မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၉ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၀၊ ၂၀၂၂
ဧပြီလ ၁၉ ရက် - လူတွေကို ကိုင်လှုပ်နိုင်တဲ့ လောင်စာဆီ ပြတ်လပ်မှု
ဧပြီလ ၁၉ ရက်နေ့နံနက် မိုးလင်းကတည်းက ရန်ကုန်မြို့ရဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီရောင်းတဲ့ ပုဂ္ဂလိကအရောင်းဆိုင်တွေမှာ ကားတွေ တန်းစီနေတာ အချို့သော ဆိုင်တွေက အရောင်းပိတ်ထားတဲ့အတွက် လောင်စာဆီထည့်ဖို့လာတဲ့ ကားတွေကို ဆိုင်ဝက စောင့်ပြီး အရောင်းပိတ်ထားကြောင်း ပြောနေကြတာတွေ မြင်ရပြီး တနေရာမှာ ဆီထည့်ဖို့သွားရာမှာ မရလိုက်တာနဲ့ စိုးရိမ်ပြီး အခြားသောဆီဆိုင်တွေကို သွားပြီး ထည့်ဖို့ကြိုးစားကြတာတွေ ဖြစ်လာပါတော့တယ်။
ရန်ကုန်မြို့မှာ အခုလိုဖြစ်တဲ့ သတင်းက မန္တလေးမြို့ ၊ လားရှိုး၊ ရခိုင်ပြည်နယ်စစ်တွေ၊ တောင်ကြီးစတဲ့ မြို့တွေကို နာရီပိုင်းအတွင်း ကူးစက်ပြီး ကျန်တဲ့မြို့တွေမှာလည်း လောင်စာဆီဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းချတာကြောင့် လူတွေရဲ့ စိုးရိမ်မှုကို ဖြစ်ပေါ်စေပြီး ချက်ခြင်းလက်ငင်း ဝယ်ဖို့ မလိုသေးသူတွေတောင် လိုရမယ်ရ ဝယ်ထားရမလားဆိုတဲ့အတွေးနဲ့ ဆိုင်တွေဆီသွားပြီး တန်းစီကြတာမျိုး ဖြစ်လာပါတော့တယ်။
နာရီပိုင်းအတွင်း စိုးရိမ်ပြီး ဝယ်ယူစုဆောင်းကြတာမျိုး panic buying ဖြစ်လာကာ ဆိုင်တွေမှာ တန်းစီနေတဲ့ ကားတန်းတွေ ဆိုင်ကယ်တွေ စုဝေးနေတဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပလူပျံခဲ့ပါတယ်။
ရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင်တွေမှာ ဆိုင်ကယ်တွေကို ကျပ် ၃၀၀၀ ဖိုး (တလီတာခွဲခန့်) နဲ့ ကားတွေကို ကျပ် ၃ သောင်းဖိုး (၁၅ လီတာခန့်) အကန့်အသတ်နဲ့သာ ရောင်းချပေးမယ်ဆိုတဲ့ အသိပေးချက်တွေ ဆိုင်ရှေ့မှာ ကြေညာထားကြတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ဟိုးအရင် စစ်အစိုးရခေတ်အစောပိုင်းနဲ့ အလယ်ပိုင်းကာလ လမ်းဘေးမှာ ပလပ်စတစ်ပုံးနဲ့ မှောင်ခိုဆီရောင်းတဲ့ ဆိုင်မှာတောင် ကားတွေ ၄/၅ စီးရပ်ပြီး ဝယ်ယူတာတွေ လုပ်နေတဲ့မြင်ကွင်းကို တွေ့ခဲ့ရပါတယ်။ ဆယ်စုနှစ်တခုကျော် လမ်းဘေးမှာ ပုံးနဲ့ ဓါတ်ဆီ ဒီဇယ်ဆီရောင်းတဲ့ ဆိုင်မှာ ဝယ်သူ မစုဝေးခဲ့ပဲ မီးစက်အတွက် သော်လည်းကောင်း ဌာနဆိုင်ရာနဲ့ ကုမ္ပဏီကားတချို့က လောင်စာဆီဖောက်ရောင်းသူတွေသာ အရောင်းအဝယ် လုပ်ကြတဲ့ ဆိုင်မျိုးတွေ နာရီပိုင်းအတွင်း လူစည်လာတာ ဖြစ်ပါတယ်။
မကြာခင်လေးကမှ လောင်စာဆီပြတ်လပ်ပြီး လူတွေတန်းစီနေကြရာက နောက် ဆန္ဒပြမှုတွေ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေ နှုတ်ထွက်ကြရတဲ့ သီရိလင်္ကာနိုငငံကို နှိုင်းယှဥ်စရာ အဖြစ်တွေးမိကြပါတယ်။
သီရိလင်္ကာနိုင်ငံက နိုင်ငံခြားငွေ ပြတ်လပ်တဲ့အကြပ်အတည်းကြောင့် နိုင်ငံခြားသွင်းကုန် အားလုံးနီးနီး မတင်သွင်းနိုင်ပဲ နိုင်ငံရေးပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး မြန််မာနိုင်ငံကတော့ သီရိလင်္ကာနဲ့ ထပ်တူထပ်မျှတော့ မတူညီတဲ့ အနေအထားဖြစ်ပါတယ်။
နိုင်ငံခြားငွေ ပြတ်လပ်တဲ့ ပြဿနာထက် ဗဟိုဘဏ်က နိုင်ငံခြားငွေ လဲနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ ဥပဒေ အမိန့် ကို ဧပြီလဆန်းမှာ ထုတ်ရာက သတ်မှတ်ငွေလဲနှုန်းနဲ့ စျေးကွက်မှာ ရောင်းချမယ့်စျေးမကိုက်တဲ့ အကြောင်း၊ ဗဟိုဘဏ်က စက်သုံးဆီသွင်းတဲ့ ကုမ္ပဏီတွေွကို ခါတိုင်း ဒေါ်လာထုတ်ရောင်းပေးနေရာက ဗဟိုဘဏ်ကြေညာချက် အပြီး လွယ်လွယ်ကူကူ ထုတ်မရောင်းပေးတာကြောင့် လောင်စာဆီ စီးဆင်းမှု ပြတ်တောက်ခဲ့တဲ့ သဘောမျိုးလို့လည်း နားလည်ရပါတယ်။
နေ့တွင်းချင်းမှာပဲ စက်သုံးဆီတင်သွင်း ရောင်းချနေတဲ့ ကုမ္ပဏီကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းနဲ့ စစ်ကောင်စီ ဝန်ကြီးဌာနတို့အကြား ဆက်သွယ် ဖြေရှင်းမှုတွေ လုပ်ကြပုံပေါ်ပြီး နေ့လည်လောက်မှာတော့ ကုမ္ပဏီအချို့က စက်သုံးဆီ အကန့်အသတ်မရှိရောင်းပေးမယ်ဆိုတဲ့ အသိပေးချက်တွေကို ဆိုရှယ်မီဒီယာမှာ အသိပေးထုတ်ပြန်လာကြတာ တွေ့ရပေမယ့်လည်း တန်းစီနေတဲ့ကားတွေကတော့ စက်သုံးဆီရောင်း ဆိုင်တွေရှေ့မှာ တွေ့မြင်နေရဆဲဖြစ်ပါတယ်။
စက်သုံးဆီ ပြတ်လပ်မလားဆိုတဲ့ စိုးရိမ်မှုဟာ စီးပွားရေးကဏ္ဍကို ကြီးမားစွာ ဂယက်ရိုက်နိုင်ပြီး နိုင်ငံရေး ပြဿနာ အဖြစ်ကူးစက်သွားနိုင်တယ်ဆိုတာကို စစ်ကောင်စီက သဘောပေါက်ပြီး မြန်မြန်ဆန်ဆန် ကိုင်တွယ်ခဲ့ပုံရပါတယ်။
ဒါပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဗဟိုဘဏ်က ဧပြီလ ဆန်းမှာ ထုတ်ပြန်ခဲ့တဲ့အမိန့်ဖြစ်တဲ့ နိုင်ငံခြားငွေဝင်လာတာနဲ့ ၂၄ နာရီအတွင်း မြန်မာကျပ်ငွေပြောင်းစေတာ နောက်တချက်က လဲနှုန်းကို စျေးကွက်က သတ်မှတ်တာမဟုတ်ပဲ ၁၈၅၀ လို့ အမှန်တကယ် ဖြစ်နေတဲ့ စျေးနှုန်းထက် လျော့ပြီးသတ်မှတ်ထားတာက အခုလို အကျိုးဆက်တွေကို ဖြစ်စေတာလို့ ယူဆရပါတယ်။
ရွှေစျေးကွက်လည်း ဗဟိုဘဏ် လဲနှုန်းနဲ့ အလုပ်မဖြစ်နိုင်လို့ တရားဝင်စျေးနှုန်း မဖွင့်နိုင်ပဲ မှောင်ခိုအနေနဲ့သာ ရောင်းဝယ်နေကြပုံရပြီး နေ့စဥ် သုံးနေကြရတဲ့ လောင်စီဆီတင်သွင်းမှုမှာ ပြဿနာ ဖြစ်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။
ခုအဖြစ်အပျက်ကို ကြည့်ရင် စစ်ကောင်စီရဲ့ အမိန့်နဲ့ အာဏာကိုသာ သုံးပြီး စီမံခန့်ခွဲမှု အလွဲကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပြီး ပြည်တွင်းက လူထုအနေနဲ့တော့ အခုလို ဂယက်ရိုက်ခတ်မှုဒဏ်ကို ရှေ့ဆက်ခံစားနေကြရဦးမယ့် အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar