Breaking News

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၃)

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၃)
(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၂

ဂျာမန်တို့က ရုရှားတို့ မဟာမိတ်တွေနဲ့ပူးပေါင်းမှုကိုရပ်ဆိုင်းပြီး ကမ္ဘာစစ်ထဲက ထွက်ခွါသွားအောင် ကြိုးစားခဲ့သလို  သူနဲ့လက်တွဲမယ့် နိုင်ငံသစ်ရဖို့လည်း အားထုတ်ခဲ့ပါသေးတယ်။ ပြောခဲ့သလိုပါပဲ၊ ဂျာမန်တို့ဟာ စစ်မြေပြင် သက်သက်မှာသာမဟုတ်ပဲ မဟာမိတ်တွေအကြပ်ရိုက်စေဖို့ ကျည်ဆံရှင်း ယမ်းငွေ့ကင်းတဲ့နေရာများဆီမှလည်း ခြေလှမ်းသွက်သွက် လှမ်းတတ်ပါတယ်။ တချိန်မှာ  အမေရိကန်နိုင်ငံက ကမ္ဘာစစ်ထဲဝင်လာနိုင်ခြေရှိတာကို ကြိုတွက်ဆထားခဲ့တဲ့ ဂျာမန်တို့ဟာ အများထင်မှတ်မထားတဲ့အကွက်ကို ရွှေ့ခဲ့ပါတယ်။ 

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ‘အာသာ ဇင်မာမင်း’(Arthur Zimmermann) က မက္ကစီကိုနိုင်ငံမှာရှိတဲ့ ဂျာမန်သံအ မတ်ကနေတဆင့် အမေရိကန်ရဲ့ အိမ်နီးချင်း မက္ကစီကိုနဲ့ မဟာမိတ်လုပ်ဖို့၊အချိန်ကျရင် အမေရိကန်ကို အတူစစ်ကြေညာကြဖို့ ဆက်သွယ်ခဲ့တဲ့ ချဥ်းကပ်မှုဖြစ်ပါတယ်။ အမေရိကန်ကသာ မက္ကစီကိုနဲ့ စစ်ဖြစ်နေရင် ဥရောပစစ်မျက်နှာကို စစ်ကူပေးဖို့ ပိုခက်သွားမှာပါ။ဒီအတွက် စစ်ရေး၊ဘဏ္ဏာရေး အထောက်အပံ့ ပြုလုပ် ပေးမယ် ဆိုတာအပြင် မက္ကစီကိုနဲ့ အမေရိကန်တို့ရဲ့ ကျောင်းတော်က ရန်စကိုလည်း အစပြန်ဖေါ်လိုက်ပါသေးတယ်။
မက္ကစီကန်-အမေရိကန်စစ်ပွဲ (၁၈၄၆-၁၈၄၈) မှာ စစ်ရှုံးခဲ့တဲ့ မက္ကစီကိုဟာ ‘ဂွါဒါလူပေ ဟီဒါလ်ဂို’ (Guadalope Hidalgo) စာချုပ်အရ နယ်မြေအမြောက်အများ လက်လွှတ်ခဲ့ရပါတယ်။ စစ်မဖြစ်ခင်ပိုင်နက်နဲ့ နှိုင်းယှဥ်ပြောရ ရင် (၅၅) ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့ရတာပါ၊ စတုရန်းမိုင်အရပြောရင် (၅၂၅,၀၀၀) ဆိုတော့ မြန်မာနိုင်ငံရဲ့ (၂) ဆ ပတ်ဝန်းကျင် အကျယ်အဝန်း ရှိပါတယ်။ အခုမြေပုံအရဆိုရင် နဗားဒါး၊ အရီဇိုးနား၊ အူတာ၊ နယူးမက္ကစီကို ကယ်လီဖိုးနီးယား၊ ကော်လိုရားဒိုး အစရှိတဲ့ ဒေသတွေက အစိတ်အပိုင်း အနည်းနဲ့အများပါသွားတာပါ။ ဒီ့အရင် စစ်ပွဲတုန်းက အမေရိကန်လက်ထဲရောက်ခဲ့တဲ့ တက္ကဆတ်နယ်နမိတ်ကိုလည်း အသိအမှတ်ပြုခဲ့ရပါတယ်။

ဒါကြောင့် မက္ကစီကိုက ဂျာမန်တို့နဲ့တွဲပြီး ကမ္ဘာစစ်အတူတိုက်လို့ စစ်နိုင်ခဲ့ရင် ဆုံးရှုံးခဲ့တဲ့နယ်မြေတွေ ပြန်ရမယ် လို့လည်း စည်းရုံးခဲ့ပါတယ်။ ဒီအချက်အလက်တွေပါတဲ့ ကြေးနန်းကို ဗြိတိသျှထောက်လှမ်းရေးက ကြားဖြတ် ရယူပြီး ကုဒ်ပြန်ဖေါ် အဖြေရှာရင်းနဲ့ ဒီအကြောင်းတွေ ပေါ်ပေါက်ခဲ့တာပါ။ ‘အာသာ ဇင်မာမင်း’ ကိုယ်တိုင် က လည်း ဒီအစီအစဥ်အကြောင်းကို ဂျာမန်ပါလီမန် (Reichstag) မှာ ၁၉၁၇ ခုနှစ် မတ်လ (၂၉) ရက်နေ့မှာ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဆောင်းပါးမှာ ရုရှားတို့ကမ္ဘာစစ်က ထွက်ခွါအောင် ကြိုးစားမှု၊ အခုအမေရိကန်ကို အမေရိကတိုက်မှာပဲ စစ်ရေးရှုပ်ထွေးမှုတွေနဲ့ အာရုံလွှဲဖို့ ကြံစည်ခဲ့မှုတို့ကို စဥ်းစားကြည့်ရင်၊ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ဂျာမန်တို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က နိုင်ငံရေးပရိယာယ်များကို လျှော့တွက်ဖို့ ခက်ခဲပါလိမ့်မယ်။ အခုဖြစ်ရပ်တွေက သမုဒ္ဒရာထဲမှာ မြင်နေရတဲ့ ရေခဲကျောက်ဆောင်ကြီးရဲ့ ထိပ်ဖျားပိုင်းသာသာလို ဖြစ်နေမယ်လို့လည်း မှန်းဆမိပါတယ်။ ကတုတ်ကျင်းများထဲကသာမက အစိုးရအဖွဲ့ရုံးခန်းများမှ နေပြီးတော့လည်း စစ်မျက်နှာ ပြင်မြေပုံ အပြောင်းအရွှေ့များကို ဂျာမန်တို့ဘက်က ပရိယာယ်မျိုးစုံသုံးပြီး စစ်အတွင်း ဦးစားပေးပရောဂျက်များအနေနဲ့ တစိုက်မတ်မတ် ဖန်တီးနေခဲ့ကြပါတယ်။ 

◾️နွေဦးထိုးစစ်
ဂျာမန်စစ်ဗိုလ်ချုပ်ကြီးများရဲ့ စစ်ရေးစွမ်းဆောင်ချက်များဘက်ကို တလှည့်ပြန်သွားကြည့်ပါမယ်။ အရှေ့နဲ့အနောက် စစ်မျက်နှာနှစ်ဖက် ဖွင့်ထားရာကနေ စစ်မျက်နှာတစ်ဖက်သာကျန်တော့လို့  ဂျာမန်တပ်တွေကို အနောက်ဖက်စစ်မျက်နှာ (Western Front) မှာ ပြောင်းရွှေ့စုစည်းလာနိုင်ခဲ့ပြီး ၁၉၁၈ ခုနှစ် မတ်လ (၂၁) ရက်နေ့ အာရုဏ်တက်မှာ ပြင်သစ်နယ်မြေထဲ ‘နွေဦးထိုးစစ်’ (Spring Offensive) ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်နိုင်ခဲ့ပါတယ်။

‘အနောက်ဖက်စစ်မျက်နှာ’ (Western Front) ဟာ ဘယ်လ်ဂျီယမ်နိုင်ငံ West Flanders ဒေသဘက်ရှိ ဘယ်လ်ဂျီယမ်ကမ်းရိုးတန်းကနေ ဆွစ်ဇာလန်-ဂျာမနီနယ်စပ် (Alsace) အထိ မိုင်ပေါင်း (၄၀၀) ကျော် ရှည်လျားပါတယ်။ နှစ်ဖက်တပ်ဖွဲ့တွေက တဖက်တချက်မှာ ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ပြီး တဖက်ကိုတဖက် ကျော်ဖြတ်မလာနိုင်အောင် စောင့်ကြပ်ထားကြပါတယ်။ မျက်နှာချင်းဆိုင်တပ်တွေရဲ့ အလယ်ဧရိယာကို အရင်ကျော်ဖြတ်ပြီးမှသာ တဖက်ရဲ့နယ်မြေကို ဝင်ရောက်သိမ်းပိုက်လို့ရတဲ့အနေအထားပါ။ ပထမကမ္ဘာစစ်ကို ကတုတ် ကျင်းများရဲ့စစ်ပွဲလို့လည်း အမည်ပေးကြပါတယ်။

ဒီအတွက် အဝေးကနေ ရန်သူ့ကတုတ်ကျင်းဆီကို ပစ်ခတ်နိုင်တဲ့ အပေါ့စားအမြောက်၊ အကြီးစားအမြောက် များကိုလည်း နှစ်ဘက်လုံးက တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က သမိုင်း ပါမောက္ခ ‘အေဒရီယန် ဂရက်ဂရီ’ (Adrian Gregory – A War of Peoples 1914-1919) ရဲ့စာအုပ်မှာ ဒီထိုးစစ်အ ကြောင်းကို အသေးစိတ်လေ့လာ ဖေါ်ပြထားခဲ့ပါတယ်။

ဂျာမန်တို့ရဲ့ စစ်ပွဲအစီအမံက ဗြိတိသျှတပ်တွေကို ပင်လယ်ကမ်းရိုးတန်း အစပ်ထိတိုက်ထုတ်ပြီး ပြင်သစ်တပ် တွေနဲ့  အဝေးကိုရောက်အောင် ပို့ထားဖို့ပါ။ ဒါဆိုရင် ‘အနောက်ဖက်စစ်မျက်နှာ’ က ကတုတ်ကျင်း ခံတပ်ရိုး ရှည်မှာ ‌စည်းပေါက်တဲ့နေရာတွေ ပေါ်လာပြီး၊ ဂျာမန်တပ်ဖွဲ့တွေ ဝင်ရောက်ခြေကုတ်ယူလာနိုင်ကာ၊  ပဲရစ်နဲ့ အ ခြား ပြင်သစ်မြို့ ကြီးတွေကို သိမ်းပိုက်ဖို့ ပိုလွယ်ကူသွားမှာဖြစ်ပါတယ်။

နွေဦးထိုးစစ်စဖွင့်ချိန်မှာပဲ အမြောက်ဆံ၊ မော်တာကျည်ဆံ (၃) သန်းလောက်ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ အရှေ့ဖက်စစ်မျက်နှာကနေ လက်နက်၊စစ်သည်အင်အား အများအပြား ရွှေ့ပြောင်းလာနိုင်ခဲ့တဲ့ ဂျာမန်စစ်တပ်ဟာ ‘နွေဦးထိုးစစ်’ ရဲ့ ပထမအဆင့်ဖြစ်တဲ့  ဒီ’မိုက်ကယ်စစ်ဆင်ရေး’(Operation Michael) မှာ ကြံ့ခိုင်မှုပိုကောင်းတဲ့ ဂျာမန်တပ်ဖွဲ့ဝင်တွေကို အဓိကရွေးချယ်ပြီး တိုက်ပွဲဝင်နိုင်ခဲ့သလို၊ အဝေးပစ်အမြောက် လက်နက် ကြီးမျိုးစုံ အရေအတွက် (၆၆၀၈) နဲ့ မော်တာ (၃၃၅၄) အသုံးပြုပြီး အင်အားသုံးချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။
‘ဆားဗီးယား၊ရုရှား၊အီတလီ’ စစ်မျက်နှာများမှာ အောင်ပွဲတွေရထားခဲ့လို့ ဂျာမန်တပ်တွေဟာ စိတ်ဓါတ်ပိုင်း ဆိုင်ရာမှာလည်း အတော်မြင့်မားနေကြပါတယ်။ ၁၉၁၅ ခုနှစ် အစောပိုင်းလောက်ကတည်းက စနစ်တကျလေ့ ကျင့်ပေးထားခဲ့တဲ့ ဂျာမန်အထူးတပ်သားများကိုလည်း အသုံးပြုခဲ့ပါတယ်။ ဂျာမန်လို ‘Sturmtruppen‘၊ မုန် တိုင်းတပ်သား’(Storm troopers) လို့ခေါ်ဝေါ်တဲ့ အထူးတပ်ဖွဲ့ ဖြစ်ပါတယ်။ အဲဒီခေတ်က   ရှေ့တန်းထွက်စစ် သည်အများစုလို ရိုင်ဖယ်ကိုင်သက်သက်တပ်ဖွဲ့တွေ မဟုတ်ပဲ၊ အနီးကပ်ရင်ဆိုင်တဲ့အခါသုံးတဲ့ ပစ္စတို၊ အပေါ့ စား စက်သေနတ်၊ လက်ပစ်ဗုံး၊ ဓါး၊ လှံစွပ် စတာတွေ တပ်ဆင်ပေးထားပြီး ခံစစ်လိုင်းကို လျင်မြန်စွာ ထိုးဖေါက်ဖို့ လေ့ကျင့်ပေးထားတဲ့ အထူးတပ်သားများပါ။

နွေဦးထိုးစစ်’ရဲ့ ပထမ‌နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်ရောက်တယ်ဆိုရင်ပဲ ရင်ဆိုင်ခုခံနေတဲ့ ဗြိတိသျှတပ်ဖွဲ့တွေရဲ့ (၁၀) ရာခိုင်နှုန်းလောက်ဟာ သေဆုံး(သို့မဟုတ်)ဒဏ်ရာရကုန်ကြတယ်လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။အဲဒီပထမနေ့ တစ်ရက်ထဲမှာပဲ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံ၊ ပျောက်ဆုံး ဗြိတိသျှစစ်သား စုစုပေါင်း (၃၈,၅၀၀) ယောက်ခန့်ရှိပြီး  စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူသက်သက်ဆိုရင်  (၂၁,၀၀၀) ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဂျာမန်တပ်တွေ အနေနဲ့ (၄) ကီလိုမီတာလောက် ထပ်ပြီး ရှေ့ကိုတိုးနိုင်ခဲ့ပါတယ်။

ဂျာမန်တွေဘက်ကလည်း အသေအပျောက် (၁၁,၀၀၀) ခန့်ရှိပေမယ့်၊ ထိုးစစ်အရှိန်လျော့မသွားပဲ ရှေ့ဆက် တက်လာကြပါတယ်။ မတ်လ (၂၃) ရက်နေ့ရောက်တော့ ဗြိတိသျှ စစ်သုံ့ပန်း (၄၀,၀၀၀) လောက် ဂျာမန်လက်ထဲ ရောက်သွားခဲ့ပြီး အမြောက် (၄၀၀) ခန့်လည်း အသိမ်းခံလိုက်ရတဲ့အခြေအနေ ဖြစ်လာပါတယ်။ ‘ဆမ်းမာ’ (Somme) အနီးတဝိုက်ရောက်ရှိလာကာ ‘ပဲရစ်’ကိုတောင် အဝေးပစ်အမြောက်များနဲ့ပစ်ခတ်ဖို့ ကြိုးစားလာ ကြပါတယ်။ တိုက်ရိုက်ပစ်မှတ်ထိဖို့ ခက်ခဲသေးပေမယ့် စိတ်ဓါတ်ပျက်ပြားအောင် ရည်ရွယ်ပစ်ခတ်နေကြ ပါတယ်။
ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ဟာ နှစ်ပေါင်း (၂၅) နှစ်သာ ခြားပြီးဖြစ်ခဲ့ပေမယ့် စစ်ဆင်ရေးနည်းဗျူဟာ၊ စစ်လက်နက် နည်းပညာ တိုးတက်သုံးစွဲနိုင်မှုများက နှိုင်းယှဥ်မရအောင် ပြောင်းလဲခဲ့ပါတယ်။ နပိုလီယန်စစ်ပွဲ များရဲ့ နောက်ပိုင်းမှာ အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၆၅)၊ ပြင်သစ်-ဂျာမန်စစ်ပွဲ (၁၈၇၀-၇၁)၊ စပိန်-အမေရိ ကန်စစ်ပွဲ (၁၈၉၈) တို့ ပေါ်ပေါက်ခဲ့ကြပေမယ့် ဒီ (၁၉) ရာစုစစ်ပွဲများကနေ ကမ္ဘာစစ်ကြီးနှစ်ခုလို သိသာခြားနား စေတဲ့ လက်နက်နဲ့ နည်းပညာ အသစ်အဆန်းတွေ များများစားစား ပေါ်ပေါက်မလာခဲ့တာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ပထမကမ္ဘာစစ်မှာလည်း အရင်စစ်ပွဲများလိုပဲ တပ်ဖွဲ့အင်အား အမြောက်အများကိုသုံးတဲ့ ရင်ဆိုင် တိုက်ပွဲတွေကိုသာ အတွေ့ရများပါတယ်။ ကတုတ်ကျင်း အခိုင်အမာများနဲ့ ခုခံတိုက်ခိုက်ကြတဲ့ ‘အနောက်ဖက် စစ်မျက်နှာမှာ’ ကတုတ်ကျင်းတွေကို ကျော်ဖြတ်နိုင်ဖို့ စဥ်းစားတီထွင်ခဲ့ကြရာမှ  ဗြိတိသျှတို့ရဲ့  Mark I တင့် ကား ပေါ်ထွက်လာခဲ့ပါတယ်။ ဒီနောက် ကမ္ဘာ့ပထမဆုံး တင့်ကားတိုက်ပွဲအနေနဲ့ ပြင်သစ်စစ်မြေပြင်မှာ ၁၉၁၆ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့က ပွဲဦးထွက်စတင်ခဲ့ပါတယ်။ အမြန်ဆုံး တနာရီ (၃.၇) မိုင်နှုန်းနဲ့ ပဲ မောင်းနှင်နိုင်တဲ့ တင့်ကားမျိုးသာ ဖြစ်ပါတယ်။

အဲဒီကာလက နှစ်ဖက်လုံးမှာ ရေငုပ်သ‌င်္ဘောများစတင် အသုံးပြုနေပေမယ့် စွမ်းဆောင်ရည် သိပ်မမြင့်မား သေးတဲ့ အချိန်ပါ။ ဂျာမန်တို့ရဲ့ ‘ယူဘုတ်’(U-Boat) ရေငုပ်သ‌င်္ဘော အမျိုးအစားကတော့ မဟာမိတ်များကို ဒုက္ခ ပေးနိုင်ခဲ့သလို Dreadnought စစ်င်္ဘောများကလည်း ဗြိတိသျှတို့ရဲ့ ရေတပ်အင်အားကြီးမားမှုကို အထောက် အကူပြုပေးခဲ့ပါတယ်။ဒါပေမယ့် ဒီကမ္ဘာစစ်ရဲ့ အဆုံးအဖြတ်ဟာ ‘အနောက်ဖက်စစ်မျက်နှာ’က မြေပြင်တိုက် ပွဲများ အပေါ်မှာသာ မူတည်နေတာကို နှစ်ဖက်လုံးက သဘောပေါက် အာရုံစိုက်ထားကြပါတယ်။

လေယာဥ်များသုံးစွဲနေပြီ ဖြစ်ပေမယ့် ကင်းထောက်၊ကင်းလှည့်အတွက် သုံးကြတာကများပါတယ်။ ‘ရိုက်ဘ ရားသားစ်’(Wright Brothers) ရဲ့ ပထမဆုံးလေယာဥ်ပျံသန်းမှုဟာ ၁၉၀၃ ခုနှစ်၊ ကမ္ဘာစစ်မဖြစ်ခင် (၁၁) နှစ်အ လိုက ဆိုတာကို ထည့်တွက်စဥ်းစားရင်၊ အုံနဲ့ကျင်းနဲ့ လေကြောင်းတိုက်ခိုက်မှုမျိုး မပြုလုပ်နိုင်သေးတာကို သဘောပေါက်မိမှာပါ။ အကန့်အသတ် စွမ်းရည်ရှိတဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲမှုတွေ လုပ်ခဲ့တာတော့ တွေ့ရပါတယ်။ဒါ့အပြင် ဂျာမန်တို့က သူတို့ရဲ့ ‘ဇက်ပလင်း’(Zeppelin) လေသ‌င်္ဘောများကို ကင်းထောက်၊ကင်း လှည့်ရာမှာသာမက ဗြိတိန်ကိုသွားရောက် ဗုံးကြဲဖို့ကိုလည်း အသုံးပြုခဲ့ဖူးပါတယ်။

ဆက်သွယ်ရေးဘက်ကို ကြည့်မယ်ဆိုရင်တော့ ကြေးနန်း၊တယ်လီဖုန်း၊ရေဒီယိုစနစ်စနစ်များကို သုံးစွဲနေကြပြီ ဆိုပေမယ့် အကန့်အသတ်တွေ ရှိနေပါသေးတယ်။တချို့စစ်မျက်နှာပြင်တွေမှာ ဆက်သားစနစ်၊စာပို့ခိုများကို မှီခိုနေရဆဲပါ။ မဟာမိတ်တို့ဘက်မှာ စက်ဘီးတပ်ရင်း (Cyclist Battalion) များဖွဲ့စည်းထားသလို ဂျာမန်စက်ဘီး ခြေလျင်တပ် (German Bicycle Infantry)များလည်း ဆက်သွယ်ရေးအတွက် အသုံးပြုကြပါတယ်။

 ‘Cher Ami’ ဆိုတဲ့ စာပို့ခိုကလေးကတော့ ဂျာမန်တပ်တွေ အဝိုင်းခံနေရတုန်း ကိုယ့်အမြောက်တပ်ဘက်က မှားပစ်တာခံ နေရတဲ့ အမေရိကန် အမှတ် (၇၇) ခြေလျင်တပ်ရင်းအတွက် အပစ်ခံရလို့ ဒဏ်ရာရတဲ့ကြားက (၂၅) မိုင် အကွာမှာရှိတဲ့ ဌာနချုပ်ကို (၂၅) မိနစ်အတွင်းရောက်အောင် ပျံသန်းပြီး အကြောင်းကြားစာ ပေးပို့ခဲ့လို့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်ပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်ရှိပါတယ်။ စစ်မြေပြင်ဆုများ ချီးမြှင့်ခံခဲ့ရတဲ့ ဒီခို လေးကို ဝါရှင်တန်မှာရှိတဲ့ ‘National Museum of American History’မှာ ပြသထားပါတယ်။

ဖေါ်ပြခဲ့တာတွေကိုကြည့်ရင် ပထမကမ္ဘာစစ်ကာလရဲ့ အကန့်အသတ်ရှိတဲ့ တိုက်ခိုက်ရေး ယန္တရားကို ပြန်မြင် ယောင်မိကြပါလိမ့်မယ်။ ခြေလျင်တပ်ဖွဲ့ကို အဓိကထားသုံးစွဲရခြင်း၊ အများအားဖြင့် အမြောက်ပစ်ကူနဲ့ ရှေ့ တက်ထိုးစစ်ဆင်ဖို့ ကြိုးစားကြပြီး တဖက်ကလည်း ကတုတ်ကျင်းတွင်းမှ စက်သေနတ်များနဲ့ ပြန်လည် ပစ်ခတ်မှုကြောင့် ရင်ဆိုင်တိုက်ပွဲများအတွင်း အမြောက်အများ ကျဆုံးကြရခြင်းတို့ကို  နားလည်ရပါတယ်။ ဒါ့ ကြောင့် ‘အနောက်ဖက်စစ်မျက်နှာ’ မှာ ကမ္ဘာစစ် (၄) နှစ်ထဲ ဝင်ရောက်လာတဲ့ အချိန်အထိ ရှေ့မတိုးနောက်မ ဆုတ် အနေအထား ဖြစ်နေကြရပါတယ်။

‘နွေဦးထိုးစစ်’အစပိုင်းမှာတင် မျက်ဝါးထင်ထင်တွေ့ကြုံရခဲ့တဲ့ ဒီလက်နက်အင်အား၊ လူအင်အား ထိခိုက်ဆုံးရှုံး မှု ကိန်းဂဏန်းတွေဟာ မဟာမိတ်တပ်ဖွဲ့တွေကို လက်ရှိတိုက်ပွဲဝင်နေတဲ့ ဗျူဟာနဲ့ ရှေ့ဆက်သွားလို့ မရတော့ မှန်း ပိုသဘောပေါက်လာစေခဲ့ပါတယ်။ မဟာမိတ်တပ်များရဲ့  လိုအပ်ချက်တွေကို အလေးအနက် ပြန်စဥ်းစား လာကြပါတယ်။ 

တကယ်တော့ ကမ္ဘာစစ်အစပိုင်းကတည်းက မဟာမိတ်ခေါင်းဆောင်များက သတိပြုမိခဲ့ကြပြီးသားပါ။ ဒါပေ မယ့်လည်း  လက်တွေ့မှာ ပြည့်ပြည့်ဝဝ အကောင်အထည်ဖေါ်တဲ့ အဆင့်မရောက်ခဲ့တာကြောင့် ဒီအချိန်အထိ လစ်ဟာကွက်တရပ် ဖြစ်နေတာလို့ပဲ ပြောရပါလိမ့်မယ်။ ကမ္ဘာစစ်ရဲ့ရလဒ်ကို ပြောင်းလဲနိုင်ဖို့အတွက်ဆိုရင် ဒီဟာကွက်ကို ဖြည့်ဆည်းမှဖြစ်မယ်လို့ မဟာမိတ်တို့ နားလည်လက်ခံလာခဲ့ကြတယ်လို့လည်း ဆိုရပါမယ်။

ဆက်လက်ဖေါ်ပြပါဦးမည်။

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar