နေသွင်နိုင်း - သီချင်းအမှတ် လဲလျောင်းငြိမ်သက် သုည
(မိုးမခ) ဧပြီ ၄၊ ၂၀၂၂
သူဟာ
မနိုးတော့တဲ့ နဂါး
ရနံ့မရှိတဲ့ ဥယျာဥ်
ခွေနေတဲ့ မြွေလို
မီးတောင်ချော်ရည်တွေ ဖုံးလွှမ်းနေတဲ့တောအုပ်
လှိမ့်စရာဘီးမရှိတော့တဲ့ မော်တော်ကား
ရပ်နေတဲ့ ရထားလို သေနေတယ်။
သူလေးပါပဲ
မီးကျွမ်းနေတဲ့ အမှောင်
ပုပ်ပွနေတဲ့ ပင်လယ်
အချစ်မရှိတဲ့ နှလုံးသား
အချစ်ဦးနဲ့ကွေကွင်းခဲ့ရလေသူ
မိန်းမကောင်းလေးလို
သံပတ်ပေးသူမရှိတဲ့ ဖားရုပ် လိပ်ရုပ်လေးလို
ဆွံ့အ သေနေတယ်။
ပုပ်ပွနေတဲ့ သစ်သီး
အမြစ်မရှိတဲ့အပင်
ပန်သူမရှိတဲ့ ရတနာ
နစ်နေတဲ့ ရွှံ့နွံလို
သူမှ သူပါပဲ
ဧည့်ခန်းဆောင်မှာ
အစွယ်မရှိတဲ့ ဆင်
တံခွန်မရှိတဲ့ ဘုရား
အလံမရှိတဲ့ ရထား
လင်မရှိတဲ့မယား
လေလွင့်နေတဲ့ တိမ်လို
အလှစိုက် ပန်းအိုးလို
မဝတ်ဖြစ်တဲ့ အင်္ကျီလို
အချစ်နဲ့ ဓာတ်မတည့်သူလို
မဆက်ဖြစ်တော့တဲ့ ဖုန်းလို
သေနေတယ်။
သေနေတာ
သူ သေချာပါတယ်
ကန္တာရထဲက ရှာဖွေမတွေ့ရှိသေးတဲ့ အိုအေစစ်လို
ခလုတ်မပွင့်သေးတဲ့ လမ်းလို
မနက်ဖြန်ရဲ့နေရောင်ခြည်ကို မတွေ့ရတဲ့
ညချမ်းအမှောင်ထုလို အာဟာရမရှိတော့တဲ့ မြစ်လို
သွေးဆုံးနေတဲ့ ရိုးတံပြိုင်းပြိုင်း ပင်စည်အိုလို
သေနေတယ်။
အထက်တန်းစားခန်းမဆောင်မှာ
သံချေးတက်နေတဲ့ ဓား
မဆိုဖြစ်တဲ့ သီချင်း
မရေးဖြစ်တဲ့ ကဗျာ
သေနေတဲ့ ကြယ်လို
သစ်ဆွေးတုံးကြီးလို
ဝါးပင်မှ တစ်ဆင့် မျိုးစိတ်ပြောင်းသွားသူ
မြက်ပင်မှ တစ်ဆင့် ဉာဏ်ရည်မြင့်တက်လာသူ
နတ်ဘုရားလို
ဓူဝံကြယ်လို
ဉာဏ်ပညာကိုထုပ်ပိုးစီရင်ခြင်းခံခဲ့ရလေသူ
အောင်မြင် တိုးတက်ကြီးပွားချမ်းသာသူရဲ့
အဆောင်အယောင်လို
ရှေးဟောင်းသေတ္တာတစ်လုံးလို
ရောင်စုံဆေးသား
တေးသွားများ ပန်ဆင်ခြယ်သလျက်
စစ်ပွဲအတွင်းပျောက်ရှနေတဲ့ ဓာတ်ပုံလို
သေနေတယ်။
ခြစားရာ ဗရပွ
ကြွက်တွေရဲ့ သွားရာတွေလို
ပိုးကျစ်တီစာတွေလို
ပိုးဟပ်သေတွေရဲ့ တောင်ပံကြား
မပျံသန်းတတ်တော့တဲ့
မောင်းသူမဲ့ စက်တပ်ယာဥ်တွေလို
စာအုပ်အလောင်းတွေဟာ
ဆရာကောင်း မရှိတဲ့ကျောင်းလို
သေနေတယ်။
မတူးဖော်ရသေးတဲ့ မြို့ပြလို
ရှာဖွေမတွေ့ရှိသေးတဲ့ ဓာတ်သတ္တုလို
မင်းကောင်းမရှိတဲ့ တိုင်းပြည်လို
အိမ်ပြန်လာသူကို စောင့်နေတဲ့မိခင်လို
စစ်ထွက်သွားသူမောင်ကြီးကို စောင့်မျှော်နေသလို
လဲလျောင်းငြိမ်သက် သုညလေးက
ကိန်းဂဏန်းတစ်ခုရဲ့နောက်မှာရပ်ဖို့ စောင့်နေသလို
ဖတ်သူမရှိတဲ့ စာအုပ်လေးဟာ
အရောင်းစားခံလိုက်ရတဲ့ ကျွန်သားတစ်ယောက်လို
သေနေတယ်။
စကားလုံးတွေဟာ စာအုပ်အဖြစ်
ဖွဲ့စည်းတည်ဆောက်ပြီးတဲ့နောက်
ချိတ်ပိတ်ခံရတဲ့ အိမ်လို
မတရားဖမ်းဆီးခံရတဲ့ အပြစ်မဲ့နိုင်ငံသားလို
ဆန္ဒပြပွဲမှာပျောက်ရှသွားတဲ့ ဖိနပ်လေးများလို
နိုင်ငံပိုင်ရုပ်သံလို
နိုင်ငံပိုင် သတင်းစာလို
ခေတ်ပျက်နိုင်ငံတော်ကြီးရဲ့ ဥပဒေသလို
လှောင်အိမ်ထဲက ငှက်လို
ဖုန်တက်နေတဲ့ကမ္ဘာမှာ
ဖတ်သူမရှိတဲ့ မျက်နှာဟာ
သေနေတယ်။ ။
နေသွင်နိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar