရန် မာန်ကိုတင်း၍ အစွမ်းကုန်ဖူးပွင့်ကာ နွေထဲ၌ ရဲရင့်လှပနေကြပြန်သည်လေ။ ထိုသို့မြင်နေရသောမြင်ကွင်းသည်ပင် ကျွန်တော့်ရင်အား နွေးမြမှုတခုစီးဆင်းဝင်ရောက်လာသလို။

ကျွန်တော့်ခြံ၏တောင်ဘက်အရပ်ဖြစ်သော အရှေ့စူးစူးအရပ်အား အမှတ်တမဲ့လှမ်းမျှော်ကြည့်အမိ၌ ပြန်လည်ပြုပြင်ထားသော ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းကြီးသည် မြွေတကောင်တွန့်လိမ်ခွေခေါက်နေသကဲ့သို့ ပူပြင်းသောနေရောင်အောက်မှာ တံလျှပ်တွေတလက်လက်ဖြင့် ပျင်းရိနက်မှောင်ငြီးငွေ့စွာရွေ့လျားနေသည့်ပမာ။

ထိုသို့သော ပြင်ပအပူတို့ဖြင့်နှိုင်းယှဉ်ကာ နိုင်ငံနဲ့အဝှမ်း၌ရှိကြကုန်သော ပြည်သူလူထုတရပ်လုံး၏ပူပြင်းလောင်မြှိုက်မှုတို့ကိုစာဖွဲ့ပြရန် ကျွန်တော့်ထံပါးတွင် အက္ခရာအလုံအလောက်မရှိနိုင်ပြန်ပါ။

ထိုထိုအရာတွေသည် လူနည်းစုတစု၏ပယောဂကြောင့် တောတောင်၊ ရေမြေ၊ သစ်တောနှင့်သဘာဝ သံယံဇာတများ လေလွင့်ပျောက်ကွယ် ဆုံးရှုံး၍ ဂေဟစနစ်များပျက်စီးလာကာ တနှစ်ထက်တနှစ် ပိုမိုပူပြင်းလောင်မြှိုက်လာရခြင်းဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။

များမကြာမီရက်ပိုင်းအတွင်းမှာပင် မြန်မာတို့၏ဆယ်နှစ်လရာသီပွဲတော်များမှတခုအပါအဝင်ဖြစ်သော မြန်မာ့ရိုးရာနှစ်သစ်ကူးပြောင်းခြင်း အထိမ်းအမှတ်ဖြစ်သော အတာသြက်န်ရေသဘင်ပွဲတော်သည်ပင် ရောက်ရှိလာပေတော့မည်ဖြစ်သည်။

ဟိုးလွန်လေပြီး အတိတ်နေ့ရက်တို့၏ကြည်နူးချမ်းမြေ့ပျော်ရွှင်ဖွယ်ရာ ကာလအပိုင်းအခြား သေးသေးလေးတခု၌ဆိုပါလျှင် ဒီလိုနေ့ရက်မျိုးသည် အနယ်နယ်အရပ်ရပ်မှရှိကြကုန်သော ပြည်သူလူထုတရပ်လုံးသည်အခါတွင်း ဒုလ္လဘရဟန်းခံရှင်ပြုပွဲများကျင်းပခြင်း၊ သက်ကြီးရွယ်အိုများသည်လည်း မိမိတို့ကိုးကွယ်ဆည်းကပ်ရာ ကျောင်းတော်သာများတွင် ဥပုဒ်သီလစောင့်တည်ကြရင်း၊ ပျိုရွယ်သူတို့၏စတုဒီသာကျွေးမွေးသောမဏ္ဍာပ်များ၊ ကလေးငယ်များရွှင်မြူးစွာ ရေပက်ကစားနေကြသောအလေ့အထများဖြင့် စည်ကားသက်ဝင်ကာ ကြည်နူးချမ်းမြေ့ဖွယ်ရာနေ့ရက်တို့အား လှပစွာဖြတ်ကျော်ခဲ့ကြရသည်ပဲဖြစ်သည်။

ဤကဲ့သိုကြည်နူးပျော်ရွှင်စရာများ ဝေးလွင့်ပျောက်ကွယ်ခဲ့ရသည်မှာ ပထမတကြိမ်သည် ပြင်းထန်လွန်းလှသော ဗိုင်းရပ်စ်တမျိုးကြောင့်ဖြစ်ခဲ့ပြီးလျှင် တမြန်နှစ်ဆီကတော့ ရက်စက်ယုတ်မာဆိုးရွားလွန်းလှသော အာဏာရှင်လူတစု၏ ကောက်ကျစ်မှုအတ္တမီးပွားများကြောင့် ပူးပြင်းလောင်ကျွမ်းကာ ပျောက်ဆုံးခဲ့ရပြန်ပေသည်။

၂၀၂၁ ခုနှစ်၏ နှစ်သစ်ကူးအတာသကြန်နေ့ရက်တို့သည် သမိုင်းထဲမှာ အဘယ်ကဲ့သို့မှမေ့ပျောက်လို့မရနိုင်စွာ အေးချမ်းမှုရဲ့ သရုပ်ပြရေစက်ရေမှုန်များအစား ရဲရင့်လူငယ်တို့၏သွေးစက်သွေးကွက်များသည်သာ ကတ္တရာလမ်းမတို့ထက် အိုင်ထွန်းစွေးနီ ကွဲကြေခဲ့ကြရလေသည်။

ဒီလို အပူရောင်တွေကြားထဲမှာ နိစ္စဓူဝအလျှံတညီးညီးနဲ့ အိပ်မက်တွေ နာကျင်ကျွမ်းမြခဲ့ရတဲ့နေ့ရက်တိုင်းမှာ မပျော်ရွှင်တာကိုတောင် မပျော်ဘူးလို့ပြောဖို့ကို ကျွန်တော်တို့အားလုံးဟာ မပျော်ကြရပါဘူးလေ။

သိုသော် တနေ့နေ့မှာ ပင်လယ်ဆီကိုရောက်ရမယ်ဆိုတဲ့ စိတ်ဆန္ဒပြင်းပျမှုတွေနဲ့အတူ မရပ်မနား အားသွန်ခွန်စိုက် စီးဆင်းနေကြသောမြစ်တို့၏ရေအလျဉ်အား အဘယ်သူသည် တားဆီးပိတ်ပင်နိုင်ပါမည်နည်း။

ပူပြင်းလောင်မြှိုက်ခြင်း မီးတောက်မီးလျှံတို့သည် ဖီးနစ်ငှက်တကောင်အားလောင်ကျွမ်း ပြာကျသွားအောင် မပြုစားနိုင်ပေ။ ထို့အတူ ပြင်းထန်သောလေပြင်းမုန်တိုင်းတို့သည်လည်း ရဲရင့်လင်းယုန်တွေရဲ့ပျံသန်းမှုအားအင်တို့ကို အဟန့်အတားမပြုနိုင်ပြန်ပါ။ ထို့ပြင်တဝ အဟုန်ပြင်းစွာစီးဆင်းနေသောရေအလျဉ်တို့သည် ရေဆန်ကိုကူးခတ်ဖြတ်သန်းရင်း အသိုက်မြှုံရှိရာအရပ်သို့ အရောက်ပြန်လာကြကုန်သော ဆယ်မွန်ငါးတို့၏ဇွဲလုံ့လကို ရပ်တန့်နိုင်စွမ်းမရှိနိုင်ပါလေ။

ထိုကဲ့သိုပင် ငြိမ်းချမ်းအေးမြခြင်းနေ့ရက်များဆီသို့ရောက်ရှိရန်အလို့ငှာ အပူရောင်တွေကြားထဲမှ ဖြတ်သန်းစီးဆင်းလာကြကုန်သော မြစ်တို့၏စီးဆင်းခြင်း ဂီတသံသည် အားမာန်အပြည့်ဖြင့် ငြိမ့်ညောင်းစွာ တသွင်သွင်စီးမြဲစီးဆင်းလျက်သာ ရှိကြသည်ပဲဖြစ်ပါသည်လေ။

ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar