Breaking News

ကိုကျော် (မြစ်ကြီးနား) - ရုရှားကိုမုန်းတယ်


ကိုကျော် (မြစ်ကြီးနား) -  ရုရှားကိုမုန်းတယ် 
(၁၆ နှစ် မိန်းကလေးရဲ့ ကြေကွဲစရာ ယူကရိန်းဒိုင်ယာရီ)
(မိုးမခ) ဧပြီ ၄၊ ၂၀၂၂

ဆိုးဝါးကြောက်မက်ဖွယ်ရာ ရုရှားတွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြားမှာ ချောင်ပိတ်မိခဲ့ရတဲ့ ဆယ်ကျော်သက် ယူကရိန်းမိန်းကလေးတယောက်ရဲ့ ကြေကွဲစရာ ဒိုင်ယာရီမှတ်တမ်း လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

မိခင်အပါအဝင် မိသားစုဝင်တချို့ပါသေဆုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အဆိုပါ မိန်းကလေးရဲ့အဖြစ် အပျက်ကို မူလက ယူကရိန်း ဂျွမ်းဘားချန်ပီယံဟောင်း Lilia Podkopayeva ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

"အခုလိုမျိုးဒိုင်ယာရီတွေက အရင်တုန်းက ဆိုဗီယက်ပြည်ထောင်စု လင်နင်ဂရက်မြို့သိမ်းပိုက်ခံခဲ့စဉ်ကာလအတွင်း (ဒုတိယကမ္ဘာစစ်ကာလ နာဇီဂျာမဏီမှ ရုရှားကိုကျူးကျော်တိုက်ခိုက်မှု) ရေးသားခဲ့တာပါ။ အဲဒီလို အဖြစ်အပျက်မျိုး နောက်ထပ်တကြိမ်ပြန်ဖြစ်လာမှာကို ဘယ်သူထင်ခဲ့မှာလဲ? နောက်ပြီးတော့ ဒီတကြိမ်မှာ ကျူးကျော်သူတွေက ရုရှားဆိုတာ ဘယ်သူထင်မိခဲ့မှာလဲ?" ဆိုပြီး Lilia က ရေးထားပါတယ်။

ဒိုင်ယာရီရေးသားခဲ့သူ ၁၆ နှစ်မိန်းကလေးရဲ့နာမည်က Katya ဖြစ်ပြီး ယူကရိန်း မာရီယိုပိုးမြို့ (Mariupol) မှာ နေထိုင်သူဖြစ်ပါတယ်။ ရုရှားတိုက်ခိုက်မှုကြောင့် အကြီးအကျယ် သေကြေပျက်ဆီးခဲ့ရတဲ့ မြို့တခုဖြစ်ပြီး "ကမ္ဘာမြေမှ ငရဲ" လို့တောင် တင်စားကြပါတယ်။ စစ်မက်ဇုံအတွင်း သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အသေး စိတ်ကို ဒိုင်ယာရီထဲမှာ ဖော်ပြထားပါတယ်။

Katya ရဲ့ဇာတ်လမ်းကို ယူကရိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန တည်ထောင်သူဒါရိုက်တာ Daria Kaleniuk မှလည်း တွီတာအကောင့်မှာ ဝေမျှထားပြီး အဲဒီအချိန်ကစပြီး အကြိမ်ထောင်ပေါင်းများစွာ ထပ်ဆင့်ဝေမျှခဲ့ကြပါတယ်။

"ဒုတိယကမ္ဘာစစ်ကာလတုန်းက ချွေးတပ်အကျဥ်းစခန်းများနဲ့ နာဇီတို့ထိန်းချုပ်ခဲ့တဲ့မြို့များမှ လူငယ်လူရွယ်တွေက နေ့စဉ်မှတ်တမ်းတွေ ရေးခဲ့ကြပါတယ်။ သမိုင်းက တကျော့ထပ်မံလည်လာပါတယ်။ အခုဒီနေစဉ်မှတ်တမ်းကတော့ မာရီယိုပိုးမြို့က ၁၆ နှစ်မိန်းကလေး Katya မှဖြစ်ပြီး သူမရဲ့မိခင်က မြေအောက်ခန်းမှာ သေဆုံးခဲ့ရပါတယ်" လို့ Daria Kaleniuk က ဖော်ပြထားပါတယ်။ 
 
Katya ရဲ့ ရုရှားဘာသာနဲ့ရေးသားထားတဲ့ နေ့စဉ်မှတ်တမ်းကို Daria Kaleniuk မှ ဘာသာပြန်ခဲ့ပြီး အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြထားပါတယ်။
"နာကျင်တဲ့ခံစားချက်ကို သင်တို့သိကြရဲ့လား? အရင်က ကောင်လေးတယောက်ကို ကျမချစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ကျမကို ပြန်မချစ်ခဲ့တော့ နာကျင်မှုလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ သင်ရဲ့မျက်စိရှေ့မှာ သင်ရဲ့မိခင်သေဆုံးတာကို မြင်ရတာက တကယ်နာကျင်တဲ့ခံစားမှု ဖြစ်ပါတယ်"

"ကျမရဲ့မောင်လေးက အမေ့ဆီမကြာခဏလာပြီး 'အမေ၊ အိမ်ပျော်မသွားနဲ့နော်၊ အေးလွန်းလို့ အမေခဲသွားလိမ့်မယ်' လို့ အကြိမ်ကြိမ် ပြောခဲ့တယ်။"

"ကျမတို့ အမေရဲ့အုတ်ဂူကို ဘယ်တော့မှ ရောက်ဖြစ်မှာမဟုတ်ဘူး၊ အမေက မှောင်မဲပြီးအေးစိမ့်တဲ့ မြေ အောက်ထပ်မှာပဲ ကျန်နေခဲ့တယ်။ အဲဒီမြေအောက်ခန်းမှာပဲ ကျမတို့ အိမ်သာတက်တယ်၊ အိပ်တယ်၊ ကျန်တဲ့အစာတွေကို စားခဲ့ကြတယ်"

"တကြိမ်တော့ ဦးလေး Kolya က ခိုတကောင်ဖမ်းမိတယ်၊ ကျမတို့ ကြော်ပြီးစားကြတယ်၊ ပြီးတော့ ကျမတို့အားလုံး အန်ခဲ့ကြတယ်။"

"ကျမတို့ ကယ်ထုတ်ခြင်းမခံရခင် ၃ ရက်အထိ အမေက နောက်ဆုံးအထိ တောင့်ခံခဲ့ပြီး ကွယ်လွန်ခဲ့ရတယ်။ အမေအိပ်ပျော်နေပြီ၊ ပြန်မနိုးလာတော့ဘူးထင်တယ် လို့ ကျမရဲ့မောင်လေး ကို ပြောခဲ့တယ်။ မောင်လေးက က သဘောပေါက်ပုံရပါတယ်။"

"ကျမတို့ရဲ့ အိမ်နီးချင်းလည်းသေသွားတော့ ကျမတို့က အမေရဲ့ရုပ်အလောင်းကို အပြင်ကိုသယ်မထုတ်နိုင်ဘူး၊ ကြာတော့ အပုပ်နံ့စထွက်လာတယ်"

"ပစ်ခတ်သံတွေ တိတ်ဆိတ်သွားတဲ့တနေ့မှာ ဦးလေး Kolya က အမေ့ကိုသယ်ထုတ်ခဲ့တယ်။ အပြင်သွားတဲ့အချိန်မှာ ဦးလေးလည်း အသတ်ခံခဲ့ရတယ်။ အဖေသေတုန်းက အမေ အကြီးအကျယ်ငိုခဲ့တယ်၊ ဦးလေးက အမေရဲ့အနီးကပ်ဆုံးလူ ဖြစ်ခဲ့တယ်လေ"

"လူသေအလောင်းတွေက ပုပ်စော်အရမ်းနံတယ်။ အလောင်းတွေက နေရာတိုင်းမှာပဲ။ အလောင်းတွေကိုမမြင်ရအောင် မောင်လေးရဲ့မျက်လုံးကို အမေသုံးခဲ့တဲ့ပုဝါစနဲ့ ဖုံးအုပ်ထားပေးခဲ့တယ်။ ကျမတို့ ထွက်ပြေးခဲ့တဲ့အချိန်က လမ်းတလျောက်မှာ မကြာခဏ အန်မိတော့မလို ဖြစ်ခဲ့ရတယ်"

"ဘုရားသခင်ဆိုတာကို ကျမလုံးဝ အယုံအကြည်မရှိတော့ဘူး။ တကယ်လို့ ဘုရားသခင်သာရှိခဲ့ရင် ကျမတို့ ဒီလောက်အထိခံစားရမှာမဟုတ်ဘူး"

"အမေက ဘယ်တော့မှ (ဘုရားသခင် ကြားတယ်နော်) ဘယ်တော့မှ မကောင်းတာမလုပ်ခဲ့ဘူး။ အမေက ဘုရားကျောင်းတက်ခဲ့တယ်၊ ဦးလေး Kolya ကလည်း ဆေးလိပ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က အမေကို ခေါ်ဆောင်သွားခဲ့တယ်။ ဘုရားသခင်အပါးမှာ အမေက အမှုတော်ထမ်းနေပြီလို့ တရားဟောဆရာက ပြောခဲ့တယ်။ ဒါပေမဲ့ အမေက ဒီနေရာမှာပဲ ဘုရားသခင်အတွက်အမှုတော်ထမ်းပြီး ကျမတို့ကိုပြုစုပျိုးထောင်တာက ပိုကောင်းလိမ့်မယ်ထင်တယ်"

"ရုရှားကို ကျမမုန်းတယ်။ ကျမကိုယ်တိုင်ရဲ့ ဦးလေးတယောက်က ရုရှားမှာနေတယ်။ ဒီနေ့ပဲ ဦးလေးနဲ့ဖုန်းပြောတော့ သူဘာပြောခဲ့သလဲ သိလား?"

"Katya? ဘယ်က Katya လဲ? မိန်းကလေး၊ ငါမင်းကိုမသိဘူး။ ဘာစစ်ပွဲလဲ ဘယ်က Katya လဲ? လို့ ပြောခဲ့တယ်။ ပြီးတော့ တခါသုံးဖုန်းတလုံးနဲ့ ဦးလေးက စာရေးခဲ့တာက 'Katya, ငါဆီကိုစာမပို့ပါနဲ့။ ငါနဲ့ ငါ့မိသားစုအတွက် အန္တရာယ်များတယ်။ နင့်အမေလည်း မရှိတော့ဘူးပဲ"

"ဦးလေးကိုမုန်းတယ်၊ အမေက သူ့ညီမအရင်းမဟုတ်ဘူးလား? ကျမကတော့ မာရီယိုပိုးမြို့ကို ပြန်သွားလိမ့်မယ်။ ပြီးတော့ နဂိုနေရာဟောင်းမှာပဲ နေသွားမယ်။ နှစ်စဉ်တိုင်း ဒီလိုနေ့ရက်ရောက်ရင် နေအိမ်သစ်ရဲ့ မြေ အောက်ခန်းကိုသွားပြီး ပန်းစည်းတွေချမယ်။"

"ကလေးငယ်တွေငိုသံကိုကြားတဲ့အခါလည်း ကြောက်ဖို့ကောင်းတယ်၊ သင် ကြားရဲမှာမဟုတ်ဘူး။ အဲဒီ အယုတ်တမာကောင်တွေက မြေ အောက်ခန်းတွေမှာ လူတွေရှာကြတယ်၊ တွေ့ရင်သတ်ပစ်ကြတယ်။ ရုရှားစစ်သားတွေက ကလေးငယ် လူကြီးတွေကိုသာမက လူသေအလောင်းတွေကိုတောင် မုဒိမ်းကျင့်ကြတယ်လို့ အသက်ရှင်ကျန်တဲ့လူတွေက ပြောခဲ့ကြတယ်။ ဘုရားသခင်သာ တကယ်ရှိခဲ့ရင် ဒီလူတွေကို ဘာကြောင့်ခွင့်ပြုခဲ့သလဲ?"

"ကျမ အသက်မရှင်ချင်တော့ဘူး၊ ကျမတို့ ကွဲကြပြီထင်တယ်။ ကျမရဲ့မောင်လေးကိုလည်း ပြန်တွေ့ချင်မှ တွေ့ရတော့မှာ။ ဘာအတွက်ကြောင့်လဲ? ပူတင်က ကျမတို့ကိုကယ်တင်ဖို့ဆိုတာ ဒါမျိုးလား?"

"အရင်က ကျမတို့ ကောင်းမွန်စွာနေထိုင်ခဲ့ရတယ်။ ကားတစီးတောင် ဝယ်ခဲ့သေးတယ်။ ဦးလေး Kolya က ကျမကို ကားမောင်းသင်ပေးမယ်လို့ ကတိပေးခဲ့တယ်။ ရုရှားတွေက ကားကိုတောင် မီးရှို့ပစ်ခဲ့တယ်။ ကျမတို့တိုက်ခန်းလည်း မရှိတော့ဘူး"

"ကျမသေချင်တယ်၊ ဒါပေမဲ့ သေလို့မရသေးဘူး။ သင်တို့ရဲ့ သားသမီးကလေးတွေကို ပွေ့ဖက်ကြပါ!! သို့မဟုတ်ရင် သင်တို့လည်း သေချင်သေသွားကြမယ်၊ အဲဒီအခါ ကလေးတွေက သင်တို့ရဲ့ကိုယ်ငွေ့အနံ့ကို မှတ်မိကြမှာမဟုတ်ဘူး။ အကယ်၍ ကျမကကြံ့ခိုင်ပြီး အသက်ရှင်ခဲ့မယ် ဆိုရင်၊ နောက်ပိုင်းမှာ အိမ်ထောင်ကျပြီး ကလေးတွေရှိခဲ့ရင် ကျမရဲ့ကလေးတွေကို အချိန်တိုင်းအမြဲတမ်း ပွေ့ဖက်သွားမယ်"  

(မှတ်ချက်။ ။ ရုရှားတွေရဲ့ Mariupol တိုက်ခိုက်မှုမှာ အရပ်သား ၅၀၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ အဆောင်အဦ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးကာ ၄၀ ရာခိုင်နှုန်းလောက်က လုံးဝပြာကျခဲ့ရပါတယ်။ လူဦးရေ ၂၉၀,၀၀၀ ခန့် မြို့မှထွက်ပြေးခဲ့ရပြီး ကျန်လူ ၁၇၀,၀၀၀ ခန့် ပိတ်ဆို့ကျန်နေဆဲ ဖြစ်ပါတယ်။) 

(ကိုးကား။ ။ news.com.au - April 2, 2022 - ‘I hate Russia’: 16-year-old’s heartbreaking diary from Ukraine)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar