Breaking News

ဘိုလ်တောကျော်(ကနီတောရ) - သတိုးအရူးနဲ့ ဂွေးသင်းခံ နွား

Crd- www.businesslive.co.za
သတိုးအရူးနဲ့ဂွေးသင်းခံနွား

ဘိုလ်တောကျော်(ကနီတောရ)

(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၂

     “ဟယ်… သတိုးအရူး…။ စစ်တို့၏ သဘောတွင် သစ္စာမှန်သည်ရှိဖူးသလော..။ ငါ့ကိုနင်ရလည်းသတ်မည်။ နင့်ကိုငါရလည်းသတ်မည်။ စစ်အတွင်းမှာပြုသည့်သစ္စာသည်သစ္စာကိုဖြောင့်မှန်သည်ဟုမင်းယုံမည်လော…။” ဒီစကားကိုပြောခဲ့သူကလဂွမ်းအိမ်ပါ။ နိုင်ပန်းလှရဲ့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း”ထဲကကောက်နုတ်ထားတာ။ 

အားလုံးသိပြီးသားသမိုင်အဖြစ်အပျက်တခုပါပဲ။ ဒါပေမaယ့် ဇာတ်ရည်လည်အောင်တော့ အနည်းငယ်ပြန်ပြောပါရစေ။ အင်းဝနဲ့ဟံသာဝတီနှစ်ဘက်စစ်ဖက်ပြုစဉ်အချိန်ကပေါ့။ နှစ်ရှည်ကြာစစ်ဖက်ပြုကြရင်းအင်းဝမင်းခေါင် နဲ့ ဘုရင်ရာဇာဓိရာဇ်တို့ ရင်ကြားစေ့ဖို့ အဝဘက်ကအင်းပဲသူကြီးဆိုသူကိုစေလွတ် စကားဆိုစေတာပေါ့။ ရာဇာဓိရာဇ်ကသူ့မူးမတ်တွေကိုအခြေနေစုံပြောပြ ပြီးသဘောထားကိုအမေးရှိတာပေါ့။ သူက..

     “ဘုရင်မင်းခေါင်သည် မြသီတင်းဘုရားရင်ပြင်တွင် ငါနဲ့သစ္စာဆိုခဲ့ပြီးသည်ကိုဖောက်ပြန်၍ အလုံးအရင်းဆင် မြင်းများစွာနဲ့ချီလာသည်။ ဟံသာဝတီပြည်ကိုအရယူမည်ကြံသည်။ ယခုငါတို့ကိုမတိုက်နိုင်။ ရိက္ခာပြတ်၍ ငတ် မွတ်တော်မည့်အရေးကိုတွေးတောကြောက်သဖြင့် နှစ်ဖက်သောမှူးမတ်ကြီးငယ်များအားအချင်းချင်းသစ္စာပြုစေလိုသည်ဟု ငါ့ထံအရေးဆိုလာသည်။ သစ္စာပြုပြီးအင်းဝသို့ပြန်လေမည်ဟုဆိုသည်။ သည်အရးကိုမင်းတို့ ပသို့မြင် သနည်း”။ လို့ သမိုင်းဖြစ်ရပ်ကိုထောက်ပြပြီးသူ့မူးမတ်တွေထံကအကြံပြုစကားတောင်းလိုက်တာ။

တကယ်တော့အခုမှမဟုတ်ဘူး။ ဟံသာဝတီ,အင်ဝတို့ရဲ့ အနှစ်လေးဆယ်စစ်မှာကတည်းကစစ်ရေစစစ်ရာမှာအရှုံးဘက်ပြနေတဲ့ဘက်ကစေ့စပ်ဆွေးနွေးဖို့ ပရိယာယ်ဆင်ကမ်းလှမ်းခဲ့တာပဲ။ အခုနစကကလည်းသူ့စစ်ရေးနိမ့်ကျလာမှုအပေါ်ကနေ ၂၂.၄.၂၂ နေ့မှာကာ/ချုပ်က ‘တွေ့ဆုံဆွေးနွေကြဖို့ စကားကမ်းလှမ်းသံကြားလိုက်ရတော့ ‘ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း’ ကို သွားသတိရမိလို့ပါ။ 

တဆက်တည်းသတိရမိတာတခုကတော့ “စစ်တွင်းကတိသစ္စာဆိုတာအဖြောင့်မရှိတတ်”ဆိုတဲ့စကားပေါ့။ ပဒေသရာဇ်ခေတ်ကလည်းအဖြောင့်မရှိသလို ဗိုလ်နေဝင်းကာလကလည်း အဖြောင့်မရှိခဲ့ဘူး။ ဗိုလ်နေဝင်းလည်း ဦးနုကို ‘သူ့အနေနဲ့အာဏာမသိမ်းယူပါဘူး’ လို့ ကတိသစ္စာပြုခဲ့တာပဲလေ။ 

     ၁၉၅၈ ခု အိမ်စောင့်အစိုးရလက်ထက်မှာ “တပ်မတော်ကအာဏာသိမ်းမည်ဆိုလျှင် ကျနော့်အနေနဲ့ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ နောက်လိုက်အဖြစ်လည်းကောင်း၊ မည်သည့်နည်းနှင့်မျှပါဝင်မည်မဟုတ်ပါ” လို့ ကတိသစ္စာစကားဆိုခဲ့သေးတယ်။ နောက်တော့လည်း အာဏာသိမ်းခဲ့တာပါပဲ။ ဦးနုလည်း ‘သတို့အရူး’ ဖြစ်သွားခဲ့တာဘဲမဟုတ်လား။ စစ်တွင်းကာလငြိမ်းချမ်းရေးမှာ ကောက်ကျစ်သူစကားယုံစားမိရင် သတိုးရူးဖြစ်သွားတတ်တယ်။

တခါ နဝတကာလကိုကြည့်လိုက်ပြန်တော့လည်း ဗိုလ်စောမောင်ကိုယ်တိုင် စစ်တန်းလျားပြန်မယ်လို့ကတိသစ္စာဆိုသေးမို့လား။ ပြည်သူအားလုံးအဟုတ်ထင် မှတ်ခဲ့ကြသေးတယ်။ ‘သတိုးအရူး’ တွေဖြစ်ခဲ့သေးသပေါ့။ ဗိုလ် စောမောင်ကိုအာဏာသိမ်းခဲ့တဲ့ ဗိုလ်သန်းရွှေကျတော့ကော ဘာထူးလဲ။ အဲ့ဒီတုန်းကနိုင်ငံ တကာကိုလှည့်းစားဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးတော့မှာလိုလို ညီလာခံကိုဒေါ်အောင်ဆန်းကြည်တို့တက်တော့မလို ။ ဒေါ်စုနဲ့တွေ့ဖို့ သူ့လူတွေလွှတ်ပြီး စကားအမျိုးမျိုးမုသားအသွယ်သွယ်လုပ်လွန်းတဲ့အဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က “ကိုကျော်ဝင်း(ထောက်လှမ်းရေး) ။ ရှင်တို့တတွေ ဗိုလ်ကြီးတွေ၊ ဗိုလ်ချုပ်တွေလုပ်နေကြပြီးတော့မှ ကတိမည်ကြဘူး” လို့ ပြစ်တင်စကားဆိုခဲ့ဖူးသေးရဲ့။ 

မင်းအောင်လှိုင်အာဏာလုချိန်မှာလည်းကတိအမျိုးမျိုးပြုပြီး ‘စွန့်ပြီးသားကိုယ့်မစင်ကို ကိုယ်ပြန်လျက်ခဲ့တာ’ ဘဲမို့လား။ “တပ်မတော်သည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်’ လို့ တပ်ချုပ်ပြောဆိုပြီးမီဒီယာတွေမှာ သမိုင်းသက် သေထူခဲ့တယ်။ နောက်မကြာပါဘူး။  “လက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေးမရလျှင် တပ်မတော်သည် နိုင်ငံရေးက မထွက်” ဆိုပြီး မီဒီယာတွေက ပြန်ပြောင်းမှတ်တမ်းတင်ကြပြန်တယ်။ 

     “မြန်မာ့နိုင်ငံရေးမှ တပ်မတော်ကိုဖယ်ထုတ်မည်ဆိုပါက မှားသွားလိမ့်မည်ဖြစ်ပြီး ဆိုးကျိုးများစွာခံစားရလိမ့် မည်” လို့ ဗိုလ်မင်းအောင်လှိုင်ကတိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ ၂၀၀၈ ခြေ/ဥပြင်မယ့်သူတွေကို ကြိမ်းလိုက် ခြိမ်းခြောက်လိုက်သေးရဲ့။ အဲ့လိုရှေ့စကားနဲ့နောက်စကားမညီမညွတ် ကချွတ်ကချော်လုပ်ခဲ့သေးတာပဲလေ။

     “ကျနော်ဟာဥပဒေကိုလေးစားသူဖြစ်တဲ့အတွက် ဥပဒေနဲ့အညီအသက် ၆၀ ပြည့်တာနဲ့အငြိမ်းစားယူမယ်” လို့ နိုင်ငံခြားသတင်းမီဒီယာကြီးတခုကိုလည်းကမ္ဘာသိ ‘သတိုးအရူး’လုပ်ခဲ့သေးတယ်။ အသက် ၆၀ လည်းပြည့်ရော “သူ့ လောက်တော်တဲ့လူ တပ်မတော်မှာမရှိလို့ ဆက်လုပ်ရအုံးမယ်” လို့ ဆိုပြန်တယ်။ ပြီးတာနဲ့ ဥပဒေကို ၆၅ နှစ် ထိပြောင်းလဲထုတ်ပြန်လိုက်သေးရဲ့။ တကယ်လည်း တပ်ထဲမှာသူ့လောက်တော်တဲ့သူမရှိတော့ဘူးထင်ပါရဲ့။ အာဏာလည်းလုယူပြီးရော ‘တပ်/ချုပ်ရာထူးဟာ အသက်ကန့်သတ်ချက်မရှိ’ လို့ ထုတ်ပြန်လိုက်တယ်။ ဥပဒေပညာရှင်တွေ ခပ်ညံ့ညံ့စစ်ဗိုလ်ချုပ်တွေလည်း ‘သတိုးအရူးတွေ’ ဖြစ်ကုန်တော့တာပေါ့။ သူပြောသလိုအရည်ချင် းရှိ/မရှိဆိုတာ ဒီနေ့ စစ်တပ်အခြေနေကြည့်လိုက်တော့ ဟုတ်နေသယောင်ယောင်။

ဟော ၂၀၂၀ ရွေးကောက်ပွဲမှာလည်း “အနိုင်ရတဲ့ပါတီကိုလက်ခံမှာပါ။ ပြည်သူကရွေးချယ်ထားတာပဲ လေးစားရမှာပေါ့” တဲ့ ။ ရွေးကောက်ပွဲပြီးလို့ NLD ပါတီအနိုင်ရသွားတဲ့အခါမတော့ သူ့လက်ကိုင်တုတ် စစ်အစေခံတပ်တွေနဲ့ အာဏာကိုလုယူလိုက်တော့တာပါပဲ။ ပြည်သူတရပ်လုံးလည်း ‘သတိုးအရူး’ တွေဖြစ်လို့ပေါ့။ စစ်တပ်အတွက်ကတော့… “ကတိသစ္စာဆိုတာ မုသားစကားဆိုခြင်းကို ခေါ်တာ” လို့ အစဉ်အဆက်ကသင်ကြားသိနားလည်ခဲ့ကြဟန်ပါပဲ။ အစဉ်အဆက် ဆိုလိုက်ကြတဲ့မုသားစကား။ ဖျက်လိုက်ကြတဲ့ ကတိသစ္စာ။ 

ကဲ အခုလည်းဗိုလ်မင်းအောင်လှိုင်က ကတိစကားတွေနဲ့ တွေ့ဆုံဆွေးနွေးကဖို့ နုတ်မြွက်ချိုသာဖွင့်ဟလာပြန် ပါပြီ။ ‘သတိုးအရူး’ ဘယ်နှစ်ယောက်ထွက်ပေါ် လာအုံးမလဲမသိ။ တကယ်တော့ စကစတပ်ဟာ ဘက်ပေါင်းစုံအကြပ်အတည်းဖြစ်နေတာ။ စစ်ရေးမှာလည်းအရှုံးကြီးရှုံးနေတယ်။ စီးပွားရေးမှာလည်း နလန်မထူတော့။ နိုင်ငံရေးကိုကြည့်ပြန်တော့လည်း တချိန်ကပြည်သူချစ်တဲ့တပ်လို့ဆိုခဲ့ပေမယ့် ဒီနေ့အခြေနေက ပြည်သူမုန်းတဲ့စစ်တပ်ဖြစ်နေပြီ။ မုန်းယုံမက ရွံ့ရှာစက်စုတ်တဲ့အဆင့်။ လောက်ကောင်တွေအဖြစ် နှလုံးနာအော်ဂလီဆန်စရာစစ်တပ် ဖြစ်လို့နေပါပြီ။

အခုလောလောလတ်လတ်မှာလည်း စစ်ကိုတိုင်း မုံရွာ၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က တရုတ်ဝမ်ပေါင်နဲ့ ဦးပိုင်တို့ရဲ့  ကြေးနီတောင်ကို ဆက်လက်လုပ်ခွင့်မပြုတော့ကြောင်း သတိပေးတဲ့ တဲ့စာတွေ ထွက်လာတယ်။ နိုင်ငံအတွက်၊ ဒေသအတွက်လည်း အကျိုးမပြုတဲ့ ကြေး နီတောင်စီမံကိန်းကို ခွင့်မပြုတော့ဘူးလို့ ဆိုတယ်။ တကောင်းနီကယ်စက်ရုံတုန်းကတော့ NUG ကိုထိန်းသိမ်းစောင့် ရှောက်ပေးဖို့ ပြောခဲ့ဖူးရဲ့။ အခုတော့ တရုတ်ကြီးလည်းထိုင်မရ ထ,မရနဲ့ နစကကို ‘ဘယ်လိုအကာကွယ်ပေးမလဲ’ လို့ မေးရပြီ။ 

ဒီတော့ ရှေးဆရာကြီးများလုပ်ရိုးလုပ်စဉ်အတိုင်း “ယာယီအပစ်အခတ်ရပ်စဲရေးလုပ်။ ငြိမ်းချမ်းရေး လေလည်ပြ။ ကမ်းလှမ်းဖိတ်ခေါ်။ ဖိတ်ခေါ်စဉ်အတွင် တိုက်ပွဲတွေမလုပ်ဖို့ပြော။ တိုင်ရင်းသားလူမျိုးစုလက်နက်ကိုင်တွေဘက်ကိုပို့ထားတဲ့ စစ်ကျွန်လက်ပါးစေတွေပြန်ခေါ်။ စစ်ကိုင်းကိုထပ်မံစေလွှတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကိုနှိမ်နင်းပြီး ဝမ်ပေါင်နဲ့ဦးပိုင်ရဲ့ ကြေးစင်တောင်ကို အကာကွယ်ပေးမယ်” လို့ တရုတ်ကိုဖြေရုံမှတပါး အခြားမရှိပြီ။ တကယ်တော့ မင်းအောင်လှိုင်ရဲ့ဖိတ်ခေါ်ချက်ဟာ ဆေးမြီးတိုယာယီကုထုံး တခုသာဖြစ်တယ်။

ဒီအခြေနေမှာ သွားလေသူ ဗိုလ်ချုပ်မြပြောစကား သတိရမိရဲ့။ ဗိုလ်ချုပ်မြက “ရန်သူနဲ့တွေ့ဆုံညှိနှိုင်းရေးလုပ်တဲ့သူ၊ အဖွဲ့အစည်းတွေဟာ ဂွေးသင်းခံထားရတဲ့ နွားများလိုဘဲ ဝှေ့လည်းမဝှေ့ရဲတော့ဘူး။ မျိုးဆက်လည်း ဆက်မတိုးပွားနိုင်တော့ဘူး။ ဒါပေမယ့် ဝ,တော့ဝလာတယ်။” တဲ့။

ကဲ ဘယ်အဖွဲ့အစည်းတွေကမျိုးဆက်တုန်းသွာမလဲ။ ဘယ်အဖွဲ့တွေက ဝ,လာမလဲ။ ဘယ်သူတွေကတော့ ‘သတိုးအရူး’ ဖြစ်လာမလဲဆိုတာကိုတော့ မကြာမီတီဗွီစခရင်မှ ာမြင်တွေ့ရတော့မှာဖြစ်ကြောင်းပါခင်ဗျာ။

ဘိုလ်တောကျော်(ကနီတောရ)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar