မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၃၊ ၂၀၂၂
ဧပြီလ ၂ ရက် - ကိုဗစ်နောက်ဆက်တွဲရောဂါ နှင့် စစ်အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်များ၊ ကျွန်ပညာရေး သို့မဟုတ် ပညာရေးသည် ပညာရေးသက်သက်လား
ပြီးခဲ့သည့် ၂ နှစ်က စတင်ကူးစက်လာသည့် ကိုဗစ်ကူးစက်ရောဂါ၏ လက္ခဏာများဖြစ်သည့် ဖျားခြင်း၊ အောက်စီဂျင်ကျခြင်းကြောင့် ခံစားရသည့် အသက်ရှူမဝခြင်း၊ အနံ့မရခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ပျောက်ကင်းသွားသည့်တိုင် လနှင့်ချီ၍ သို့မဟုတ် ထို့ထက်ပို၍ အခြားသော အကျိုးဆက် ရောဂါလက္ခဏာများ ခံစားတတ်ကြသည်ကို ကိုဗစ်လွန် ရောဂါလက္ခဏာဟု ခေါ်ဆိုလေ့ရှိကြသည်။ တနည်းအားဖြင့် ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာများဟု ဆိုလေ့ရှိကြသည်။
အလားတူပင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ရောဂါခံစားရမှုတွေက များပြားလွန်းလှသည်။ အများသတိပြုမိပြီးသား ဖြစ်သည့် ဆန္ဒပြမှုအတွင်း သေဆုံးသူတွေ အဖမ်းခံရသူတွေ ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုကြောင့် နေအိမ်၊ ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးမှုတွေက ထင်သာမြင်သာရှိသဖြင့် စစ်အာဏာသိမ်းမှု၏ တိုက်ရိုက်ခံစားရမှု ဆုံးရှုံးမှု ရောဂါလက္ခဏာ အဖြစ် သတ်မှတ်ကြသော်လည်း မိသားစုဝင်များ ရိုက်ခတ်ခံရသည့် စိတ်ပိုင်းဆိုင်ရာ ခံစားရမှုများ၊ ဆုံးရှုံးသွားသည့် ပညာသင်ကြားခွင့်များ၊ ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အလမ်းများ ၊ စိတ်ဒဏ်ရာများကို တိုင်းတာဖို့ခက်လှသည်။
လူသားများ၏ စိတ်ဒဏ်ရာများ၊ တိုက်ရိုက်အကျိုးဆက်ခံစားရသူတို့ရဲ့ ချစ်ခင်ရသည့်မိသားစုများ၏ ခံစားချက်များ၊ ကလေးသူငယ်နှင့် လူငယ်များ၏ ပညာသင်ယူခွင့်၊ ပျော်ရွှင်စွာ ဖြတ်သန်းရမည့် သူတို့ရဲ့ လူငယ်ဘဝမှာ စိတ်ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အနာဂတ်မှာ အကျိုးသက်ရောက်နိုင်ခြေ စသည်တို့ကို မည်သူမျှ မှတ်တမ်းတင်နိုင်မည် မထင်ပါ။
ယနေ့ နံနက် ကြားသိရသည့် ပုသိမ်မြို့မှ ထင်ရှားသည့် ကဗျာဆရာ မောင်အောင်ပွင့်၏ သမီးဖြစ်သူ မိမိကိုယ်ကို အဆုံးစီရင်သွားသည့် အဖြစ်အပျက်သည် အထက်က ဆိုချင်သည့် တိုင်းတာရခက်ခဲသည့် စစ်အာဏာသိမ်းမှု၏ ရိုက်ခတ်မှု အကျိုးဆက် တခုဟုဆိုလျှင် မမှားဟု ထင်ပါသည်။
ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံထားရပြီး တွေ့ခွင့်မရ၊ ထောင်ဒဏ် အပြစ်ပေးခံရ အကျဥ်းထောင် ပြင်ပမှာ လူမှုရေး ရိုက်ခတ်မှု စိတ်ဒဏ်ရာ ကိုဗစ်ကူးစက်ရောဂါဒဏ်လည်း ခံရ စသည့် အထွေထွေသော ရိုက်ခတ်မှု၊ တိုက်ခိုက်မှုတွေကို ထွက်ပေါက်မရှိသကဲ့သို့ ခံစားပြီး အရှုံးပေးသွားသည့် အဖြစ်အပျက်ဟု မိသားစုဝင်နှင့် ခင်မင်ရင်းနှီးသူတို့က ဆိုကြသည်။
သူ့လိုအဖြစ်မျိုးတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိလိမ့်မည်မှာ မြေကြီးလက်ခတ် မလွဲပါ။ သို့သော် လူသိများသူ စာပေ၊ အနုပညာနယ်ပယ် နိုင်ငံရေးနယ်ပယ်နှင့် နီးစပ်သည့်မိသားစု ဖြစ်၍ ယခုအဖြစ်အပျက်ကို သာဓက တခုအဖြစ် သိရှိကြသော်လည်း စာမဖွဲ့ဖြစ်သည့် အဖြစ်များ မြောက်မြားစွာ ရှိမည်မှာ အသေအချာပင်။
မိသားစုလိုက် ဖမ်းဆီးခံထားရသည့် အဖြစ်အပျက်များစွာ ရှိသလို၊ လင်မယား နှစ်ဦးစလုံး ဖမ်းဆီးခံရပြီး အရွယ်မရောက်သေးသည့် သားသမီးအချို့ပါ အကျဥ်းထောင်ထဲ လိုက်ပါနေထိုင်ရသည့် အဖြစ်အပျက်တွေလည်း ကျနော်တို့ပတ်ဝန်းကျင်မှာ အမည်နှင့်တကွ ကြားသိနေရသည်။ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက သမိုင်းနှင့်ချီ၍ သက်ရောက်မှု ရှိမည်မှာ အသေအချာပင် ဖြစ်ပြီး လုပ်နိုင်သည့်အချက်ကတော့ လူမှုအသိုင်းအဝိုင်း အနေဖြင့် ရုပ်ဝတ္ထုရော စိတ်ဓာတ်ရေးအရပါ အားပေးကူညီကြခြင်းပင် ဖြစ်သည်။
ရိက္ခာအကူအညီ၊ ဆေးဝါးအကူအညီတွေ အသက်တမျှ အရေးကြီးသကဲ့သို့ပင် မိမိတို့ ပတ်ဝန်းကျင်မှ အထက်ကလို နိုင်ငံရေးအကျပ်အတည်း လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အကျိုးဆက်ကို ခံစားကြရသူများ၏ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ဝိုင်းဝန်းမျှဝေ ခံစားပေးကြဖို့ အားပေးကြဖို့က အရေးကြီးကြောင်း အခုအဖြစ်အပျက်က သက်သေပြလိုက်သကဲ့သို့ပင် ဖြစ်သည်။
ယခုရက်ပိုင်း အခြေခံပညာအထက်တန်း စာမေးပွဲ ဖြေဆိုသည်နှင့် ပတ်သက်၍ ပညာရေးကို အခုအချိန်မှာ သင်ယူသင့်သလား ကျွန်ပညာရေး၊ သခင်ပညာရေး စသဖြင့် ဝိဝါဒကွဲစရာများ၊ ပညာရေးကို နိုင်ငံရေးအာဏာ ထူထောင်မှုနှင့် မည်မျှ ချိတ်ဆက်ထားမလဲ စသည့် မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။
စစ်ကောင်စီက အခြေအနေတည်ငြိမ်ကြောင်း ကျောင်းသားများ ပညာသင်ကြားနေနိုင်ပြီဖြစ်ကြောင်း CDM လုပ်သည့် ပညာရေးဝန်ထမ်းများ ရှိခဲ့သည့်တိုင် ပညာရေးကို ဆက်လက်လည်ပတ်နိုင်ကြောင်း ပြသလိုသည်မှာလည်း သံသယဝင်စရာ မရှိပါ။ သို့သော် တဖက်မှာ အစိုးရကျောင်းများကိုသာ လက်လှမ်းမီသည့် အများစုသော ပြည်သူများအနေဖြင့် ၄င်းတို့၏ သားသမီးများကို စစ်ကောင်စီလက်အောက်က ကျောင်းများတွင် မထားပါက မည်သည့် ရွေးချယ်စရာ ရှိသလဲ ဆိုသည်ကလည်း အဓိကကျသည့် မေးခွန်းဖြစ်ပြီး လောလောဆယ် အဖြေမပေးနိုင်သေးဟု ထင်ပါသည်။ အခြားရွေးစရာ ပညာရေး မရှိသေးသည့် အနေအထားတွင် နိုင်ငံရေးတိုက်ပွဲက နှစ်နှင့်ချီ ကြာမြင့်နိုင်သည့် အခြေအနေမျိုးတွင် ၂ နှစ်၊ ၃ နှစ် ပညာသင်ယူခွင့်မရဘဲ သည်အတိုင်း ထိုင်နေရမည့် ကလေးသူငယ် လူငယ်များ၏ ပညာသင်ကြားပိုင်ခွင့်ဆုံးရှုံးမည့်အရေးလည်း အရေးတကြီးထည့်သွင်း စဥ်းစားဖို့ လိုအပ်ပါလိမ့်မည်။
မိသားစုတိုင်းက အွန်လိုင်း ကျောင်းထားဖို့ ကျောင်းလခ၊ အင်တာနက်၊ ကွန်ပျူတာ၊ မိဘ၏ ဘေးမှ အကူအညီ ဆောင်ရွက်မပေးနိုင်ကြပါ။ အလားတူ ကျေးလက် နယ်မြို့များတွင် ဒစ်ဂျစ်တယ်ကွာဟမှု ပို၍ကြီးမားသည်ကို တွေ့ရမည်ဖြစ်သည်။
ကျွန်ပညာရေး၏ အမည်မှည့်ခေါ် ခြင်းသည် ကိုလိုနီခေတ်က နိုင်ငံရေးစကားလုံးဖြစ်ပြီး ပညာရေးသည် နိုင်ငံရေး လက်အောက်ခံဖြစ်သည်မှာ ယေဘုယျအားဖြင့် အငြင်းပွားစရာ မရှိသော်လည်း ပညာရေးတခုလုံးက ၁၀၀ ရာနှုန်း နိုင်ငံရေး ကိစ္စရပ်မဟုတ်ဟု မြင်ပါသည်။ အတတ်ပညာပိုင်း၊ အသိပညာပိုင်းများတွင် ပညာရေးသည် ပညာရေးသာ ဖြစ်ပြီး သမိုင်းဘာသာရပ်လို၊ ဝိဇ္ဇာဘာသာရပ်၏ အချို့သော အပိုင်းများတွင် နိုင်ငံရေးစနစ်က အရောင်ခြယ်ထားတတ်ကြသည်ကိုလည်း အငြင်းပွားစရာ မရှိပါ။ သို့သော် အတတ်ပညာပိုင်းဆိုင်ရာ ပညာရေးကို ကာလရှည်ကြာသင်ယူခွင့်မရအောင် ကန့်သတ်ခြင်း ဆန့်ကျင်ခြင်းတို့သည် ကလေးသူငယ် လူငယ်တို့၏ သင်ယူပိုင်ခွင့်ကို ပိတ်ပင်ရာရောက်ပြီး လူမှုအကျိုးဆက်ပေါင်းများစွာ သက်ရောက်နိုင်သည်ကို မူဝါဒ ချမှတ်သူတွေ သတိပြုသင့်သည်ဟု မြင်ပါသည်။
တိုက်ပွဲ၏ မဟာဗျူဟာ နှင့် လိုက်ဖက်သည့် ပညာရေးဆိုင်ရာ မူဝါဒများ အလျင်အမြန်ပေါ်ထွက်သင့်ပြီဟု ထင်မြင်မိပါသည်။ လအနည်းငယ်နှင့် အရှုံးအနိုင် ရလဒ် မပေါ်ထွက်နိုင်သည့် အနေအထားဖြစ်လာခဲ့လျှင် ရေရှည်တိုက်ပွဲ နှင့် ကိုက်ညီသည့် ပညာရေးဆိုင်ရာမူဝါဒများ လက်တွေ့ကျသည့် မူဝါဒများ ချမှတ်နိုင်ဖို့က ခေါင်းဆောင်အဖွဲ့အစည်းများ၏ တာဝန်ဟု ထင်မြင်ပါသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar