မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၅ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၅ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၆၊ ၂၀၂၂
ဧပြီလ ၅ ရက် - မှတ်ပုံတင်မရှိရင် ခရီးသွားခွင့်မရတဲ့အခက်အခဲ၊ အိမ်ထောင်စုစာရင်း ကောက်ယူလာတဲ့ စစ်ကောင်စီ
ဧပြီလ ၁ ရက်နေ့က စလို့ ခရီးသည်ဘတ်စ်ကား၊ ရထား၊ လေယာဥ်တွေနဲ့ ခရီးသွားရာမှာ မှတ်ပုံတင်မူရင်းမပါဘဲ ထောက်ခံစာနဲ့ သွားခွင့်မပြုဖို့ စစ်ကောင်စီက တင်းကြပ်တဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ်နီးပါး ကာလအတွင်းမှာ မှတ်ပုံတင် လုပ်ပေးတဲ့ စီမံချက်တွေ လအတန်ကြာ လုပ်ခဲ့တာကြောင့် နိုင်ငံအတွင်း နေထိုင်သူ အရွယ်ရောက်သူအားလုံးမှတ်ပုံတင် ရှိရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို တင်းကြပ်လိုက်တာ ဖြစ်ပါတယ်။
လက်တွေ့မှာတော့ နိုင်ငံသားမှတ်ပုံတင် သို့မဟုတ်ဧည့်နိုင်ငံသား အထောက်အထား လုပ်ဆောင်ဖို့ အခက်အခဲ ရှိသူတွေ သိန်းနဲ့ သန်းနဲ့ချီရှိနေတာလည်း ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနဆိုတာဟာ လာဘ်စားမှုအမြင့်ဆုံး အစိုးရဌါနတွေ ထဲ ပါဝင်နေတာ ဖြစ်ပါတယ်။ မှတ်ပုံတင် ပျောက်လို့ အသစ် သွားလုပ်တဲ့အခါ ကိုယ့်အချက်အလက်နဲ့ပတ်သက်တဲ့ ဖိုင်တဖိုင်ရှာဖို့ အတွက် ဘယ်လောက်ဆိုတာ သတ်မှတ်ပြီး ပိုက်ဆံတောင်းသလို ခရိုင်ရုံးတင်ရမယ့် ကိစ္စမျိုးဆိုရင်လည်း ခရိုင်ရုံးသွားရောက်တဲ့အတွက် သောင်းဂဏန်းနဲ့ တောင်းခံတဲ့ ဌာနမျိုးဖြစ်ပြီး နယ်စပ်ဒေသတွေ သွေးနှောလူမျိုးတွေကို မှတ်ပုံတင် အသစ်လုပ်ပေးရာမှာ သိန်းဆယ်ဂဏန်းကြီးကြီး လာဘ်ယူပြီး လုပ်ပေးနေကြတာ လူတိုင်း သိတဲ့ ကိစ္စရပ်ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။
ဝင်ငွေ ကောင်းသူ ပေးနိုင်သူတွေက သောင်းနဲ့ သိန်းနဲ့ချီ လာဘ်ပေးပြီး မှတ်ပုံတင်ကတ် လုပ်ကြပေမယ့် လက်လုပ်လက်စား ၊ ဝင်ငွေ အပိုအလျှံမရှိတဲ့ လူများစုအတွက်တော့ ကျပ် ၁သောင်းခွဲ ၂ သောင်း တောင်းခဲ့ရင်တောင် ပေးဖို့ အဆင်သင့်မရှိတဲ့ အခြေအနေမို့ ကျေးလက်တွေမှာ နေထိုင်ကြသူတွေနဲ့ မြို့ပေါ်က လက်လုပ်လက်စား အလုပ်သမားတွေအကြားမှာ မှတ်ပုံတင် လူတိုင်းရှိကြတာ မဟုတ်ပါဘူး။
ဒီအခြေအနေတွေကို စစ်ကောင်စီက သိရှိပြီးဖြစ်ပေမယ့်လည်း အခုလို မှတ်ပုံတင်ပြနိုင်မှ ခရီးသွားလက်မှတ်ရောင်းဖို့ ခရီးသွားခွင့်ပြုဖို့ လုပ်ဆောင်တာဟာ အာဏာပြတဲ့လုပ်ရပ် ၊ နောက်တချက်က လွတ်မြောက်နယ်မြေတွေလို တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ နေထိုင်သူ၊ မြို့ပေါ်က အဲဒီဒေသတွေကို ထွက်သွားပြီး ပြန်ဝင်လာသူတွေကို ဖေါ်ထုတ်ဖို့ ရည်ရွယ်တဲ့ နိုင်ငံရေး ရည်ရွယ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လက်တွေ့ ရလဒ်ကတော့ သင်္ကြန်ပိတ်ရက်မှာ နယ်အသီးသီးကို ပြန်ကြမယ့် အလုပ်သမားတွေထဲက မှတ်ပုံတင် ပျောက်လို့ ပြန်မလုပ်ရသေးသူတွေ မှတ်ပုံတင် မရှိသေးသူတွေအဖို့ မိမိတို့ ဇာတိမြို့ရွာကို ပြန်ဖို့မဖြစ်နိုင်တဲ့ အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ သတင်းတွေထဲမှာ တွေ့နေရပြီဖြစ်ပါတယ်။
အာဏာသိမ်းစစ်အစိုးရတွေရဲ့ သဘာဝအတိုင်း လူထုကို အာဏာပြတာ၊ စစ်တပ်က လုပ်ချင်တာကို လုပ်လို့ရတယ်ဆိုတဲ့ မက်ဆေ့ချ်ကိုပေးချင်တာ သဘာဝပဲ ဖြစ်ပါတယ်။ ကျူးကျော် အိမ်တွေ ဆိုင်ခန်းတွေကို အမိန့်နဲ့ ဖယ်ရှားခိုင်းတာတွေ နိုင်ငံအနှံ့ လုပ်နေသလို အခုလို မှတ်ပုံတင်မရှိရင် ခရီးသွားခွင့်မပြုဘူးဆိုတဲ့ အမိန့်မျိုးလည်း အကောင်အထည်ဖေါ်နေတာ ဖြစ်ပါတယ်။
လက်တွေ့မှာတော့ လမ်းခရီးက စစ်ဆေးရေးဂိတ်တွေဟာ ကျပ် ၅၀၀ ၊ ၁၀၀၀ က စလို့ လက်ဖက်ရည်ဖိုး အမည်ခံကာတောင်းခံနေသလို အခုလို မှတ်ပုံတင်မပါဘဲ သွားလာသူတွေအနေနဲ့ ထောင်ဂဏန်းနဲ့ ပိုက်ဆံပေးနိုင်ရင် ဖြတ်သန်းခွင့်ပြုမှာ သံသယဖြစ်စရာမလိုပါဘူး။ ငွေမပေးနိုင်သူတွေ အနေနဲ့တော့ အခုလို အခက်အခဲကို မဖြေရှင်းနိုင် မကျော်လွှားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာပါ။
စစ်ကောင်စီဟာ တနှစ်နီးပါး ကြာလာတဲ့အချိန်မှာ ရပ်/ကျေး အုပ်ချုပ်ရေး တွေကတဆင့် မြို့တွေမှာ မိသားစုလအလိုက် နေထိုင်တဲ့ စာရင်းတွေကို မကြာခင် သီတင်းပတ်တွေက စာရွက်တွေပေးပြီး ဖြည့်စေကာ ကောက်ယူနေတာ သတိပြုမိပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဧည့်စာရင်းစစ်ခြင်းဆိုတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းကို ပြန်လည်အသက်သွင်းဖို့ နိုင်၊ လွတ်၊ လုံဆိုတဲ့ နိုင်ငံသားများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ဆိုင်ရာနှင့် လုံခြုံမှု ကာကွယ်မှု ဥပဒေပါ အပိုဒ်အချို့ကို ဆိုင်းငံ့ထားလိုက်ပါတယ်။ ဧည့်စာရင်းစစ်ခွင့်လိုမျိုး ဝရန်းမပါပဲ ရှာဖွေ ချုပ်နှောင်ခွင့်၊ ၂၄ နာရီထက်ပိုပြီး ချုပ်နှောင်စစ်ဆေးခွင့်တွေ လုပ်နိုင်အောင် အထက်က ဥပဒေပါ အပိုဒ်တွေကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁နှစ်နီးပါးလောက်မှာ မြို့တွေ၊ ကျေးရွာတွေကို အုပ်ချုပ်ဖို့ထက် ဆန္ဒပြမှုတွေကို ဖြိုခွဲဖို့၊ ဦးဆောင်သူ၊ ပါဝင်သူတွေကို ဖမ်းဆီး အကျဥ်းချဖို့ အာရုံစိုက် လုပ်နေခဲ့ရာက အခုတနှစ်ကြာပြီးနောက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပြည်နယ်၊ တိုင်းအချို့ကလွဲရင် ရန်ကုန်၊ မန္တလေး နေပြည်တော် အစရှိတဲ့ ပြည်နယ်တိုင်းတွေမှာ ရပ်/ကျေး အုပ်ချုပ်ရေးက တဆင့် စာရင်းကောက်ယူတာတွေ လုပ်နေပြီဖြစ်ပါတယ်။
PDF လို့ ဆိိုရမယ့် မြို့ပေါ်က မြေအောက်လက်နက်ကိုင် တိုက်ခိုက်သူတွေက စစ်ကောင်စီရဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ရှိနေသည့်တိုင် ဒီလိုရာထူးတာဝန်တွေကို လက်ခံလုပ်ဆောင်မယ့်သူတွေ တယောက် လစ်လပ်သွားပြီးနောက်တယောက် အစားထိုးနိုင်နေကြတာ လည်း ဖြစ်ပါတယ်။ ဒီလို ရာထူးကို ယူပြီး မြေကိစ္စ၊ လုပ်ငန်းကိုင်ငန်းကိစ္စ စတဲ့ နေထိုင်ရေး စီးပွားရေး လုပ်ငန်းဆိုင်ရာတွေမှာ လာဘ်လာဘ တောင်းခံတာ အာဏာ အလွဲသုံးစားလုပ်ပြီး ငွေကြေးတောင်းခံခွင့်ရနေတာတွေက နောက်ထပ် လုပ်ကိုင်လိုသူတွေ ရှိနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို စစ်ရေးနည်းလမ်းနဲ့ နယ်မြေစိုးမိုးမှုအရ ဖယ်ရှားမယ့် နည်းလမ်းရှိသလို အောက်ခြေအကျဆုံး ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ယူမယ့်သူ မရှိတော့အောင် စည်းရုံးခြင်း သပိတ်မှောက်ခြင်း၊ လှုံ့ဆော်ခြင်း နည်းလမ်းတွေလည်း ရှိမှာ ဖြစ်ပါတယ်။ လက်ရှိလုပ်ဆောင်နေကြတဲ့ နည်းလမ်းကတော့ အောက်ဆုံးအဆင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းကို များသောအားဖြင့် မြို့တွေမှာ ကျင့်သုံးနေကြတာလည်း တွေ့ရပါတယ်။
အုပ်ချုပ်ရေးရဲ့ အောက်ဆုံးအလွှာမှာ ပါဝင်နေသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ နည်းနာကို သုံးပြီး အုပ်ချုပ်ရေးမတည်ဆောက်နိုင်အောင် လုပ်ဆောင်တာဟာ “လွယ်တဲ့ သစ်သီးခူးတယ်” ဆိုတဲ့စကားပုံလို လက်လှမ်းမှီတာကိုပဲ လုပ်တာဖြစ်ပြီး လက်လှမ်းမမှီတဲ့အပိုင်း၊ လုပ်ဆောင်မှုကို မလုပ်ဆောင်နိုင်တာမျိုးကြောင့် ရည်ရွယ်ချက်ပန်းတိုင် ပေါက်မြောက်မလားဆိုတာလည်း ပြန််လည် သုံးသပ်ကြည့်ကြဖို့ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar