မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂လ ၂၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၂
◾️ နိုင်ငံရေးအကျဉ်းကျသူတွေ ပြောင်းရွှေ့၊ မီးရှို့ခံနေရဆဲ စစ်ကိုင်းတိုင်းက ကျေးရွာတွေ
စစ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေကို စစ်ကောင်စီက စံချိန်တင်ဖမ်းဆီးမှုတွေနောက်မှာ အကျဥ်းထောင်တွေက အမိန့်ချပြီးတဲ့ အကျဥ်းကျသူတွေကို နယ်ထောင်တွေကို ခွဲပြီးပို့တဲ့ အဖြစ်အပျက်စတင်လာပြီဖြစ်ပါတယ်။
ခုရက်ပိုင်းသတင်းတွေထဲ နိုင်ငံရေးအကျဥ်းသားတွေကို သာယာဝတီထောင်၊ ကျိုက်မရောထောင်နဲ့ ဒိုက်ဦးထောင်တွေကို ပြောင်းရွှေ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ခုရက်ပိုင်းမှာ သာယာဝတီနဲ့ ကျိုက်မရောထောင်တွေကို နိုင်ငံရေးပုဒ်မနဲ့ ပြစ်ဒဏ်ကျ အမျိုးသား ၁၀၀ နဲ့ အမျိုးသမီး ၃၀ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေဖေါ်ပြထားကြပါတယ်။ ဒီသတင်းဟာ ဖမ်းဆီးထိန်းသိမ်းခံ မိသားစုအဖို့ တပူပေါ် နှစ်ပူဆင့်သလို့ စိတ်ဆင်းရဲစရာဖြစ်ပါတယ်။ မိသားစုအနေနဲ့ အကျဥ်းကျခံနေရသူက မိမိတို့ နေထိုင်တဲ့မြို့ အကျဥ်းထောင်မှာ အကျဥ်းကျနေခဲ့ရင် ခရီးစရိတ်နဲ့ အချိန်သီးသန့်များများ အကုန်ခံစရာမလိုပဲ တလမှာနှစ်ကြိမ် ပစ္စည်းပို့နိုင်ပေမယ့် နယ်မြို့ထောင်တွေကိုရောက်သွားတဲ့အခါ သွားလာစရိတ်နဲ့ ထောင်ဝင်စာပို့ဖို့ ခရီးသွားရတဲ့ အချိန်ပါပေးရမှာမို့ လနဲ့ချီမှသာသွားတွေ့နိုင်မယ့် အခြေအနေမျိုးဖြစ်လာပါတယ်။
အရင် စစ်အစိုးရ လက်ထက်မှာတုန်းကလည်း နိုင်ငံရေးအကျဥ်းသားတွေကို နိုင်ငံအနှံ့အပြားက အကျဥ်းထောင်တွေဆီ ဖြန့်ခွဲပြီးပို့ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီခေတ်က မိသားစုတွေ ခဏခဏ ထောင်ဝင်စာတွေ့ဖို့ မလွယ်ကူအောင် စစ်အစိုးရက တမင်တကာ ဗျူဟာအရ ခွဲထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကာလက ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင်တွေကို ဝေးပေ့ သွားရလာရခက်ခဲဆုံးထောင်တွေကို ပို့ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ၊ ကလေး၊ မြောက်ပိုင်း ဗန်းမော်၊ အရှေ့မြောက် လားရှိုးတို့တွေကို ပို့သလို ရခိုင်ပြည်နယ်က ဘူးသီးတောင်ထောင်တို့လို၊ ရှမ်းအရှေ့က မိုင်းဖြတ်၊ မိုင်းပျဥ်း၊ မြောက်ပိုင်းအစွန် မြစ်ကြီးနား၊ ပူတာအို၊ တောင်ပိုင်းစွန်းက ကော့သောင်းတို့လို အနှံ့အပြားကို ပို့ခဲ့ကြတဲ့ အဖြစ်အပျက်တွေ အများကြီးရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် မှာနိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးခဲ့တဲ့အချိန်မှာ မြန်မာနိုင်ငံအနှံ့အပြားကနေ လွတ်မြောက်ခဲ့တဲ့အဖြစ်တွေ သတင်းတွေထဲမှာ အမှတ်ရနေဆဲဖြစ်ပါတယ်။
အခုလည်း စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဖမ်းဆီးသူ ၁ သောင်း ၃ ထောင်ကျော်ဟာ အကျဥ်းထောင်တွေထဲမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ကလေး၊ ထားဝယ် စသဖြင့် အများအပြား အမှုရင်ဆိုင်နေကြဆဲရှိသလို အချို့လည်း အမှုပြီးဆုံးသွားတဲ့သူတွေ အများအပြားရှိနေတာကြောင့် အခုလို အင်းစိန်၊ အိုးဘိုထောင်တွေကနေ မြို့ငယ်တွေက ထောင်တွေနဲ့ အစွန်အဖျားဒေသတွေက ထောင်တွေကို ခွဲဖြန့်ပြီး ပို့ကြမယ့် အနေအထားတွေ တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။
ရန်ကုန်အင်းစိန်ထောင်က နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူတွေထဲက အမိန့်ချပြီး အမှုလက်ကျန်မရှိတော့သူတွေကို စုစည်းပြီးနယ်ထောင်တွေကို ဆက်လက်ဖြန့်ခွဲပြီး ပို့သွားဖို့ ပြင်ဆင်ထားတယ်လို့ ခန့်မှန်းရပါတယ်။
မိသားစုဝင်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အဖို့တော့ ပိုမိုခက်ခဲတဲ့ အနေအထားကို ရင်ဆိုင်ကြရမယ့် အခြေအနေလို့ ဆိုရမယ့် သဘောလည်းဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ တနှစ်တာလုံးမှာ အပူဆုံးရာသီဥတုကာလ နွေရာသီအလယ် ဧပြီလလိုကာလမှာ PDF လက်နက်ကိုင် လှုပ်ရှားရာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အထက်ပိုင်းတွေမှာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့နေဆဲ ဖြစ်တဲ့ သတင်းဖြစ်ပါတယ်။ ခင်ဦးမြို့နယ်ထဲက ရွာသာရွာနဲ့ ချောင်းဦးမြို့နယ်ထဲက အင်းမရွာ နှစ်ရွာက အိမ်ခြေ ၁၃၀ ကျော်ကို ခုရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက PDF လှုပ်ရှားမှု ရှိနေတဲ့ မြို့နယ်တွေမှာ ရှိတဲ့ ကျေးရွာတွေက အိမ်ခြေထောင်နဲ့ချီ မီးရှို့ခံခဲ့ကြရပြီး ယခုလည်း ဆက်လက် မီးရှို့မြေလှန်ကာ PDF လှုပ်ရှားမှုကို အားနည်းအောင် လုပ်ဆောင်နေကြပါတယ်။ စစ်ကောင်စီရဲ့ ဒီလိုမြေလှန်တဲ့ နည်းဗျူဟာက အောင်မြင်သလား သို့မဟုတ် နေအိမ်၊ ပိုင်ဆိုင်မှု၊ ရိက္ခာနဲ့ လူ့အသက်တွေ ဆုံးရှုံးကြရတဲ့နောက် ကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ နာကျည်းမှု မခံမရပ်ဖြစ်မှုတွေက PDF တွေကို ထောက်ခံဖို့ ဖြစ်လာစေတဲ့ ပြောင်းပြန်သက်ရောက်မှုတွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar