Breaking News

ကိုသန်းလွင် - ခံစားချက်နှင့်ဆုံးဖြတ်ခြင်း

ကိုသန်းလွင် - ခံစားချက်နှင့်ဆုံးဖြတ်ခြင်း
(မိုးမခ) ဧပြီ ၃၀၊ ၂၀၂၂

(၁)   
ဘာထရန်ရပ်ဆဲလ် က သူ၏ နိုဗယ်ဆုယူပွဲ အခမ်းအနားတွင် လူတို့၏ သဘောသဘာ၀အကြောင်းကို ပြောသွားခဲ့ပါသည်။ သူက သူ့အိမ်တွင ်အက်စတိုးနီးယားနိုင်ငံမှ ညီ်အစ်မနှစ်ယောက်ကိုခေါ်ထားခဲ့ကြောင်း သူ တို့မှာစားစရာ အလျှံပယ်ရှိကြောင်း၊ သို့သော် သူတို့သည် အားလပ်ချိန်မှာ လယ်တောသို့သွား၍ အာလူးသီးများ ကို ခိုးစားကြကြောင်းပြောပါသည်။ အဘယ့်ကြောင့်ဆိုသော်သူတို့ငယ်ငယ်က စွဲလန်းခဲ့သောအစွဲအလန်းကို ဖြေ ပျောက်ရန် ခက်ခဲသည့်အတွက်ကြောင့် ဖြစ်သည်ဟုဆိုသည်။ သူဌေးကြီး ရော့ကဖဲလား မှာလည်း အလားတူ အကျင့်မျိုး ရှိကြောင်းကိုလည်း ပြောပါသည်။

လူတို့သည် မိမိတို့ ငယ်ငယ်က စွဲလန်းခဲ့သည်များကြောင့် ကြီးလာသည့်အခါ  အချို့အလုပ်များကို စွဲစွဲ လန်းလန်းလုပ်လေ့ရှိပါသည်။ မသိစိတ်က လှုံဆော်သောကြောင့်  ထိုအမှုအကျင့်များကို လုပ်ဆောင်ကြခြင်းဖြစ် ပါသည်။ ထိုအပြုအမှုများကို အကျိုးနှင့် အကြောင်းရှင်းပြ၍ မရနိုင်ပါ။

(၂)
ထိုနည်းတူ လူတို့၏ အမှုအကျင့်များကို လောဂျစ်နည်းဖြင့် ရှင်းပြ၍မရနိုင်သောအဖြစ်မျိုးကို အမြဲကြုံကြ ရပါသည်။ ၁၈ ရာစုအစပိုင်းက အင်္ဂလိပ်အစိုးရတွင် တောင်အမေရိကနိုင်ငံများသို့ ပေးရမည့်အကြွေး ပေါင် ၃၁ သန်းကျော် ရှိခဲ့ပါသည်။ ထိုအချိန်တွင် ဂျွန်ဘလန့် (John Blunt ) ဆိုသူက ထိုအကြွေးကို သူဆပ်နိုင်ပါသည်၊ သူ့ကို အစုရှယ်ယာ များရောင်းချခွင့်ပြုပါဟု အစိုးရကို တောင်းဆိုသည်။ သူက ရှယ်ယာများကို ရောင်းချရန် အတွက် (South Sea Company) ကို ထူထောင်ခဲ့ပြီး အစုရှယ်ယာများကို ရောင်းချခဲ့ပါသည်။ အင်္ဂလိပ် ဘုရင် မင်းမြတ် ဂျော့ကိုယ်တိုင် သူ့ပိုင်ငွေပေါင်း တစ်သိန်းဖိုးဝယ်သည်။ သူဌေး တွေက တစ်ချိန်တွင် သူ့တို့ထံ အိမ် ဖေါ်လုပ်သူ များက ရှယ်ယာတွေကို ရောင်းချပြီးသူဌေးဖြစ်လာသည်ကိုမြင်သည်။ ဆာအိုက်ဇက် နယူတန် က သူ့ပိုင်ငွေ ပေါင် ၇၀၀၀ နှင့် ရှယ်ယာဝယ်သည်။ တန်ဖိုးတက်၍ ပေါင် ၂၀,၀၀၀ ဖြစ်လာသောအခါထိုငွေကိုပြန်၍ ရင်းလိုက်သည်။ ၁၉၂၀ ခုနှစ်စက်တင်ဘာလတွင်လူများက (Ponzi) စနစ်သဘော အရအားလုံးပြန်၍ ရောင်းချကြသောအခါလူတွေသည် ပျာလောင်ခတ် (Panic) ပြီးစနစ်ကြီးတခုလုံးပျက်စီးသွားတော့သည်။ အစိုးရသည် ဤစနစ်ပျက် စီးခြင်းပြသနာများကိုနှစ်ပေါင်း ၁၀၀ ကျော်ရှင်းယူရသည်ဟုဆိုသည်။ မစ္စတာဘလန့် ၏တူ ကိုယ် တိုင်မှာမိမိကိုယ်ကို သတ်သေသွားသည်။ နယူတန်က သူသည် “ကောင်းကင်က ဂြိုလ်တာယာများ၏ ရွှေ့လျား မှုကို တွက်ချက်နိုင်ပါသည်။ သို့သော်လည်း လူတွေ၏ အမှုအကျင့်ကို အကဲမခတ်နိုင်ပါ “ဟု ငြီးတွားခဲ့ပါသည်။

ဤသည်မှာ လူတို့၏ အပြုအမှုကို နားမလည်သဖြင့် ငွေအားလုံးဆုံးရှုံးရခြင်းဖြစ်ပါသည်။

စာရေးဆရာ ရောဘတ်ဂရင်း (Robert Greene) က လူတို့တွင် ငယ်ငယ်က စွဲလန်းခဲ့ရသော အမှု အကျင့်နှင့်ပါတ်သတ်၍ အောက်ပါအတိုင်း ရှင်းပြခဲ့ပါသည်။

(၁) လူတို့၏အပြုအမှုများ၏ ၉၅ % မှာလူတို့၏သိစိတ်မှမဟုတ်ဘဲမသိစိတ်ကဆုံးဖြတ်နေခြင်းဖြစ်သည်။ 

(၂) လူဟူ၍စတင်ဖြစ်ပေါ်၍ အီဗော်လူးရှင်းစတင် ဖြစ်လာကတည်းက လူတို့၏ဦးနှောက်တွင် ရိုက်သွင်းခဲ့သောအပြုအမှု စွဲလန်းမှုများသည် စွဲမြဲနေပြီး ထိုစွဲလန်းမူများကယနေ့လူတို့၏အပြုအမှုကို စိုးမိုးသည်။

(၃) လူတို့၏ဦးနှောက်များမှာ တစ်ဦးနှင့်တင်္စဦး ဆင်ဆင်တူပြီး (puppet Master) က ကြိုးဆွဲသလိုက နေကြရသည်။ ထိုအကြောင်းကိုနားလည်ပါမှ ကြိုးဆွဲခံရခြင်းမှလွတ်ကင်းမည်

လူ၏ဦးနှောက်တွင် စိတ်ခံစားချက် (Emotion) ကို ထိန်းချုပ်သည့်နေရာနှင့်လူ၏ ဆင်ခြင်တွေးခေါ်မှုကို ပြုလုပ်သောနေရာတို့မှာ တစ်နေရာစီမှဖြစ်ပြီး တခုကိုတခု မနှောင့်ယှက်နိုင်ကြ။

နာဇီတို့၏ (Holocaust) အကျဉ်းထောင်တွင်စားစရာအလွန်ရှားပါးပါသည်။ ရသမျှ ကြွက်များ၊ တိရစ္ဆာန် ကောင်ကလေးများ ညစ်ပတ်ပေရေသော ရေများစသည်တို့ကို သောက်သုံးကြရသည်။ အမေရိကန် စစ်သားများ ရောက်သောအခါမှ အကျဉ်းကျခြင်းမှာလွတ်မြောက်ကြသည်။  အမေရိကန်တို့ပေး သောစီးကရက်များ၊ စားစရာ များကိုအငမ်းမရစားသောက်ကြသည်။ ထိုအထဲတွင်ရုတ်တရက်ရရှိလာသောအစားအစာများကိုတက်သုတ်ရိုက် စားမိ၍ အသက်ဆုံးရှုံးရသူများရှိသည်။ ဤသည်တို့မှာ လူတို့၏စိတ်ခံစားချက် နှင့် တွဲ၍ စိတ်အလိုကို လိုက်ကာ မဆင်မခြင်လုပ်မိ၍ ဒုက္ခရောက်ရခြင်းဖြစ်သည်။

ထို့ကြောင့် လူ့အပြုအမှုတခုသည် စိတ်ခံစားချက် (Emotion) က လာသလား၊ စဉ်းစားတွေးခေါ်မှုက လာသလားဆိုသည်ကို ကွဲကွဲပြားပြားသိထားသင့်ပါသည်။ 

လူတို့သည် တစ်ခါတရံနားမလည်ဘဲအကြောင်းတရာတခုကိုစွဲလန်းနေတတ်သည်။ ကိစ္စတစ်ခုတွင်ငယ် ငယ်က မိခင်ဖြစ်သူ၏ ဂရုမစိုက်သူ၏မေတ္တာကိုမခံစားရဘဲ စွန့်ပစ်ခံရလျင် သူသည်မသိစိတ်က မိန်းကလေးများ ကို မုန်းနေတတ်သည်။ တခါက ဆိုက်ကိုပညာရှင် ဟိန်းကိုဟုဒ် (Heinz Kohut) ၏ လူနာတစ်ယောက်သည် မိန်းကလေး ၅ ဦး ခန့်ကိုအကြောင်းအမျိုးမျိုး ရှာ၍လမ်းခွဲခဲ့ရာ သူ၏ငယ်ငယ်ကအတွေ့အကြုံနှင့်ဆက်စပ်ပြရဘူး သည်။ တော်စတွိုင်း မှာမိခင် သေဆုံးသဖြင့် နှစ်နှစ်သားအရွယ်တွင် နှလုံးသား၌ကွက်လပ်ဖြစ်ဖူးသည်။ ကြီးလာ သောအခါသူ၏ချစ်သူ ဇနီးနှင့်ဝေးရာသို့ ထွက်ပြေးသည်။ ဇနီးနှင့်ပြန် မဆုံရဘဲသေဆုံးရသည်။ 

လူတစ်ဦးတစ်ယောက်ကို တခါမှမမြင်ဘူးဘဲ မြင်မြင်ချင်းခင်မင်သွားခြင်းမှာလည်း သူ့မိခင် သို့မဟုတ် ချစ်ဖူးသူ နှင့်ကိုယ်ဟန်အမှုအရာ စိတ်နေစိတ်ထားတူသည်ကို တွေ့မြင်မိရာမှ ခင်မင်ခြင်း၊ မုန်းတီးခြင်းတို့ ဖြစ်ရ တတ်သည်။ အချို့လူများမှာ စာရေးကိရိယာ၊ ခဲတံ၊ ဖောင်တိန်နှင့် အခြားအသေးအမွှား ချစ်စရာကလေးများကို တွေ့လျင် အတင်းလိုချင်ကြသည်။ အချို့မှာ နာရီ၊ ကလေးကစားစရာစသည်တို့ကို စွဲလန်းတတ်သည်။

ထိုကဲ့သို့ စိတ်ရှေ့ဆောင်၍ လူကလိုက်လုပ်ရခြင်းကို ရှေးရောမခေတ်ဂရိလူမျိုးတို့ကဥပမာနှင့် ရှင်းပြကြ ပါသည်။ မြင်းစီးသူနှင့်မြင်းတို့၏ ဥပမာဖြစ်သည်။ ခံစားချက်က (emotion) တွန်း၍လုပ်ဆောင်ရသောအလုပ်ကို ဖြစ်သင့်မဖြစ်သင့် မိမိဘာသာ ညှိနှိုင်းချင့်ချိန်ရန်ဖြစ်သည်။ မြင်းမှာအမြဲရွှေ့လျားနေချင်သည်။ သူ့တွင်ကြီးမားသော ခွန်အားနှင့် ပါဝါရှိသည်။ သို့သော် မြင်းစီးသူ မပါပါက မြင်းသည် ဘယ်ကိုမှမရောက်နိုင်။ သူ့ဘာသာလွှတ်ပေးလိုက်လျင်လည်း ရောက်ချင်ရာကို ရောက်၍ ဖြစ်ချင်ရာဖြစ်သွားနိုင်ပါသည်။ မြင်းစီးသူသည် လူတို့၏ တွေးခေါ်တတ်သောသဘောဖြစ်သည့် လေ့ကျင့်ခြင်း၊ သင်ယူခြင်းတို့ဖြင့် သူသည်နင်ကြိုးကိုကိုင်ပြီး မြင်းကို နှင်ပေးရပါသည်။ သို့မှသာ လိုရာအရပ်သို့ရောက်အောင် သွားနိုင်ပါလိမ့်မည်။

စီးပွားရေးပညာရှင် ခါနီမန် (Daniel Kahneman) ကလူတို့၏ဆုံးဖြတ်ချက်များမှာအခါခပ်သိမ်း အမှန် အတိုင်းမဟုတ်ကြောင်းပြောခဲ့ပါသည်။ ထိုအခါမျိုးတွင် ကြိမ်နှုန်း (Frequency) တမျိုးဖြင့်အသံကို ဖြစ်စေ၊ တစုံ တခုသောအရောင်ကိုဖြစ်စေ၊ လူကိုတနည်းနည်း ဖြင့်ထိလိုက်ကိုင်လိုက်၍ဖြစ်စေ၊ ဘာအကြောင်းပြချက်မှမရှိဘဲ ကျေကျေနပ်နပ်ကြီးဆုံးဖြတ်ချလိုက်သည်ကို ကြုံဖူးကြရပါလိမ့်မည်။ အတိတ်ကာလက မိမိလည်း မသိတော့ပြီ ဖြစ်သော အကြောင်းအရာတခုခုနှင့် ဆက်စပ်နေတတ်ပါသည်။ လူသမိုင်းမှာ အရှည်ကြီးဖြစ်ရာ အီဗော်လူးရှင်း သီအိုရီအရဖြစ်စဉ်ကြီးတွင ်တစ်နေရာရာ၌ မိမိဦးနှောက်တွင်းသို့ ဆန္ဒတစ်ခုခု၏ နှိုးဆော်ချက်ဖြစ်နိုင်ပါသည်။

လူဖြစ်စဉ် တစ်လျှောက်လုံးတွင်အမှတ်တရဖြစ်စရာတွေအများကြီးရှိခဲ့ပါသည်။ ထို့နောက်မှ အကြောင်း အရာများသည် လူတို့၏ သိစိတ်အထိ ထွက်ပေါ်မလာဘဲ မသိစိတ်က မှတ်မိနေပြီး တခါတရံ မမျှော် လင့်သော နေရာတွင် ပေါ်လာတတ်ပါသည်။ ကျွန်တော်တို့သည်အိပ်မက်မက်ကြသောအခါတစ်ခါတစ်ရံ အိမ်ကြီးတစ်အိမ် သို့ရောက်နေတတ်သည်။ ထိုအိမ် ကိုဘဲ အိမ်မက်ထဲမှာ ထပ်ခါထပ်ခါ မက်နေတော့သည်။ တခါတရံ ပုစ္ဆာက အဖြေထုတ်နေသည်မှာ အဖြေကိုမရောက် နိုင်ဘဲ အိမ်မက်ထဲမှာ တဝဲလည်လည်ဖြစ်နေတတ်ပါသည်။ 
မာရီကျူးရီသည်အသက် ၄ နှစ်အရွယ်ကသူ့ဖခင်၏ဓါတ်ခွဲခမ်းအတွင်းဝယ် ဗျူရက်များ၊ ပိပက်များကိုစွဲ လန်းနေပါလိမ့်မည်။ စတိဂျော့မှာ ကလေးဘဝကဆော့ကစားခဲ့သော အီလက်ထရောနစ် ဆိုင်ထဲမှ ဒီဇိုင်းအမျိုး မျိုး ကရိယာ အမျိုးမျိုး တို့ကိုစိတ်ထဲမှာစွဲနေပါလိမ့်မည်။ တိုက်ဂါးဝုဒ် မှာအသက်နှစ်နှစ်အရွယ်က သူ့ဖခင်၏ ဂေါ့ဘောလုံး ကလေးများ ပိုက်အတွင်းသို့ရိုက်သွင်းခဲ့ပုံများကိုမှတ်မိနေပါလိမ့်မည်။
 
(၃)
ထို့ကြောင့် လူတို့သည် အထူးသဖြင့် အနုတ်လက္ခဏာဆောင်သော အတွေးများပေါ်လာသည့်အခါနှင့် မကောင်းသောဘက်ကမြင်သည့်အမြင်ဖြင့် ကြည့်တတ်သော အမြင်များပေါ်လာသည့်အခါ ရုတ်တရက်ဆုံးဖြတ် ချက်ကို မချဘဲ နေသင့်သည်။ ထိုအချိန်တွင် ထိုအတွေး၏ အရင်းခံမှာ ဘယ်အရာဖြစ်ကြောင်းကို မိမိတတ်နိုင် သမျှ တွေးခေါ်သင့်သည်။ ထိုတွေးခေါ်သည့်အချိန် (Space) ဆယ်စက္ကန့်၊ တစ်နာရီ၊ တစ်ရက် စသည် ဖြင့် ခြားထားနိုင်ခဲ့လျှင် ပို၍ မိမိအသိဉာဏ်နှင့် တွေးခေါ်၍ချသော ဆုံးဖြတ်ချက်ကို ချရန်ဖြစ်နိုင်ပါလိမ့်မည်။
ဆုံးဖြတ်ချက်ကိုချ၍ လွန်သွားပြီးခါမှ နောက်တရမည့် ဆုံးဖြတ်ချက်မျိုးကို မချမိစေရန် သတိပြုသင့်ပါ သည်။

ကိုသန်းလွင်
Ref: The Laws of Human Nature. By Robert Green


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar