Breaking News

နိုင်မွန်အောင်သွင် - သူပဲနေ့ သူပဲည

သူပဲနေ့ သူပဲည
နိုင်မွန်အောင်သွင်
(မိုးမခ)ဧပြီ ၂၀၊ ၂၀၂၂

သူပဲနေ့ သူပဲည
ဘ၀က ဗုံလုံတလှည့် ငါးပျံတလှည့်
မှန်ကင်းတလှည့် ထင်းတလှည့်
အတူတူနေခဲ့ရတဲ့နေ့တွေကို စမ်းချောင်းလေးလို့အမည်ပေးမယ်
ဝေးခဲ့ရတဲ့ရက်တွေကိုတော့ ငရဲပန်းခြံလို့ခေါ်ရမယ်။

သူပဲနေ့ သူပဲည
ပေါ့ပေါ့ဆဆယုံကြည်ခဲ့သမျှ
လေးလေးနက်နက်အသည်းကွဲခဲ့ရတယ်
ငါမချစ်ရင်မဖြစ်ဘူးလို့ အရူးပါးစပ်က နတ်စကားထွက်တယ်။
အခါတစ်ရာမြင်ဖူးလည်း မူးဟာမြစ်ပါပဲ။

ငါဟာ
နတ်ဆိုးတွေတီးတဲ့ဗုံပေါ်မှာမှ ကမိသူပါ။

သူပဲနေ့ သူပဲည
ရသမျှလင်းခဲ့ပြီး
ရသမျှမှောင်ခဲ့တယ်။
နောက်ဆုံးတော့ အိပ်မက်အကျိုးအကြေတွေသာ မတန်တဆရခဲ့တယ်။
မျှော်လင့်ချက်တွေက မခမ်းနားလှပေမယ့် ဆန်းပြားတဲ့တံပိုးခရာပဲ။

အလံတွေလွှင့်ကြ
ဓားလှံတွေမြှောက်ကြ။
သူဟာ နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ်
ရာဇ၀င်အသစ်လိုပဲ ချစ်ရတယ်။
 
၂၀.၄.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar