Breaking News

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၂)

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၂)
(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၂

အပြန်အလှန်ကာကွယ်ပေးကြဖို့ ကတိကဝတ်ပြုထားကြတဲ့ စစ်မဟာမိတ် အုပ်စုဝင်နိုင်ငံတွေ မဟုတ်ပဲ ဘုံဦးတည်ချက် ခေါင်းစဉ်တခုရဲ့အောက်မှာ စုစည်းသွားကြပြီဆိုရင်ဖြင့် ဘုံစံတန်ဖိုး၊ ဘုံအကျိုးစီးပွား (သို့မဟုတ်) သီးခြားအကျိုးစီးပွားများအတွက် မဟာမိတ်ဖွဲ့ကြခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ပထမကမ္ဘာစစ်အတွင်းက မဟာမိတ်များဟာ စစ်စာချုပ်အဖွဲ့ဝင်တွေမဟုတ်ကြလေတော့ အထက်ကလိုပဲ အဓိပ္ပါယ်‌ ကောက်ယူရပါလိမ့်မယ်။ ဒီမဟာမိတ်နိုင်ငံများက ပထမကမ္ဘာစစ်ကို စတင်ခဲ့သူ ဂျာမန်အင်ပါယာနဲ့ မိတ်ဖက်များ(ဗဟိုအင်အားကြီးနိုင်ငံများ-Central Powers) ကိုခုခံဖို့နဲ့ ကျူးကျော်ခံရတဲ့နိုင်ငံတွေ လွတ်မြောက်ရေးအတွက် ကမ္ဘာစစ်ထဲ ပါဝင်လာခဲ့ကြပါတယ်။

◾️၁၉၁၈ ခုနှစ် (သို့မဟုတ်) ပထမကမ္ဘာစစ်၏ နောက်ဆုံးစာမျက်နှာ
၁၉၁၈ ခုနှစ် မတ်လရောက်တော့ ပထမကမ္ဘာစစ်ကြီးဖြစ်တာ (၄) နှစ်ပြည့်ဖို့ (၄) လခန့်သာ လိုတော့တဲ့အချိန်လို့ ပြောရမှာပါ။ ဂျာမန်တို့ဘက်က စစ်ပွဲကို ချဉ်းကပ်ပုံပြောင်းလာခဲ့သလို မဟာမိတ်များဘက်ကလည်း ဗျူဟာပြောင်းခဲ့ကြပါတယ်။ ကမ္ဘာစစ်ကို ဦးဆောင်ဆင်နွှဲကြတဲ့ နှစ်ဘက်နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များရဲ့ ပရိယာယ်များအနက် အရေးကြီးတယ်လို့ သတ်မှတ်ထားခဲ့ကြတဲ့ အချက်အလက်တချို့ကို ကောက်နှုတ် ဖေါ်ပြလိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ပထမကမ္ဘာစစ်ကြီးထဲကို ၁၉၁၇ ခုနှစ် ဧပြီလ (၆) ရက်နေ့မှာမှ ဝင်ရောက်ပါတယ်။ စစ်ထဲဝင်တာနောက်ကျခဲ့ပေမယ့် အမေရိကန်ရဲ့ စစ်ကူတပ်များ ပြင်သစ်ကို တသုတ်ပြီးတသုတ် ဝင်ရောက်လာတာကိုကြည့်ရင်း၊ လေးနှစ်ထဲဝင်ရောက်ခဲ့ပြီဖြစ်တဲ့ ကမ္ဘာစစ်ကို ဂျာမန်တို့ဘက်က ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ မီးကုန်ယမ်းကုန် ကြိုးစားလာကြတာကို တွေ့ရပါတယ်။

ဂျာမန်နဲ့မိတ်ဘက်နိုင်ငံများရဲ့ အခင်းအကျင်းသစ်က ဒီပထမကမ္ဘာစစ်မှာ မဟာမိတ်တွေနဲ့တွဲပြီး တိုက်ခိုက်နေတဲ့ ရုရှားနဲ့စစ်ပြေငြိမ်းနိုင်ခဲ့တာပါ။ ၁၉၁၇ ခုနှစ် အောက်တိုဘာ တော်လှန်ရေးအပြီးမှာ ‘လီနင်’ (Vladimir Lenin) ဦးဆောင်တဲ့‘ဘော်ရှီဗစ်’ (Bolshevik) တို့ အာဏာရခဲ့ပါတယ်။ ၁၉၁၈ ခုနှစ် မတ်လ (၃) ရက်နေ့မှာတော့ Brest-Litovsk စာချုပ်ချုပ်ဆိုခဲ့ပြီး ရုရှားတို့ ပထမကမ္ဘာစစ်က ထွက်ခဲ့ပါတယ်။ ဒါဟာ ဂျာမန်တို့အတွက် စစ်ပွဲပုံသဏ္ဏန်ကို သူတို့ပုံဖေါ်ချင်သလို ပြောင်းလဲနိုင်ဖို့ ရရှိလာတဲ့ အခွင့်အရေးတရပ် ဖြစ်ပါတယ်။

စစ်သည်အင်အား သက်သက်ကိုသာထည့်တွက်ရရင် ရုရှားစစ်တပ်ဟာ အဲဒီကာလက ကြီးမားတယ်လို့  ပြောနိုင်ပါတယ်။ကမ္ဘာစစ်မတိုင်မီမှာ စစ်သည်အရေအတွက်(၁.၄) သန်းရှိခဲ့တဲ့ ရုရှားပုံမှန်စစ်တပ်ဟာ အရံတပ်များအပါအဝင် စစ်အတွင်း အင်အားသစ်ဖြည့်တင်းမှုများနဲ့ ၁၉၁၄ ခုနှစ် ဒီဇင်ဘာလရောက်တဲ့အခါ (၆.၅၅) သန်းပတ်ဝန်းကျင် အထိရှိခဲ့တယ်လို့ ဆိုကြပါတယ်။

ဒါဟာ အလွန်ကြီးမားတဲ့ ကိန်းဂဏန်းပါ၊ဒါ့ကြောင့် ဖြစ်နိုင်ချေကို ချိန်ဆနိုင်ဖို့ အဲဒီအချိန်က လူဦးရေကိုပြန်စစ်ကြည့်တဲ့အခါ ရုရှားအင်ပါယာရဲ့ နောက်ဆုံးသန်းခေါင်စာရင်း (၁၈၉၇) အရ စုစုပေါင်း လူဦးရေ (၁၂၉) သန်းခန့် ရှိကြောင်း မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ အမျိုးသား (၄၉.၈) ရာခိုင်နှုန်းရှိပါတယ်။ ပထမကမ္ဘာစစ် ကာလရောက်တော့ ဒီထက်ပိုများပါလိမ့်မယ်။ စာရင်းအချို့က ၁၉၁၄ ခုနှစ်မှာ (၁၆၄-၁၇၅) သန်း ပတ်ဝန်းကျင်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

Boris Urlanis (1971) ရဲ့ Wars and Population စာအုပ်မှာ ပထမကမ္ဘာစစ် အတွင်း ရုရှားအင်ပါယာ တခုလုံးရဲ့  ကျဆုံးစစ်သည် စုစုပေါင်း (၁.၈၁) သန်းရှိတယ်လို့ ဆိုထားပါတယ်။ ကွဲပြားမှုတွေရှိပေမယ့် ရှာဖွေရသမျှ မှတ်တမ်းတွေမှာ တိုက်ပွဲအတွင်း ကျဆုံးသူ (၁) သန်းရဲ့အောက် ဖေါ်ပြမထားခဲ့ကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် အထက်ကဆိုခဲ့သလို တိုက်ပွဲဝင် အင်အားသန်းပေါင်းများစွာရှိခဲ့တယ်ဆိုတာ ဖြစ်နိုင်ချေရှိတယ်လို့ ယူဆရပါမယ်။ ဒီအတွက် ရုရှားတို့ စစ်ဆက်မတိုက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဟာ ဂျာမန်တို့အတွက် အပေါင်း လက္ခဏာဆောင်ခဲ့သလို၊ မဟာမိတ်နိုင်ငံများအတွက်တော့ အနှုတ်လက္ခဏာလို့ ပြောရပါမယ်။

၁၉၁၇ခုနှစ် ဖေဖေါ်ဝါရီတော်လှန်ရေးအပြီး ဇာဘုရင်ပြုတ်ကျကာ ရုရှားအင်ပါယာ နိဂုံးချုပ်ခဲ့ပါတယ်။ တကယ်တော့ ဒီမတိုင်မီကတည်းက စစ်ဒဏ်ပိနေတဲ့ ရုရှားအင်ပါယာဟာ ပြည်တွင်းရေး ပြဿနာများစွာရှိခဲ့ပါတယ်။ စစ်ဒဏ်ဆိုတာကလည်း ပါဝင်တိုက်ခိုက်နေတဲ့ ပထမကမ္ဘာစစ်ကိုပဲ ရည်ရွယ်ပြီးပြောခြင်းမဟုတ်ပါဘူး။ ၁ နှစ်ခွဲကျော်ကြာဖြစ်ပွားခဲ့ပြီး ရှုံးနိမ့်ခဲ့ရတဲ့ ရုရှား-ဂျပန်စစ် (၁၉၀၄-၁၉၀၅) ရဲ့ နောက်ဆက်တွဲ ပြဿနာများကိုလည်း ထည့်ပြောရပါလိမ့်မယ်။ ဇာဘုရင်ရဲ့ ဩဇာကို ပိုကျလာစေခဲ့တဲ့ စစ်ရှုံးနိမ့်မှုလို့လည်း ဆိုရပါမယ်။

အလားတူပါပဲ၊ ’သွေးစွန်းတဲ့တနင်္ဂနွေ’ (Bloody Sunday) အပါအဝင် ရက်စက်စွာဖြိုခွင်းခံခဲ့ရတဲ့ ၁၉၀၅ ခုနှစ် တော်လှန်ရေးကလည်း ဇာဘုရင်အပေါ် မကျေနပ်မှု ပိုများစေခဲ့သလို၊ တော်လှန်ရေးရဲ့အကျိုးဆက်အနေနဲ့ ဇာဘုရင်ရဲ့ လုပ်ပိုင်ခွင့်အာဏာကိုကန့်သတ်တဲ့ ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့ပါတယ်။

ရုရှားအင်ပါယာ အဆုံးသတ်ပြီးတဲ့နောက်မှာ ‘ဂျော်ဂျီလ‌ဗော့(ဖ်)’ (Georgy Lvov)  ဦးဆောင်တဲ့ ယာယီအစိုးရတက်လာပြီး ကမ္ဘာစစ်ကိုတော့ ဆက်တိုက်နေပါသေးတယ်။ ဇာဘုရင်ရဲ့ဖိနှိပ်မှုကြောင့် ပြည်ပရောက်နေရတဲ့ ’လီနင်’ နဲ့ ’ထရော့စကီး’ (Leon Trotsky) တို့လို ထင်ရှားတဲ့ နိုင်ငံရေးသမားများကလည်း ပြောင်းလဲနေတဲ့အခြေအနေကို စဥ်ဆက်မပြတ် စောင့်ကြည့်နေကြပါတယ်။

ရုရှားကထွက်ခွါပြီး ဆယ်စုနှစ်တခုနီးပါး ဆွစ်ဇာလန်၊ပြင်သစ်၊ ပိုလန်စတဲ့ ဥရောပနိုင်ငံများမှာ လှည့်လည်နေ ထိုင်‌နေရတဲ့ ‘လီနင်’ဟာ နောက်ပိုင်း (၃) နှစ်တာ ကာလရောက်တော့ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ (Bern-၁၉၁၄ ) နဲ့ ဇူးရစ်မြို့  (Zurich-၁၉၁၆) တို့မှာ ရှိနေခဲ့ပါတယ်။

ဒီကာလဟာ တော်လှန်ရေးကြီးတရပ် ထပ်ဖြစ်ပွားဖို့အတွက် အချိန်ကောင်းလို့ ‘လီနင်’ အနေနဲ့ တွက်ဆခဲ့ပါတယ်။ ၁၉၁၇ ခုနှစ် ဧပြီလမှာတော့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ကနေ ရုရှားကို ရထားစီးပြန်ခဲ့ပါတယ်။ ကမ္ဘာစစ်အတွင်းဖြစ်တဲ့အပြင် ဆွစ်ဇာလန်ကနေ ရုရှားကိုရောက်ဖို့ ဂျာမနီနဲ့ ဆွီဒင်ကိုဖြတ်သွားရတဲ့ခရီးဆိုတော့ လွယ်ကူပါ့မလားလို့ တွေးချင်စရာပါ။

အတိုပြောရရင်ဖြင့် အစစ်အဆေးများပြားနိုင်တဲ့ ဒီလမ်းခရီးမှာ၊ ခရီးသွား စာရွက်စာတမ်း အလုံအလောက် မရှိတဲ့ လီနင်၊သူ့ဇနီးနဲ့ ပြည်တော်ပြန် နိုင်ငံရေးသမား အချို့ဟာ အခက်အခဲ ကြီးကြီးမားမားမရှိပဲ ရုရှားကို ပြန် ရောက်ခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ အောက်တိုဘာတော်လှန်ရေး ဖြစ်ပွားပြီး ကမ္ဘာစစ်ကို ဆန့်ကျင်တဲ့ ‘လီနင်’နဲ့ ‘ဘော်ရှီဗစ်’တို့ ရုရှားမှာ အာဏာရခဲ့ပါတယ်။

’နိုင်ငံရေးမှာ မတော်တဆဖြစ်တာမရှိဘူး၊ဖြစ်ပြီဆိုရင်တော့ နဂိုကတည်း မတော်တဆဖြစ်တဲ့ပုံစံ စီစဥ်ထား ခဲ့လို့ပဲ’ ဆိုတဲ့စကားကို အမှတ်ရမိစေပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့  (၃၂)ယောက်မြောက် သမ္မတ ‘ဖရန် ကလင် ရုစ်ဗဲ့လ်’ (Franklin D. Roosevelt) ပြောခဲ့တယ်လို့ ဆိုကြသူတွေရှိသလို တချို့ကလည်း မဟုတ်ဘူး လို့ ဆိုကြပါတယ်။ဘယ်သူဘယ်ဝါပြောခဲ့တယ် ဆိုတာထက် နိုင်ငံရေးမှာ အဖြောင့်အတိုင်းတွေး၊ အဖြောင့် အ တိုင်းမြင်လို့ မရတဲ့အခါတွေရှိကြောင်း၊   သတိပေးတဲ့ စကားစုလေး ဖြစ်တဲ့အတွက်ပါ။

အခုလည်းဒီလိုပါပဲ၊ဒီအကြောင်းနဲ့ပတ်သက်ပြီး ‘လီနင်’ရဲ့ပြည်တော်ပြန် ခရီးစဥ်နောက်ကွယ်မှာ ဂျာမန်အာ ဏာပိုင်တွေရဲ့ စီစဥ်မှုပါရှိကြောင်း၊ ဆွီဒင်မှာရှိတဲ့ ဂျာမန်သံတမန်တဦးက သူ့လုပ်ဖေါ်ကိုင်ဖက် တယောက်ကို ‘လီနင်’ချောချောမွေ့မွေ့ ရုရှားကို ရောက်တယ်လို့  သတင်းပို့ခဲ့ဖူးကြောင်း အစရှိတဲ့ ဆောင်းပါးများ၊ စာအုပ် များရှိတာကို သတိထားမိပါတယ်။ 

ပိုပြီးခိုင်လုံတိကျနိုင်သူကို ကိုးကားလိုပါတယ်။ ဒီခရီးစဥ်ကို ဆွစ်ဇာလန်လူမျိုး နိုင်ငံရေးသမား ‘ဖရစ် (ဇ) ပ လတ်တန်’ (Fritz Platten) က ဆွစ်ဇာလန်မှာရှိတဲ့ ဂျာမန်သံအမတ်နဲ့ ညှိနှိုင်းသဘောတူမှုတွေ ကြားဝင်ပြုလုပ်ပေးခဲ့တယ်ဆိုတဲ့ ‘လီနင်’ရဲ့ဇနီး ‘နာဒါ့ဇ်ဒါ ခရု (ပ) စ်ကယာ’(Nadezhda Krupskaya)ရဲ့ ထုတ်ဖေါ်ရေး သားချက်ပါ။ ‘ဖရစ်(ဇ) ပလတ်တန်’ဟာ ‘လီနင်’ နဲ့ နီးစပ်သူတဦးပါ။ ၁၉၁၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ ‘လီနင်’ ကို လုပ်ကြံဖို့ကြိုးစားခဲ့စဥ်က ‘လီနင်’ နဲ့အတူ ကားထဲမှာအတူရှိပြီး ဒဏ်ရာရရှိခဲ့သူ ဖြစ်ပါတယ်။

‘လီနင်’စီးသွားတဲ့ရထားကို ‘Sealed Train’လို့ ခေါ်ဝေါ်ရေးသားကြပါတယ်။’အလုံပိတ်ရထား’လို့ ဘာသာပြန်ရ မှာဖြစ်ပေမယ့် တကယ်ကတော့ အစစ်အဆေး၊ အမေးအမြန်းနည်းအောင်၊ လုံခြုံမှုပိုရှိအောင်  စီစဥ်ပေးထားခဲ့ တဲ့ ပုံမှန်လူစီးရထားတစီးပါပဲ။ သာမန်ခရီးသွားခြင်းမျိုးထက် သာလွန်တဲ့အစီအမံများနဲ့ သွားရတယ်လို့တော့ ဆိုနိုင်ပါတယ်။

စစ်မျက်နှာနှစ်ဖက် ဖွင့်ထားရတဲ့ ဂျာမန်တို့က ရုရှားမှာနိုင်ငံရေး မငြိမ်မသက်မှုတွေ၊ စစ်ဆန့်ကျင်မှုတွေ ပိုအရှိန်မြင့်လာပြီး နောက်ဆုံးကမ္ဘာစစ်မလိုလားတဲ့ အစိုးရတက်လာစေချင်မှာကတော့ သံသယရှိစရာ မလိုပါဘူး။ရုရှားနဲ့တိုက်နေရတဲ့ ကျယ်ပြန့်တဲ့ အရှေ့ဖက်စစ်မျက်နှာ (Eastern Front) မှာ တိုက်ပွဲတွေကို ရပ်နား လိုက် နိုင်ရင် ဂျာမန်တို့ဘက်က အကျိုးများစွာရှိမယ်လို့ တွက်ဆထားပါလိမ့်မယ်။

ကန့်လန်ကာနောက်ကွယ်မှာ လျှို့ဝှက်စကားဝိုင်းတွေ ရှိခဲ့သလား၊ ဘယ်ရွေ့ဘယ်မျှ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ ကြသလဲ၊ ဘာသဘောတူညီချက်တွေ ရှိခဲ့ကြသလဲ၊ အစရှိတဲ့မေးခွန်းများစွာ ကျန်ရှိနေဦးမှာပါ။ ဒီဆောင်းပါးနဲ့ တိုက်ရိုက်မပတ်သက်တဲ့၊အသေးစိတ် ဆန်းစစ်လေ့လာဖို့လည်းလိုအပ်တဲ့၊ ကျယ်ပြန့်တဲ့ အကြောင်းအရာ တ ရပ်ဖြစ်လို့  ချန်ထားရစ်ခဲ့ပါမယ်။ပြောနိုင်တာတခုကတော့ ဒီလိုအချိန်အခါမှာ ‘လီနင်’ ကို ရုရှားပြန်ရောက်စေ ချင်တဲ့ စိတ်ဆန္ဒ ဂျာမန်တို့မှာရှိခဲ့ပြီး၊ ဂျာမန်အာဏာပိုင်တို့ဘက်က အကွက်ချစီစဥ်မှုတွေ ရှိခဲ့ပုံရတယ်ဆိုတာ ကိုပါ။ 

၁၉၁၇ ခုနှစ် ဧပြီလ (၁၆) ရက်နေ့မှာ ‘ပက်ထရိုဂရက်’မြို့တော် (Petrograd)၊ (ယခု စိန့်ပီတာစဘတ်မြို့-St. Petersburg) ဖင်လန်ဘူတာရုံ (Finland Station) ကို ‘လီနင်’ရောက်တယ်ဆိုရင်ပဲ လာရောက်ကြိုဆိုကြတဲ့ လူအုပ်ကြီးကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

‘ပြည်သူတွေလိုတာ ငြိမ်းချမ်းရေး၊ ပြည်သူတွေလိုတာ ပေါင်မုန့်၊ ပြည်သူတွေလိုတာ မြေယာ၊ သူတို့ (အုပ်ချုပ် သူတွေ) ပေးတာက’စစ်’၊ဆာလောင်မှု’၊ ‘ဆိုရှယ်လစ်တော်လှန်ရေးကို ငါတို့တတွေ အဆုံးအထိ တိုက်ကြရ မယ်’ လို့ အစချီထားတဲ့ မိန့်ခွန်းပါ။

‘အောက်တိုဘာတော်လှန်ရေး’ရဲ့ နောက်ဆက်တွဲအနေနဲ့ ရုရှားတို့ ပထမကမ္ဘာစစ်က ထွက်ခဲ့ကြတဲ့ အထိဖြစ်ခဲ့ တာ ထင်ရှားပါတယ်။ ’လီနင်’ နဲ့ ’ထရော့စကီး’ တို့ရဲ့ အခန်းကဏ္ဏဟာ ‘အောက်တိုဘာတော်လှန်ရေး’မှာ ကြီး မားပါတယ်၊’လီနင်’ရုရှားပြန်ရောက်တာ ဂျာမန်တို့ရဲ့ လှပသေသပ်တဲ့ နိုင်ငံရေးကစားကွက် တခုလို့ မြင်မိရင် ’ထရော့စကီး’ ရုရှားပြန်ရောက်သွားတာကိုတော့ ဗြိတိသျှတို့ရဲ့ မသေမသပ် အတွက်မှားတဲ့ အကွက်လို့ ဆို ရပါလိမ့်မယ်။

အဲဒီအချိန်က နယူးယောက်မှာရောက်နေတဲ့ ’ထရော့စကီး’ဟာလည်း နိုင်ငံရေးတွက်ဆမှုတွေ ပြုလုပ်ပြီး ရုရှားကို ရေလမ်းကပြန်ခဲ့ပါတယ်။သူစီးလာတဲ့င်္ဘော ကနေဒါအရောက်မှာ သတင်းအရ ဖမ်းဆီးခံရပေမယ့် နောက်ပိုင်းမှာ ဗြိတိသျှထောက်လှမ်းရေးက ပြန်လွှတ်ပေးခဲ့လို့ ရုရှားကို ပြန်ရောက်ခဲ့ပြီး တော်လှန်ရေးကို ဦးဆောင်သူတဦး ဖြစ်လာပါတယ်။

ဒါတွေကိုကြည့်ရင် ကမ္ဘာစစ်ကာလဆိုပေမယ့် စစ်မြေပြင်မှာသာမက နိုင်ငံရေးဇာတ်ခုံပေါ်မှာလည်း နိုင်ငံရေး ပရိယာယ် အမျိုးမျိုး၊ နိုင်ငံရေးလှုပ်ရှားမှု အဖုံဖုံနဲ့ စစ်ပြိုင်ဖက်ရဲ့ အင်အားယုတ်လျော့လေအောင် ဘက်စုံ ထောင့်စုံက အရှိန်အဟုန်မပျက် ကစားကွက်တွေ ဖေါ် ဆောင်ခဲ့ကြတာကို တွေ့ကြရမှာပါ။ 

အရင်းအမြစ် စိုက်ထုတ်ရတဲ့အရာမှာ စစ်ပွဲတပွဲလို ရင်းနှီးမြှုပ်နှံမှု မကြီးမားတာကြောင့်၊ သပ်လျှိုခွဲထုတ်မှု ဗျူ ဟာမျိုးစုံကို ကျဥ်းထဲကျပ်ထဲ ရောက်လေတိုင်း၊ သွေးတိုးစမ်း အသုံးပြုမှုတွေက ခေတ်ကာလအဆက်ဆက် တွေ့ မြင်နေကြရဦးမှာကလည်း၊ ပကတိ အရှိတရားပဲ မဟုတ်ပါလား။ 

ဆက်လက်ဖေါ်ပြပါဦးမည်။
သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar