မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၉၊ ၂၀၂၂
ဧပြီ ၁၈ ရက် - လောင်စာဆီ အကျပ်အတည်း ကြုံရတော့မလား
ဒီနေ့သတင်းအချို့မှာ ရန်ကုန်မြို့က ပုဂ္ဂလိက လောင်စာဆီ အရောင်းဆိုင်တွေမှာ ဝယ်ခွင့်ပမာဏ ကန့်သတ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ကိုယ်တိုင်ကြုံတွေ့ရသူတချို့ရဲ့ ပို့စ်တွေတင်တာ တွေ့ခဲ့ကြရပြီးနောက် သတင်းဌာနတချို့က သီရိလင်္ကာနိုင်ငံက မတည်မငြိမ်ဖြစ်မှုတွေနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံ အရန်လောင်စာဆီသိုလှောင်မှု ပမာဏ ပြတ်လတ်နေပြီး လောင်စာပြတ်လပ်မှု ကြုံရတော့မယ့် သဘောမျိုး ရေးတာတွေလည်း တွေ့ရပါတယ်။
ဒါပေမဲ့ အဆိုပါ အချက်အလက်တွေ ဘယ်လောက်ခိုင်လုံမှု ရှိ မရှိတော့ မသိရပါဘူး၊ ဧပြီ ၁၉ ရက် နံနက်မှာတော့ ပုဂ္ဂလိက လောင်စာဆီအရောင်းဆိုင်တချို့က ဝယ်ယူခွင့်ပမာဏ ကန့်သတ်တာ၊ ဓါတ်ဆီ ရောင်းချမှု ခေတ္တဆိုင်းငံ့ထားတာ စတဲ့ အခြေအနေတွေကြုံရတယ်လို့ ရန်ကုန်မြို့နေသူတွေက ဆိုပါတယ်။
လောင်စာဆီ ပြတ်လတ်မှာစိုးရိမ်တာကြောင့် လိုလိုမယ်မယ် ဝယ်ဖြည့်တာတွေလည်း ဖြစ်လာနေပြီး စျေးကွက်မှာ ဂယက်ရိုက်ခတ်မှုတွေ ပိုမြင့်တက်လာနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ သုံးစွဲတဲ့ လောင်စီဆီရဲ့ ၈၀/ ၉၀ ရာနှုန်းက ပြည်ပက တင်သွင်းရတာဖြစ်လို့ ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက် မြင့်တက်လာတဲ့ လောင်စာဆီ စျေးနှုန်းတွေရဲ့ ရိုက်ခတ်မှုကို ခံနေကြရချိန် သယ်ယူပို့ဆောင်ခ စျေးနှုန်းတက်လာတာ၊ ခရီးစရိတ်တွေ ကြီးမြင့်လာတာတွေကို ခံနေရချိန်မှာ အခုလို လောင်စာဆီ ပြတ်လတ်မယ့် အရိပ်အယောင်တွေက ကုန်စျေးနှုန်းကို ထပ်ပြီး မြင့်တက်စေနိုင်တာလည်း ဖြစ်ပါတယ်။
စျေးတွေထဲ နေ့စဥ်ဝယ်ယူစားသုံးနေရတဲ့ အသားငါးတွေရဲ့ စျေးနှုန်းတွေ ပြီးခဲ့တဲ့လမှာတင် သိသိသာသာ မြင့်တက်ခဲ့တာလည်း သတိပြုမိပါတယ်။ ယခင်က တပိသာ ကျပ် ၁သောင်းစွန်းစွန်းသာ ရှိတဲ့ မွေးမြူရေးငါးကြင်းက ကျပ် ၂ သောင်းလောက်ထိ မြင့်တက်ခဲ့ပြီး အခုသီတင်းပတ်မှာ ၁၈၀၀၀/ ၁၉၀၀၀ လောက်ရောက်နေပါတယ်။ ဝက်သားက ယခင် ၁၃၀၀၀ ကျပ်ကနေ အခု ၁၄၀၀၀ ကျပ် ရောက်လာနေပါတယ်။ အလားတူ ဟင်းသီးဟင်းရွက်တွေလည်း သယ်ယူပို့ဆောင်ခ စျေးမြင့်လာလို့ အနည်းနဲ့အများ တိုးမြှင့်ရောင်းချလာကြတာ ဖြစ်ပါတယ်။ ငါး ပုစွန် ရေထွက်ပစ္စည်းတွေက ငါးဖမ်းလှေတွေ သုံးစွဲရတဲ့ လောင်စာဆီစျေးမြင့်တက်တာကြောင့် သိသာဆုံး ဖြစ်သလို တဖန် နယ်စပ်ကုန်သွယ်ရေး လမ်းခရီး လုံခြုံရေး အခြေအနေတွေကြောင့်လည်း အခြားသော နယ်စပ်က တင်သွင်းတဲ့ ပစ္စည်းတွေ ခုသီတင်းပတ်တွေမှာ စျေးမြင့်တက်လာနေတာ သတိပြုမိပါတယ်။
ဒီလိုအခြေအနေအောက်မှာ လောင်စာဆီ ပြတ်တောက်မယ့် အရိပ်အယောင်မျိုး ထွက်ပေါ်လာတာဟာ မီးလောင်ရာလေပင့် အခြေအနေဖြစ်ပါတယ်။ အချို့ကတော့ သီရိလင်္ကာနိုင်ငံရဲ့ လတ်တလောကြုံနေရတဲ့ နိုင်ငံခြားငွေပြတ်လတ်မှု အကြပ်အတည်းနဲ့ တိုက်ရိုက်နှိုင်းယှဥ်ပြောဆိုနေကြတာလည်း ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအခြေအနေဟာ သီရိလင်္ကာနိုင်ငံလို နိုင်ငံခြားအရံငွေ ပြတ်လတ်တဲ့ ပြဿနာ ဟုတ် မဟုတ် ဆိုတာတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။ ဧပြီလဆန်းမှာ ဗဟိုဘဏ်က နိုင်ငံခြားငွေ ဝင်ရောက်မှုကို နေ့တွင်းချင်း မြန်မာကျပ်ငွေပြောင်းဖို့ အမိန့်ထုတ်ခဲ့တာဟာ နိုင်ငံခြားငွေ လည်ပတ်မှုအခက်အခဲကြောင့်လို့ ယူဆရပြီး ဒီအချက်က အခုလောင်စာဆီပြတ်လတ်မယ့် လက္ခဏာတွေ နဲ့ တိုက်ရိုက် ဆက်စပ်နေသလားဆိုတာတော့ မပြောနိုင်သေးပါဘူး။
သီရိလင်္ကာလို ကြီးမားတဲ့ စီးပွားရေးအကြပ်အတည်းကနေ နိုင်ငံရေး ပေါက်ကွဲမှုလို အခြေအနေမျိုးကို တော်လှန်ရေးအတွက် အသုံးချဖို့ တွေးမိသူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သီရိလင်္ကာနဲ့ မတူကွဲပြားတဲ့ အခြေအနေတွေလည်း အများအပြားရှိပါတယ်။ တရုတ်၊ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေး၊ ရေထွက်နဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေက နိင်ငံအတွက် ဝင်ငွေရရှိရာ အရင်းမြစ် ဖြစ်ပြီး သီရိလင်္ကာ နိုင်ငံကတော့ ခရီးသွားလုပ်ငန်းက နိုင်ငံရဲ့အဓိကဝင်ငွေ ရတဲ့ အရင်းမြစ်ဖြစ်ပြီး နှစ်နဲ့ချီလာတဲ့ ကိုဗစ်ကူးစက်မှုက ခရီးသွားလုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်ရာက အခုလို အကြပ်အတည်းနဲ့ ကြုံရတဲ့သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သီးခြား အကြပ်အတည်း အခက်အခဲတွေလည်း သီရိလင်္ကာနဲ့ မတူတာတွေ ရှိတာကိုလည်း ထည့်သွင်းစဥ်းစားစရာ ရှိနေပါတယ်။ ပြည်တွင်းစစ် ဒုက္ခသည်နဲ့ ၄င်းတို့အတွက် အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီစတာတွေလည်း မြန်မာနိုင်ငံရဲ့ သီးခြားပြဿနာတွေ ဖြစ်ပါတယ်။
လောင်စာဆီ ပြတ်လပ် အမှန်တကယ်ကြုံတွေ့ရမယ်ဆိုရင် လူတွေရဲ့ နေ့စဥ်ဘဝကို ရက်အနည်းငယ်အတွင်း ကြီးမားတဲ့ ထိခိုက်မှုတွေ သက်ရောက်နိုင်တာကြောင့် နကိုကတည်းက ပြိုလဲလုနီးနီး ဖြစ်နေတဲ့ စီးပွားရေး လုံခြုံရေး အခြေအနေတွေအပေါ် ကြီးမားတဲ့ ဂယက်တွေ ကျရောက်လာနိုင်တာတော့ အသေအချာပဲ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar