ဟာရှိန်း - ငါတို့လာချင်လာမယ် ပြန်ချင်ပြန်မယ်
ဟာရှိန်း
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၂
ငါတို့မြို့
ငါတို့ပိုင်တယ်
တောတောင်လျှိုမြောင်ကိုဖြတ်
ကိုယ့်အိမ်ကို တခေါက်ပြန်မြင်ရဖို့
ချွေးတွေနဲ့ပြန်ခဲ့တယ်
သွေးတွေလည်းရဲခဲ့တယ်။
အလံတော်ကိုလွှင့်တင်ရမယ့်
တောင်ကုန်းကိုလည်း ကြည့်ခဲ့တယ်
ဘောလိဝုဒ်ဇာတ်ဝင်ခန်းတခုထဲကလို
အလံတော်ကိုလွှမ်းခြုံပြီးပြန်ခဲ့ရမယ်ဆိုရင်တောင်
ဆက်ဆက်ပြန်လာခဲ့မယ်ဆိုတဲ့စိတ်နဲ့ကြည့်ခဲ့တယ်။
တိုင်းပြည်တခုရဲ့ ဖခင်အစစ်အမှန်ဟာ
ပြည်သူသာဖြစ်ကြောင်း ကြေညာဖို့
ငါ့မြို့ဆီ ငါပြန်ခဲ့တယ်
ထူပြောများပြားလှတဲ့ ဖက်ဆစ်ကင်းစခန်းတွေကိုဖြတ်ပြီး
ငါ့မြို့ဆီ ငါပြန်ခဲ့တယ်။
ငါဟာ ငါတို့ထဲက တယောက်ယောက်ဆိုတာသေချာခဲ့ပါတယ်
ငါ့လိုပဲ ငါတို့ထဲက တယောက်ယောက်လည်း
ငါတို့မြို့ဆီ ပြန်လာဦးမယ်
ငါတို့မြို့ ငါတို့ပိုင်တယ်
ငါတို့ပြန်ချင်ပြန်မယ် လာချင်လာမယ်
တခုတည်းသော တော်လှန်စိတ်နဲ့။
အေပရယ် ၂၀၂၂။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar