ပီတာဂလန့် - တိုင်းပြည်ဖျက် အင်စတီကျူးရှင်းနှစ်ခု
(မိုးမခ) ဧပြီ ၆၊ ၂၀၂၂
◾️စစ်တပ်အင်စတီကျူးရှင်း
အရင်းစစ် အမြစ်မြေကဆိုသလို မြန်မာပြည်မှာဖြစ်နေတဲ့ ဖြစ်ရတဲ့ ပြဿနာအများစုရဲ့တရားခံအစစ်ဟာ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ကိစ္စက စပါတယ်။ သို့မို့ကြောင့်သာပဲ ကိုယ့်အလုပ်ကိုယ်မလုပ်ကြရတော့တဲ့ ပြဿနာက နောက်ကကပ်ပါလာပြီး မြန်မာပြည်ကြီးဟာ ''ကိုယ့်အလုပ်ကိုယ်မလုပ်ကြတဲ့ပြဿနာနဲ့ ကိုယ့်အလုပ်ကိုယ်မလုပ်ရတဲ့ပြဿနာ'' နှစ်ခုကြားမှာ ဒစ်လည်နေကာ ဘယ်အရာ ဘယ်ကဏ္ဍမှာမှ ရှေ့မရောက်နိုင်ဘဲ ဘက်ဂီယာထိုးနေမြဲ ဖြစ်နေရတာ ဖြစ်ပါတယ်။
ယူနီဖောင်းလေးဝတ် လက်နက်လေးကိုင်ရပြီဆိုတာနဲ့ အခြားလူတွေထက် သူတို့ကပဲ ခေါင်းတလုံးပိုမြင့်သယောင် အထင်ရောက်သွားတဲ့ စစ်ရူးအတွေး၊ ပဒေသရာဇ်ရူးအတွေးကစတာလို့ အတိအကျပြောရမှာဖြစ်ပါတယ်။ ကံဆိုးတဲ့ကျနော်တို့လူ့အဖွဲ့အစည်းကလည်းပဲ ယူနီဖောင်းဝတ်ထားလိုက်ရင် အလိုလိုခလုတ်နှိပ်မိလျက်သားဖြစ်ရသလို အပိုကျိုးရိုကျိုးခြင်းတွေ သိပ်လုပ်တတ်ကြတယ်။ အကျင့်ဖြစ်နေပြီလို့တောင် ပြောရမယ်ထင်တယ်။ သည်လိုကြားထဲမှာ တိုင်းပြည့်နိုင်ငံရေးအခြေအနေတွေကလည်း ရေနစ်သူကို ဝါးကူထိုးပေးနေသလို ဗရောက်ဗရက် အလွန်ဖြစ်ခဲ့ကြတယ်။
အဲသမှာ စစ်ရူးအတွေးအခေါ်နဲ့ အင်စတီကျူးရှင်းကြီးက ခေါင်းတထောင်ထောင်ဖြစ်ပြီး တိုင်းပြည်ကယ်တင်ဖို့ရာ သူတို့ကသာလျှင် အတတ်နိုင်ဆုံး (တာဝန်အရှိဆုံးလို့ ဆိုလိုတာမဟုတ်ပါ) ဆိုတဲ့ အယူအဆကို ဇွတ်ဆွဲသွင်း ခဲ့တာပါပဲ။ သည်တော့ ဘူးတောင်းနစ်လို့ စောင်းခြမ်းပေါ် ဆိုသလို ကျနော်တို့လူ့အဖွဲ့အစည်း၊သို့တည်းမဟုတ် ကျနော်တို့တိုင်းပြည်ကြီးဟာ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်နဲ့ ရှေ့မရောက်နိုင်ဘဲ တရွတ်တိုက်ဆွဲနေရတဲ့အဖြစ်ကို ဆိုက်နေရတာဖြစ်ပါတယ်။
ပြောရရင် လူ့အဖွဲ့အစည်းဆိုတာဟာ လူတစ်ဦးချင်းရဲ့ တန်ဖိုးကိုယ်စီနဲ့ ထောက်ကန်ဖွဲ့စည်းထားတဲ့ လူ့အလုပ် (လူ့လောကအလုပ်) ဆိုတာကို တွေးဆမသိခြင်းကြောင့်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အာဏာတို့လုပ်ပိုင်ခွင့်တို့လို ကိလေသာထူထူကြီးတွေရဲ့ စီးပိုးမှုကိုခံရတဲ့အခါမှာ ရူးနှမ်းသွပ်သွမ်းတဲ့ အမိုက်တိုက်စိတ်တွေ ဇွတ်တိုးမွေးမြူလာတဲ့အခါမှာ ပြည်သူကို လူလို့ကို မထင်တော့ပါဘူး။ သူတို့ ရွှေ့ချင်သလို၊ ထားချင်သလို အနိုင်ကျင့်လို့ရတဲ့ သတ္တဝါတွေအဆင့်လောက်ပဲ ထင်မြင်ယူဆလာကြပါတယ်။ ပြည်သူနဲ့တစ်သားတည်းဖြစ်ရမယ့် လူအဆင့်ကနေ အစာဝလင်အောင် မစားမသောက်ရတဲ့ ကိုက်ဖို့ခဲဖို့သက်သက် မွေးမြူထားခြင်းခံရတဲ့ တိရစ္ဆာန်တွေအဖြစ်ကို လျှောကျသွားတော့တာပါပဲ။
တိုင်းပြည်ရဲ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်လာတော့ ကာကွယ်ရေးအလုပ် လုပ်ရမယ့်သူတွေက ကာကွယ်ရေးအလုပ်ကို မလုပ်ကြတော့ဘဲ တိုင်းပြည်ရဲ့စီမံခန့်ခွဲရေးကဏ္ဍစုံမှာ ဝင်ပါလာကြတယ်။ တိုင်းပြည်လွတ်လပ်ပြီးစ ကာလတလျှောက်ကနေ သန္ဓေတည်မွေးဖွားလာတဲ့ ပြည်တွင်းစစ်ကို မီးမသေအောင် တမင်ပြုထားပြီး သူတို့တပ်မတော်ဆိုတာကြီးဟာ တိုင်းပြည်မှာ အရေးပါအရာရောက်သယောင်ပြုထားလိုက်တယ်။ တဖြည်းဖြည်း သူတို့ကိုယ်သူတို့ အရာရာသိ အရာရာတတ်တွေလို့ချည့်ထင်မြင်လာအောင် ပြည်သူတွေကို ညာလှိုင်းထားတယ်။ အဲသလို သွေးနားထင်ရောက် စိတ်ကြီးဝင်မှုတွေက တိုင်းပြည် ငါးပါးမှောက်ရတဲ့ အဓိကအကြောင်းရင်းကို ဖြစ်စေခဲ့ပါတယ်။
တကယ်တမ်း တိုင်းပြည်တပြည်ဖြစ်ဖြစ်၊ မြို့တမြို့၊ အိမ်တအိမ်ဖြစ်ဖြစ် တည်ဆောက်ရာမယ် ကျွမ်းကျင်ရာလိမ္မာဆိုသလို မိမိတတ်ကျွမ်းရာ အလုပ်ကိုယ်စီ ထည့်ဝင်သယ်ပိုးခြင်းဖြင့်သာ တိုးတက်ဖွံ့ဖြိုးစေရမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ စွယ်စုံရတတ်ကျွမ်းနေဖို့ မလိုအပ်ပါဘူး။ ကိုယ့်အလုပ် ကိုယ့်နယ်ပယ်ဆိုင်ရာမှာပဲ ပိုင်နိုင်ဖို့ ပိုလိုအပ်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ရှေ့နေ၊ စာရေးစာချီ၊ စာရေးဆရာ၊ နိုင်ငံရေးသမား၊ ကားဒရိုင်ဘာ၊ ဆိုက်ကားသမား၊ ခေါင်းရွက်ဗျတ်ထိုးစျေးသည် စသဖြင့် အားလုံးဟာ လောကအတွက် သူ့နေရာဌာန္တရအလျောက် အသုံးတည့် တန်ဖိုးရှိကြသူတွေချည့် ဖြစ်ပါတယ်။
သူ့နေရာအလျောက် အရေးပါအရာရောက်မှုတွေရဲ့ အရည်အသွေးတွေကို တန်ဖိုးမဲ့စေအောင် ယူနီဖောင်းချွတ်တွေက ဝင်ပိတ်နေရာယူထားကြတယ်။ အနိမ့်ဆုံးအဆင့် တပ်ထွက်ဆာတီဖစ်ကိတ်လေးရှိရင်ပဲ အရပ်ဘက်မှာ အလုပ်တနေရာ ဝင်လျှောက်လျှင် အလွယ်တကူရနိုင်အောင်ဖန်တီးပေးထားတယ်။ ယူနီဖောင်းဝတ်ထားရင်၊ ဝတ်ဖူးရင် နေရာဝင်ယူဖို့ပဲ ခေါင်းတလုံးသာသွားသယောင် ပြုထားကြတယ်။ ထိုသို့ဖြင့် ယူနီဖောင်းဝတ်အင်စတီးကျူးရှင်းကြီးကို လူတွေ (ပြည်သူတွေ) အထင်တကြီးဖြစ်စေအောင် စနစ်တကျတည်ဆောက်ပြခဲ့ကြတယ်။
ထိုလက်နက်ကိုင်အင်စတီးကျူးရှင်ကြီး တည်မြဲခိုင်ခန့်အောင်၊ သို့တည်းမဟုတ် ပြည်သူတွေ ထာဝရ မလှုပ်ဝံ့နိုင်အောင် အခြားယူနီဖောင်းဝတ် ပုလင်းတူဘူးစို့ကဲ့သို့ အင်စတီကျူးရှင်ကြီးတခုနဲ့လည်း ကျားကန်ထားပါတယ်။
◾️ဘာသာရေးအင်စတီကျူးရှင်း
တိုင်းပြည် ဆုတ်ယုတ်စေခဲ့တဲ့ အဓိကအကြောင်းတရားနောက်တခုက ဘာသာရေးပါပဲ။ မြန်မာနိုင်ငံမှာ ထွန်း ကားနေတဲ့ သာသနာရောင်ဝါဆိုတာကြီးက ဘယ်သူတွေအတွက်၊ ဘယ်လို အဖွဲ့အစည်းအတွက်ဆိုတာ အခုလို ခေတ်ဆိုးခေတ်ပျက်ကြီးမှာ ထူးထွေဆန်းစစ်ကြည့်စရာ မလိုလောက်အောင် ထင်ရှားလာပါတယ်။ နိုင်ငံတော်အဆင့် ဘာသာရေးအဖွဲ့အစည်းဟာ အုပ်ချုပ်သူကော ပြည်သူလူထုကောပါတဲ့ တတိုင်းပြည်လုံးကို ဉာဏ်အလင်းဖွင့်မပေးနိုင်ဘဲ အုပ်ချုပ်သူရဲ့ အလိုကျသာ ရွေ့လျားနေလို့ပါ။
မြန်မာ့နိုင်ငံရေးအကြောင်းကို သမိုင်းသဘောအရ လက်လှမ်းတမီရှိတဲ့ ပဒေသရာဇ်ခေတ်အစဖြစ်တဲ့ ပုဂံခေတ်လောက်က စလေ့လာရင်ပဲ နိုင်ငံရေးနဲ့ ဘာသာရေးဟာ ပုလင်းတူ ဘူးဆို့ပမာ လိမ်ယှက်နေတာကို တွေ့ရပါလိမ့်မယ်။ အရည်းကြီးရဟန်းတွေနဲ့ ရှင်အရဟံကို သထုံမှသယ်ဆောင်လာရာကစတင်သည်ဆိုသော ထေရဝါဗုဒ္ ဓဘာသာအကြောင်း၊ အနော်ရထာမတိုင်မီကပင် ထွန်းကားနှင့်သော ရုပ်တုကိုးကွယ်မှုများအကြောင်း စတာတွေဟာ ရှင်ဘုရင်တွေနဲ့ကိုးကွယ်မှုဘာသာ ဆက်နွှယ်ပတ်သက်ပုံတွေ ဖြစ်ပါတယ်။ အဲသည်ဇာတ်လမ်းတွေမှာ ရှင်ဘုရင်နဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေဟာ အုပ်ချုပ်ခံပြည်သူလူထုအပေါ်မှာ ကောင်းကျိုးပြုစေခဲ့တာထက် ဖိနှိပ်ချုပ်ချယ်ခြင်းအမှုကိုသာ အလေးပေးခဲ့တာကိုပဲ တွေ့ကြရပါမယ်။
လောက (ပြည်သူများ) ကောင်းကျိုးအတွက် ဗုဒ္ဓဘာသာရေး ဆိုသည်က ဘာတွေများ စွမ်းဆောင်နိုင်ခဲ့ပါသလဲ။ အခုလို တိုင်းပြည့်အကျပ်အတည်း ဆိုက်ချိန်မျိုးမှာ ပိုဆန်းစစ်ကြည့်သင့်ပါတယ်။ ပြောရရင် အခွင့်အခါပေးတယ်လို့ သဘောပိုက်ရပါမယ်။ ဘာသာရေးကို အုပ်ချုပ်ရေးရဲ့ အစေခံပမာ လက်ရှိအာဏာကို ပိုင်စိုးထားသူရဲ့ စေရာနှင်မှုအတိုင်း လှုပ်ရှားကြရသူတွေသာ ပိုများနေပါတယ်။ တကယ်ဆို ဒကာမှားနေရင် ဆရာက ဆုံးမပဲ့ပြင်ဖို့ မသင့်ပေဘူးလား။ အခုတော့ ထို့သို့မဟုတ်ပါချေ။ အုပ်ချုပ်သူက ဘယ်ရက်ကဘယ်ရက်ထိ ပရိတ်လေးရွတ်ပေးကြပါ၊ ပဋ္ဌာန်းလေးရွတ်ပေးကြပါဆို လိုက်လုပ်ပေးနေကြရတယ်။ လိုက်ပါဆောင်ရွက်ကြရတဲ့ ရဟန်းသံဃာများဟာ ပြည်သူတွေအတွက် မည်သို့သော အကျိုးကျေးဇူးများ ရပါသလဲဆိုတာတောင် ဆန်းစစ်နိုင်တဲ့အင်အား ရှိဟန်မတူကြ။ ဟန်နာဘိကိုတောင် သိသူတွေပဲ တိုင်းပြည်ကိုဖျက်ပြီး ပြည်သူတွေကို တရားလက်လွတ်ရန်သတ္တရုပြုနေတာကို မသိဘူးဆိုရင် မသိချင်ယောင်ဆောင်နေလို့ပဲ ဖြစ်မှာပါ။
သာမန်အခြေအနေမျိုးမှာဆိုလည်း အနိမ့်ဆုံး မြင်သာသည့် မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ပြန်လှန်ဆန်းစစ်လေ့လာကြည့်ပါ။ ရပ်ကွက်၊ ကျေးရွာတိုင်းရဲ့ ခေါင်းရင်းထိပ်ဖျားမှာ ထွတ်ထွတ်မြတ်မြတ်ထားကြပါတယ်။ ကျောင်းဝင်းက အကျယ်ကြီး၊ ကျောင်းကြီးတွေက ဟီးလို့၊ နေထိုင်သီတင်းသုံးကြတာက တစ်ပါးစ နှစ်ပါးစမျှသာ ရှိပါတယ်။ တိတိကျကျ ထပ်ပြောရရင် ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဆိုတာလို အနှစ်အသားမပါတဲ့ အပေါ်ယံရုပ်ပိုင်းထွန်းကားမှုတွေသာ မြင်ကြရပါမယ်။
သာသနာထွန်းကားတယ်ဆိုတာ ဘာကိုခေါ်ပါသလဲ။ လူတွေရဲ့ ရင်ထဲ၊ နှလုံးသားထဲက သန္တာန်တွေမှာ လူပီသလိုစိတ်တွေ ပိုမိုကောင်းမွန်လာဖို့၊ ပိုယဥ်ကျေး ပိုလှတဲ့ လောက်ကဖြစ်ဖို့ ဒီလို စိတ်ကောင်းစိတ်မြတ်တွေကို မြဲအောင် တည်ဆောက်ပေးကြရမှာ မဟုတ်ပေဘူးလား။
ကထိန်ဆို ကထိန်လိုက်ကြ၊ ရှင်ပြုရဟန်းခံဆို ခံလိုက်ကြ။ အုန်းအုန်းကျက်ကျက်နဲ့ သောက်စားကခုန်ကြတဲ့ ပျော်ပွဲရွှင်ပွဲလို ဖြစ်နေတာ ကာလရှည်ကြာခဲ့တာ ဘယ့်ကလောက် ရှိပါပြီလဲ။ သိမ်ဝင်သိမ်ထွက် လာဘ်လာဘတွေပေါလျှံကြွယ်ဝတာ သာသနာထွန်းကားတာလား။ အဲသလို အဖြစ်အပျက်တွေကို သံဃာ့မဟာနာယကလို အဖွဲ့ကြီးက ဆန်းစစ်တည့်မတ်ပေးဖို့ မလိုအပ်ဘူးလား။
အခုဆို တိုင်းပြည်ကို ကောင်းစားစေလိုတဲ့ အပြုအမူ အရိပ်အခြည် တစ်ပြားသားဖို့မှ မတွေ့ရဘဲ အာဏာငန်း ဖမ်းစိတ်နဲ့သာ ပြည်သူတွေအပေါ် အစဥ်းစား အဆင်ခြင်မဲ့စွာ မီးလောင်တိုက်သွင်း ဖျက်ဆီးနေတဲ့ အာဏာ ရူးလုပ်ရပ်ကို မဖြောင်းဖျရုံသာမက မြှောက်ပင့်ပြောဆိုနေတာတွေဟာ ဗုဒ္ဓဘာသာအမည်ခံထားတဲ့ ရဟန်းသံဃာတွေရဲ့ အလုပ်လား။ မေးခွန်းထုတ်ကြရပါမယ်။ သာသနာကို ဖျက်ဆီးနိုင်တာ မိမိရဲ့ သာသနာတွင်းကပဲ ဖြစ်တာပါ။ ဘယ်သူ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်တိုင်းပြည်ကမှ မလုပ်နိုင်စွမ်းပါဘူး။ ကိုယ့်အရိုးနဲ့ စည်းရိုးထိုးမယ်ဆိုတာ အညာအလှိုင်း လှိမ့်လုံးတွေပဲ ဖြစ်ပါတယ်။ ဉာဏ်မပါတဲ့ မဘသတွေလည်း ဉာဏ်လေးထည့် စဥ်းစားကြပါအုံး။ ပြည်သူချင်းသွေးကွဲအောင် သွေးခွဲတဲ့လုပ်ရပ်တွေကို မိမိဉာဏ်နဲ့ ဆန်းစစ်ကြည့်ကြပါ။ သာသနာပြုနေတာလား၊ သာသနာဖျက်နေတာလား။
◾️နိဂုံး
အင်စတီကျူးရှင်းနှစ်ခုလုံးဟာ ယူနီဖောင်းအသွေးအရောင်သာ ကွဲပြားပါတယ်။ တည်ဆောက်ထားတဲ့ အတွင်းသဘောသကန်က တူညီများစွာနဲ့ပါ။ ရာထူး ကြီး/ငယ်၊ ဝါစဥ် ကြီး/ငယ် အထက်ကနေ အောက်ကို စီးဆင်းတဲ့ ဆက်ဆံရေး၊ အောက်ကနေ အပေါ်ကို ဝေဖန်ထောက်ပြလို့ မရ။ အမိန့်နာခံတတ်မှုနဲ့သာ စီရင်တယ်။ နိုင်ငံတော်အတွက်လို့ ပါးစပ်ကမချတန်း ပြောတတ်တာလည်း အတူတူပါပဲ။ နိုင်ငံတော်ထဲမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို မထည့်သွင်းထားပုံကလည်း တူညီတယ်။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံဟာ မတူဘူးဆိုတာကို ရိုက်သွင်းထားတယ်။ သီးခြားဖြစ်ထွန်းရတဲ့ လူတန်းစားနှစ်ရပ်လို့ ထင်မှတ်အောင် ခြောက်တခါ ဟောက်တလှည့် ပြုထားနိုင်တယ်။ ဒီအဖွဲ့အစည်းနှစ်ရပ်လုံးက ပြည်သူလူထုကို စေသည့် ကျွန်၊ ထွန်သည့် နွားပမာလိုပဲ သဘောထားတယ်။ သူတို့က ပြည်သူတွေထက် ခေါင်းတလုံးပိုမြင့်တယ်လို့ ထင်စေအောင်လည်း အစဥ်သဖြင့် အားထုတ်ထားတယ်။
ပြည်သူ့အကျိုးစီးပွားကို အလေးထားပြီး နိုင်ငံတိုးတက်ကောင်းစားဖို့ဆိုလျှင် အထက်မှာ နှိုင်းယှဥ်ပြောပြခဲ့တဲ့ အင်စတီးကျူးရှင်းနှစ်ခုလုံးဟာ မိမိတို့ရဲ့ မူလရင်းမြစ်အလုပ်ကို တဖြောင့်တည်းသောစိတ်နဲ့ ဦးတည်ပြီး တခုနဲ့တခု မရောယှက်စေဘဲ မိမိအလုပ်မိမိ ပီပီသသ လုပ်နိုင်ရပါမယ်။ ထိုသို့လုပ်နိုင်ဖို့အတွက် ပြည်သူတွေကလည်း mindset တွေ ချိန်းရပါမယ်။ တစ်ကနေပြန်စပြီး reform လုပ်ရလုပ်ရပေါ့၊ ကျနော်တို့ပြည်သူတွေမှာလည်း ခိုင်မာပြတ်သားတဲ့ သန္နိဋ္ဌာန်တွေရှိထားပြီးဖြစ်တာကြောင့် နှစ်ခုလုံးကို တပြိုင်နက်တည်း တွန်းလှန်နိုင်မှသာ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ပြောင်းလဲခြင်းဆီ ရောက်နိုင်မယ်လို့ ယူဆပါတယ်။ သို့မှသာ သင်္ကန်းလည်း ကြောက်ရ၊ သေနတ်လည်း ကြောက်ရတဲ့ဘဝက ကျနော်တို့ လွတ်မြောက်နိုင်မယ်လို့ မြင်မိပါကြောင်း။
ပီတာဂလန့်
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar