Breaking News

ကိုအောင်မှိုင်း - အရိုးအရင်းကိုက် နိုင်ငံရေး

ကိုအောင်မှိုင်း - အရိုးအရင်းကိုက် နိုင်ငံရေး

(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၂


မြန်မာတနိုင်ငံလုံး အခြေအနေကိုလည်း သေချာလေ့လာကြပါဦး။ စစ်ဗိုလ်တွေ၊ စစ်သားတွေ လွတ်လွတ်လပ်လပ် စျေးဝယ်မထွက်ရဲကြတော့ဘူး။ စစ်ဗိုလ်တွေလည်း တချိန်က အိပ်မက်တွေ ရေစုန်မျောကုန်ကြပြီ။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ မြို့ပေါ်မှာ စစ်ဗိုလ်တွေ လမ်းပေါ် တုံးလုံးလဲနေတာ များပြီ။ စစ်သားတွေ တနိုင်ငံလုံးက မြေကြီးတွေပေါ် ကောင်းကောင်းခြေမချရဲကြတော့ဘူး။

နွေဦးတော်လှန်ရေးက လက်နက်ကိုင်တိုက်ပွဲကို အဓိကတိုက်ပွဲသဏ္ဌာန်အဖြစ်ထားပြီး အခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ ဟန်ချက်ညီ ပေါင်းစပ်ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်ပါတယ်။ ဒီလိုပဲ နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေး ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးရဲ့ တော်လှန်ရေးလည်း ဖြစ်နေပါတယ်။

ဘယ်လောက် ထူးခြားသလဲဆိုရင် တရုတ်ပြည်အစိုးရက စစ်အုပ်စုဘက်ရပ်ပြီး အမျိုးမျိုးကူညီနေခဲ့ပေမဲ့ မြန်မာနိုင်ငံဖွား တရုတ်အမျိုးသားအများစုဟာ ကနေ့ စစ်အုပ်စုကို အသက်ပေး ဆန့်ကျင်နေကြတာ တွေ့ရမှာြ ဖစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးပေါင်းစုံရဲ့ ဘုံအကျိုးစီးပွားဟာ တထပ်တည်းရှိနေကြတာြဖစ်လို့ပါပဲ။ ကျနော်တို့အားလုံးရဲ့ အနာဂတ်ဟာ လွတ်လပ်ဖို့၊ တန်းတူဖို့၊ တရားမျှတဖို့ လူလူချင်း လူလို ဆက်ဆံခံရဘို့ စစ်ကျွန်ဘဝမှာ မနေကြရဖို့ စတဲ့ အနာဂတ်ဟာ ဘာသာမတူတာ၊ လူမျိုးမတူတာ၊ အသားအရောင်မတူတာတွေနဲ့မဆိုင်တော့ဘဲ စစ်အုပ်စုကို ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်ခိုက်ဖို့ဆိုတာအပေါ် လုံးလုံးတည်မှီခဲ့ပါတော့တယ်။

မြန်မာပြည်ရဲ့ ခုခံမှုစစ်ပွဲတိုင်းမှာ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ကချင်အမျိုးသားတွေ၊ ကရင်အမျိုးသားတွေ၊ ကရင်နီအမျိုးသားတွေ၊ ချင်းအမျိုးသားတွေဟာ ကနေ့ နွေဦးတော်လှန်ရေးမှာလည်း ဦးဆောင်မှုအခန်းကဏ္ဍမှာ လုံးဝတာဝန်ယူနေကြတာ အခိုင်အမာတွေ့ရမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ကျန်တိုင်းရင်းသား လက်နက်ကိုင်အများစုကလည်း အတတ်နိုင်ဆုံး ပူးပေါင်းကူညီဆောင်ရွက်နေတာကိုလည်း တွေ့နေရပြီဖြစ်ပါတယ်။ သေချာတာက စစ်အုပ်စုမှာ ဖက်ဒရယ်လည်း မရှိသလို ဒီမိုကရေစီလည်း မရှိဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲ။ ဒါက ဘာကို ဆိုလိုသလဲဆိုရင် ကနေ့ ဗမာတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ချင်ရင် အကြီးဆုံး အနှောင့်အယှက် အဟန့်အတားဖြစ်နေတဲ့ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တရားကို အပြီးအပိုင်ဖယ်ရှားမှ ဖြစ်မယ်ဆိုတာက သေချာတဲ့ လော့ဂျစ်တခုအဖြစ် ထင်ထင်ရှားရှား ရှိလာခဲ့ပါတယ်။

ကနေ့ မင်းအောင်လှိုင်ရဲ့ လေပုပ်ထုတ်ဆေး အီးနံ့ကို အငမ်းမရ အရှက်မရှိ ရှူလိုသူ၊ ဖောက်ပြန်ရေး သမား EAOs ခေါ် တိုင်းရင်းသားလက်နက်ကိုင်ဆိုသူတချို့တော့ ရှိပါတယ်။ များသောအားဖြင့် ဒီလူ တွေဟာ တိုင်းရင်းသား အမည်ခံ ဖောက်ပြန်ရေးသမားတွေလို့ပဲ ပြောရတော့မှာပါ။ မန်းငြိမ်းမောင်လို လူမျိုးတွေပါပဲ။ အင်အားလည်း ပြောလောက်အောင်ရှိကြတာမဟုတ်သလို သေချာတဲ့ မူပေါ်လစီတွေလဲ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ကြတာ တွေ့ရလေ့မရှိပါဘူး။ လက်ရှိ မြန်မာပြည်မှာ EROs တွေကတော့ တိကျတဲ့ မူပေါ်လစီတွေ ရှိကြတော့ ဒီမူ ပေါ်လစီတွေကို အခိုင်အမာ ဆုပ်ကိုင်လေ့ရှိကြပါတယ်။ စစ်အုပ်စု အကျိုးစီးပွားနဲ့  ပြည်သူလူထုအကျိုးစီးပွားကို  ခွဲခွဲခြားခြား နားလည် သဘောပေါက်ကြသလို ပြည်သူလူထုဘက်ကို အမြဲမျက်နှာမူလေ့ရှိတာဟာ နှစ် ၇၀ ကြာ တော်လှန်ရေးရဲ့  မမှားယွင်း မဖောက်ပြန်တဲ့ ပြည်သူလူထုအပေါ် အကျိုးပြုခြင်းပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ သေးသိမ် အောက်တန်းကျတဲ့သဘောထားက NUG တို့ PDF တို့ကို မတွေ့ဘဲ EAOs တွေကိုပဲ တွေ့မယ်ဆိုတဲ့ သဘောထားဖြစ်ပါတယ်။ ဒီလို သိမ်ဖျင်းတဲ့ သဘောထားအောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်မလဲ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဘယ်လို တည်ထောင်မလဲဆိုတာကတော့ မေးခွန်းအကြီးကြီးပဲ ဖြစ်ပါတယ်။

ကျနော်တို့အမြင်ကတော့ မင်းအောင်လှိုင်ကိုယ်တိုင်ပဲ တွေ့တွေ့၊ မင်းအောင်လှိုင် မိန်းမပဲ တွေ့တွေ့ ဒီလိုသိမ်ဖျင်းတဲ့ သဘောထား အောက်မှာ တိုင်းပြည်အကျိူးအတွက် ရလာစရာ ဘာမှမရှိတာ သေချာပါတယ်။ ရစရာရှိတာကတော့ မင်းအောင်လှိုင် ခွဲကျွေးမယ့် အရိုးအရင်းကလွဲပြီး အနှစ်သာရမရှိပါကြောင်း ရေးသားလိုက်ရပါတယ်။


ကိုအောင်မှိုင်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar