Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၆ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၂၆ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၂ 


ဧပြီလ ၂၆ ရက်  - စစ်ကောင်စီဘက်က ဖွဲ့ပေးလိုက်တယ်လို့ ယုံကြည်ရတဲ့ လက်မရွံ့ လုပ်ကြံရေး “သွေးသောက်” အဖွဲ့

သွေးသောက် ဆိုတဲ့ အမည်နာမက ပဒေသရာဇ်ခေတ်က လက်နက်နဲ့ လုပ်ကြံမှု တခုခု၊ ပုန်ကန်မှု တခုခုကို လုပ်ဆောင်ကြတဲ့အခါ အချင်းချင်း သစ္စာမဖောက်ရအောင် သွေးဖောက်ပြီး သစ္စာဆို စတိသောက်ကာ အပြန်အလှန်ရာနှုန်းပြည့် ယုံကြည်မှုရှိကြတဲ့ လက်နက်ကိုင်အစုအဖွဲ့ ဝင်တွေကို သွေးသောက်၊ ရဲဘော်လို့ ခေါ်ဆိုကြလေ့ရှိပါတယ်။ 

ဒီလို သစ္စာခံတာ၊ သွေးသောက်ပြီး သစ္စာပြုတာကို အစွဲပြုပြီး သွေးသောက်ရဲဘော် လို့ ပဒေသရာဇ်ခေတ် နောက်ခံဇာတ်လမ်းတွေမှာ အသုံးပြုကြတဲ့ အသုံးအနှုန်းဖြစ်တဲ့ အသုံးအနှုန်းကို သုံးပြီး NLD နဲ့ PDF တွေကို နဲ့ လုံခြုံရေးအားနည်းတဲ့ မိသားစုဝင်တွေ၊ ထောက်ခံသူတွေကို ဥပဒေမဲ့ လုပ်ကြံသတ်ဖြတ်မယ့် လျှို့ဝှက်ဂိုဏ်းလို အဖွဲ့တွေ စတင်ပေါ်ထွက်လာပြီး မန္တလေးမှာ ခုရက်အတွင်း ၄၊ ၅ ဦး သတ်ဖြတ်ပြီး အလောင်းတွေကို လမ်းမှာစွန့်ပစ်ထားတာတွေ ဖြစ်ပွားလာပါတယ်။ 

ဒီလိုအဖွဲ့တွေက စစ်ကောင်စီရဲ့ စစ်တပ်တွေ၊ ရဲတွေ လုပ်လေ့ရှိတဲ့ လာရောက်ဖမ်းဆီးပြီး နှိပ်စက်တာ ရိုက်နှက်တာတွေ၊ တချို့သော အဖြစ်အပျက်တွေမှာ အသက်ဆုံးရှုံးသည်အထိ လက်လွန်ခြေလွန်လုပ်တာတွေထက် ပိုရက်စက်တဲ့ လုပ်ရပ်တွေ၊ ဘာအတွက်မှ ငဲ့စရာမလိုပဲ သတ်ဖြတ်နိုင်တဲ့ တဖက်ကို ချောက်ချားအောင် ကြောက်လန့်အောင် လုပ်ဆောင်နိုင်မယ့်၊ လက်စားခြေမှုတွေ လုပ်နိုင်တဲ့ လက်မရွံ့ အဖွဲ့ လူသတ်ဂိုဏ်း လက်စားချေဂိုဏ်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

မန္တလေးမြို့က NLD ကို တက်တက်ကြွကြွ ထောက်ခံတဲ့ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယား နဲ့ ပိုင်ရှင်ရဲ့ ညီဖြစ်သူတို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက နေအိမ်မှာ လာဖမ်းသွားပြီး နောက်တရက်မှာ အလောင်းတွေကို မြို့ရဲ့ လမ်းနဘေးမှာ စွန့်ပစ်ထားတာတွေ့ရတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မှာ သေဆုံးသူရဲ့ လည်ပင်းမှာ သွေးသောက်အဖွဲ့ဆိုတဲ့ အနီရောင် တံဆိပ်ပါကြိုးကို ဆွဲထားခဲ့တာ ဖြစ်ပါတယ်။ 

ဒီလိုလုပ်ရပ်ဟာ ဘယ်သူလုပ်မှန်းမသိဘူးဆိုတာမျိုး ရာဇဝတ်မှုကျူးလွန်တာထက်ကို တဖက်ကို ကြောက်လန့်အောင်၊ ချောက်ချားအောင် အကြမ်းဖက်အဖွဲ့အစည်းသဖွယ် ဖွဲ့စည်းပြီး PDF တွေရဲ့ အုပ်ချုပ်ရေးမှူး၊ သတင်းပေးတွေကို လုပ်ကြံသတ်ဖြတ်တဲ့ PDF နဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေကို တန်ပြန်လုပ်မယ့် လူသတ်အဖွဲ့တွေ ပေါ်လာတာ ဖြစ်ပါတယ်။ 

သွေးသောက်အဖွဲ့ဟာ စစ်ကောင်စီဘက်က သူတို့ကို ထောက်ခံသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကြံ့ခိုင်ရေး ပါတီစည်းရုံးရေးမှူးတွေ တာဝန်ရှိသူတွေကို စစ်ကောင်စီတပ်တွေက အကာအကွယ်မပေးနိုင်ဘူးလားဆိုတဲ့ အားမလိုအားမရ ဖြစ်မှုတွေက ပြီးခဲ့တဲ့ နှစ်ကတည်းက သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီကို ထောက်ခံတဲ့ သတင်းမီဒီယာသမားတွေက တကြိမ်မကမေးနေခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က တယောက်ချင်းစီကို အကာအကွယ်မပေးနိုင်သေးတာကို ဝန်ခံကြောင်း ပြန်ဖြေခဲ့တာပါ။ 

ဒီအချက်အလက်တွေနဲ့ ဆက်စပ်ကြည့်တဲ့အခါ အခုပေါ်ထွက်လာတဲ့ သွေးသောက်အဖွဲ့ဟာ စစ်တပ် ထောက်ခံသူတွေဘက်က ဥပဒေမဲ့ ပိုပြီးပြင်းပြင်းထန်ထန် တုံ့ပြန်လက်စားချေချင်တဲ့ အစုအဖွဲ့တွေကို ဖွဲ့စည်းလုပ်ဆောင်ခွင့်ပေးလိုက်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်ကောင်စီရဲ့ ပြည်ထဲရေးဘက်က သို့မဟုတ် ကာကွယ်ရေး ဌာနဘက်က တာဝန်ပေးအပ်ခံရတဲ့ဌာနက နောက်ကွယ်မှာ သီးခြားဆက်သွယ်ပြီး လက်နက်တွေ ငွေကြေးတွေ ပံ့ပိုးတာတွေ လုပ်လိမ့်မယ်လို့ မှန်းဆရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ တော်လှန်ရေးနေ့အပြီး နောက်တရက်မှာ ကြံ့ခိုင်ရေးဥက္ကဋ္ဌကိုယ်တိုင် ဖွင့်လှစ်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ခံရပြီး အသက်ဆုံးရှုံးသွားရတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲမှာ ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း ကြံ့ခိုင်ရေး ပါတီဝင် ၁၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒီကိန်းဂဏန်းက ဘယ်လောက်မှန်ကန်သလဲဆိုတာ မသိနိုင်ပေမယ့် မနှစ် စက်တင်ဘာလတုန်းက ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တဦး ပြောရာမှာ ပါတီဝင် ၃၀၀ ကျော် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ပထမဆုံးအကြိမ် ကိန်းဂဏန်းကို ထုတ်ပြောခဲ့တဲ့နောက် အခု မတ်လမှာ ၁၃၀၀ ကျော်ရှိပြီဆိုပြီး ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ 

ကိန်းဂဏန်းက တိကျမှုရှိတာ မရှိတာကို ခဏထားပြီး တကယ်အပြင်မှာလည်း ရာနဲ့ချီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာတော့ အမှန်ဖြစ်နိုင်ပါတယ်။ 

ဒီလို လုပ်ကြံသတ်ဖြတ်ခံနေကြရတဲ့ အမှုတိုင်းကို စစ်ကောင်စီတပ်နဲ့ ရဲတို့ ဖော်ထုတ်ဖမ်းဆီးနိုင်တာ မဟုတ်လို့ ကြံ့ခိုင်ရေးနဲ့ စစ်တပ်ထောက်ခံသူတွေက အခုလို လက်မရွံ့ လုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့တွေကို ဖွဲ့စည်းပြီး လက်စားချေ တုံ့ပြန်ဖို့ ပြင်ဆင်လာကြတာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ခရိုနီ သို့မဟုတ် တိုင်ကွန်းလို့ ခေါ်ကြတဲ့ စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်တဲ့ ပြည်တွင်းက သူဌေးကြီးတဦးဖြစ်တဲ့ ဧဒင်ကုမ္ပဏီအုပ်စု ပိုင်ဆိုင်သူ ဦးချစ်ခိုင်ကို စစ်ကောင်စီက အဂတိဥပဒေနဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ မနေ့ညပိုင်းက ပြည်ပမှ ပြန်ရောက်လာစဥ် လေဆိပ်မှာ ဖမ်းဆီးလိုက်တာလို့ သတင်းတွေက ဆိုပါတယ်။ အန်အယ်လ်ဒီအစိုးရအဖွဲ့ဝင် စွမ်းအင်ဝန်ကြီးဟောင်း၊ သစ်တောနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးဟောင်းတွေကို စစ်ကောင်စီက စစ်အာဏာသိမ်းစဥ်ကတည်းက ထိန်းသိမ်းဖမ်းဆီးပြီးနောက် အဂတိမှုနဲ့ အမှုစွဲဆိုဖို့ လုပ်ဆောင်ရာမှာ တီကျစ်ဒေသက ကျောက်မီးသွေးစက်ရုံလုပ်ငန်းမှာ နိုင်ငံအနေနဲ့  နစ်နာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးချစ်ခိုင်ကိုပါ ဖမ်းဆီးဖို့ လုပ်ဆောင်တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဒီလို ဖမ်းဆီးလိုက်ခြင်းဟာ မြန်မာနိုင်ငံမှာ လက်တဆုပ်စာအရေအတွက်ရှိတဲ့ လုပ်ငန်းရှင် ခရိုနီထဲက ဒုတိယမြောက် ဖမ်းဆီးခံရတဲ့ အဖြစ်အပျက် ဖြစ်လာပါတယ်။ မကြာခင် သီတင်းပတ်တွေက ဦးခင်ရွှေနဲ့ သားဖြစ်သူတို့ ဖမ်းဆီးခံထားရပြီး ရှေးဟောင်းပစ္စည်းဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီဘက်က အမှုဖွင့်ထားပြီး အခုတဖန် ယခင် စစ်အစိုးရလက်ထက်က စစ်ခေါင်းဆောင် ဦးသန်းရွှေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ လုပ်ငန်းရှင်ကို ပထမဆုံး ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။

ခရိုနီလုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီကို အန်မတုရဲအောင် ရည်ရွယ်ဖမ်းဆီး အရေးယူပြတာလား၊ သို့မဟုတ် ခရိုနီတွေကို ဖိနှိပ်ပြီး စစ်ကောင်စီခေါင်းဆောင်ပိုင်းရဲ့ မိသားစုဝင်တွေ ရဲ့ စီးပွားရေးအင်ပါယာကို ချဲ့ထွင်လိုတဲ့ ရည်ရွယ်ချက်လား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar