ရဲသျှမ်း - ကိုနေ(မန်း) ဘာသာပြန် အဖေနှင့်သားများ စာအုပ်ခံစားမှု
ကိုနေ(မန်း) ဘာသာပြန် အဖေနှင့်သားများ စာအုပ်ခံစားမှု
ရဲသျှမ်း
(မိုးမခ) ဧပြီ ၂၀၊ ၂၀၂၂
ရုရှစာရေးဆရာ Ivan Turgenev ရဲ့ Fathers and Sons ကို ကိုနေ (မန်း) ကအဖေနဲ့သားများဆိုပြီး ဘာသာပြန်ထားတဲ့စာအုပ် ဖတ်ရပါတယ်။ ဝတ္ထုက ခေတ်တွေကွာခြားသွားတဲ့အတွက် အဖေနဲ့ သားတွေရဲ့တွေးခေါ်ပုံ မတူညီတာတွေကို ထင်ဟပ်ပြထားပါတယ်။ ဇာတ်လမ်းအသားပေးမဟုတ်ဘဲ အဓိကဇာတ်ကောင် ဗာဇာရော့၊ ပါဗဲ၊ နီကိုလိုင်၊အာရကားဒီတို့ကိုထင်ဟပ်တဲ့ ဇာတ်ကောင်သရုပ်တွေကို အပြော၊ အပြတွေနဲ့ဖွဲ့သွားရင်း မတူညီတဲ့ဒဿနတွေကို ထုတ်ပြသွားတာပါပဲ။
ခေတ်မီတဲ့အတွေးအခေါ်ရှိတဲ့မြေပိုင်ရှင်ကြီး နီကိုလိုင်ရဲ့သား အာရကားဒီ ပညာသင်ပြန်လာတော့ သူငယ်ချင်းဗာဇာရော့အလည်လိုက်လာရာကနေ ဝတ္ထုကို ဇာတ်ရှိန်မြှင့်လိုက်တာ ဖြစ်ပါတယ်။
ဝတ္ထုအဆုံးမှာ မင်္ဂလာပွဲ ၂ ပွဲ ကျင်းပနိုင်ခဲ့တယ်။
ဗာဇာရော့ကတော့....။
ဆရာနွယ်သစ်ရဲ့ ကမ္ဘာကျော်စာအုပ် ၁၀၀မှာ အဖေနဲ့သားများအကြောင်းရေးခဲ့ရာမှာ..ဘဝပူပူကိုနှစ်သက်ခဲ့သူ ဗာဇာရော့၏မြေပုံအပေါ်၌ စိမ်းစိုအေးမြသောမြက်ပင်ကလေးများသည် လေပြည်လေညင်းတွင် ယိမ်းကနေလေသည်...တဲ့။ အကျဉ်းရေးသွားပါတယ်။
ဘာသာပြန်ဆိုသူ ဆရာကိုနေ(မန်း)ကတော..။
အုတ်ဂူပေါ်ကဖုန်မှုန့်တွေကိုဖယ်ရှားပေးကာ ထင်းရှူးပင်က အကိုင်းတစ်ခက်ကိုချိုးချထားပြီးတော့ ဆုတောင်းပေးကြတယ်။ သူနဲ့ပတ်သက်တဲ့ အမှတ် တရတွေရှိရာ သူတို့သားနဲ့ပိုနီးကပ်တယ်လို့ သူတို့ထင်ရာနေရာကနေတို့ကိုယ်သူတို့ မခွာနိုင်ဖြစ်နေကြပြန်ရော။ သူတို့ဆုတောင်းတာတွေ ဖြစ်လာနိုင်ပါ့မလား။ သူတို့မျက်ရည်တွေက အဓိပ္ပာယ်မရှိတော့ဘူးလား။ ဒီချစ်ခြင်းမေတ္တာကြောက်မက်ဖွယ်ကောင်းတဲ့အစဉ်ချစ်ခင်သစ္စာရှိပြီး လုံးလုံးလျားလျားမြုပ်နှံထားတဲ့ ချစ်ခြင်းမေတ္တာဆိုတာက လုံးဝစွမ်းပကားမရှိတော့ဘူးလား။ အိုး။ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရမ္မက်ပြင်းပြင်းပျပျ အပြစ်ရှိပြီးဆိုဆုံးမခက်တဲ့ တော်လှန်ပုန်ကန်တဲ့နှလုံးသားကတော့ ဒီအုတ်ဂူအတွင်းမှာ ခိုအောင်းနေပါပြီ။ အဲဒီအုတ်ဂူမြေပုံပေါ်ကနေပေါက်ရောက်ကြီးထွားရှင်သန်ပွင့်လန်းလာတဲ့ပန်းတွေက သူတို့ရဲ့အပြစ်မဲ့ပြီး ကြည်လင်အေးချမ်းတဲ့ ဣန္ဒြေရရမျက်လုံးတွေနဲ့ ကျွန်တော်တို့ကိုကြည့်နေပြီ။ သူတို့ကျွန်တော်တို့ကို အဆုံးအစမဲ့ငြိမ်းချမ်းခြင်းကိုသာမက ဥပေက္ခာသဘာဝရဲ့မယာငြိမ်းချမ်းမှုကိုပါပြောပြနေပြီ။ သူတို့က ကျွန်တော်တို့ကို အဆုံးအစမဲ့ပြန်လည်ပေါင်းစည်းရင်ကြားစေ့မှုနဲ့ အဆုံးမရှိတဲ့ဘ၀အကြောင်းပြောပြနေပါလေချေပြီ... တဲ့။
တော်လှန်ပုန်ကန်တဲ့နှလုံးသား၊ လျှို့ဝှက်တဲ့နှလုံးသား၊ ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ နှလုံးသား.,...ရုရှရဲ့ လူနေမှုစနစ်များကို ဖတ်ရမဲ့ဂန္ထဝင်ဝတ္ထုပါ။ ၁၉ ရာစုကဝတ္ထုဖြစ်တာမို့ အဖွဲ့တွေကတော့ နည်းနည်းလေးအီနိုင်ပါတယ်။
ရဲသျှမ်း
၂၀၂၂ ဧပြီ ၁၅
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar