Breaking News

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၁)

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၁)
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၂

အခြေအနေအချိန်အခါရဲ့ တောင်းဆိုချက်အရ မဟာမိတ်ဖွဲ့ ပူးတွဲစစ်ဆင်မှုမျိုးဟာ စစ်ပွဲများအတွင်း ကြုံလေ့ ကြုံထရှိတဲ့အရာ ဖြစ်ပါတယ်။ ကမ္ဘာစစ်မီးနှစ်ခု စတင်လောင်မြိုက်ခဲ့ရာ ဥရောပတိုက်ရဲ့သမိုင်းမှာ မဟာမိတ်ဖွဲ့ စစ်ဆင်တိုက်ခိုက်ခဲ့ကြတာ ဒီကမ္ဘာစစ်များမတိုင်မီ နှစ်ပေါင်းရာချီကတည်းက ဖြစ်ပါတယ်။ (၁၈) ရာစု‌နှောင်းပိုင်းနဲ့ (၁၉) ရာစု အစောပိုင်း ကာလများအတွင်းမှာဆိုရင် ကြိမ်ဖန်များလွန်းလို့ ပထမမဟာ မိတ်စစ်ပွဲ (War of the First Coalition) မှသည် ရက် (၁၀၀) ကျော်စစ်ပွဲလို့လည်း အမည်တွင်တဲ့ သတ္တမမြောက်မဟာမိတ်စစ်ပွဲ (War of the Seventh Coalition) အထိ သတ်မှတ်ခေါ်ဝေါ် ခဲ့ကြရပါတယ်။

ဒီမဟာမိတ်စစ်ပွဲတွေဟာ ပြင်သစ်တော်လှန်ရေးကာလဆီကနေ ကမ္ဘာကျော်စစ်ဘုရင် ‘နပိုလီယန်ဘိုနာပတ်’ (Napoleon Bonaparte- ‘Napoleon-I’) ရဲ့ ပထမပြင်သစ်အင်ပါယာ တလျှောက်လုံး ဖြစ်ခဲ့တာပါ။ နာမည်ကျော်ကြားရလောက်အောင် ‘နပိုလီယန်’ ဦးဆောင်တဲ့ဘက်က ဆက်တိုက်စစ်နိုင်ခဲ့ပြီး ဆဌမမြောက် မဟာမိတ်စစ်ပွဲ (၁၈၁၃-၁၈၁၄) ရောက်လေမှ ဗြိတိန်၊ ပရပ်ရှား၊ ရုရှား၊ စပိန်၊ ပေါ်တူဂီ၊ ဆွီဒင် အစရှိတဲ့ မဟာမိတ်နိုင်ငံတွေဘက်က အနိုင်ရရှိကာ ‘နပိုလီယန်’ ဟာ အီတလီအနောက်ဖက်ကမ်းရိုးတန်းနားက အယ်လ်ဘာ (Elba) ကျွန်းစုမှာ ပြည်နှင်ဒဏ်ပေးခံရပါတော့တယ်။

‘နပိုလီယန်’ ဆိုတော့လည်း အဲဒီမှာ လွယ်လွယ်နဲ့ဇာတ်မသိမ်းသေးပဲ ပဲရစ်ကို တကျော့ပြန်လာပြီး ၁၈၁၅ခုနှစ် မတ်လ (၂၀) ရက်နေ့ကစလို့ ရက် (၁၀၀) ကျော်စစ်ပွဲ (The Hundred Days) နဲ့  မဟာမိတ်တွေကို ခံတိုက်ပြန်ပါသေးတယ်။ နာမည်ကျော် ’ဝါးတားလူး’ စစ်ပွဲ (Battle of Waterloo) ပါဝင်တဲ့ ဒီတကြိမ်မှာတော့ ထပ်မံရှုံးနိမ့်ကာ တောင်အတ္တလန်တိတ်သမုဒ္ဒရာထဲက စိန့်ဟယ်လီနာကျွန်း (Saint Helena) မှာ ပြည် နှင်ဒဏ်ထပ်ပေးခံရပြီး ၁၈၂၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ရပါတယ်။

အဲဒီကမှ ရာစုနှစ် (၁) ခုလောက်ခြားပြီး ပထမကမ္ဘာစစ်ဖြစ်ပွားချိန်မှာတော့ မဟာမိတ်နိုင်ငံများရဲ့ အခင်းအကျင်းက ပြောင်းလဲလာခဲ့ပါပြီ။ ပထမကမ္ဘာစစ်ဟာ ဒီနေ့ခေတ်အချိန်လို ဒီမိုကရေစီ၊လူ့ အခွင့်ရေးနဲ့ အချုပ်အခြာပိုင်ဆိုင်မှုတို့ကို ရှေ့တန်းတင်ပြီး ဖြစ်ပွားလေ့ရှိတဲ့ စစ်ပွဲမျိုးတော့မဟုတ်ပါဘူး။ ကိုလိုနီစံနစ် အားကောင်းနေသေးတဲ့အချိန်၊ အမျိုးသားရေးဝါဒီ အရှိန်ရနေဆဲကာလ၊ တည်ထောင်ထားတဲ့ အင်ပါယာ တည်မြဲစေဖို့၊ ပိုချဲ့ ထွင်နိုင်ဖို့နဲ့ စီးပွားရေး၊ ကုန်သွယ်‌ရေး အကျိုးအမြတ်တို့ကို အဓိကဇောင်းပေးစဥ်းစားပြီး စစ်အင်အားပြိုင်ဆိုင်ကြတဲ့ ခေတ်ကာလမျိုးလို့လည်း ဆိုနိုင်ပါတယ်။

ဒီကနေ့အမြင်မျိုးနဲ့ ကြည့်ရင်တော့ ပထမကမ္ဘာစစ်ဆင်နွှဲကြပုံဟာ ခေတ်နောက်ကျတယ်လို့ မြင်နိုင်ပါတယ်။ ဒါပေမယ့်  မျက်မှောက်ကာလ စစ်ဗျူဟာသဘောတရား၊စစ်လက်နက် တီထွင်ထုတ်လုပ်မှုများအတွက် အခြေ ခံကျတဲ့ သင်ခန်းစာယူစရာကာလဖြစ်ခဲ့တယ်ဆိုတာကတော့ ငြင်းဖို့ခက်ပါလိမ့်မယ်။အခုနောက်ပိုင်း စစ်ပွဲတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေး (Coalition Warfare) ဆိုတာကလည်း သမိုင်းအစဉ်အဆက်ရရှိခဲ့တဲ့ အတွေ့အကြုံတွေကနေ ဆင့်ပွားသင်ယူရင်း တိုးတက်မှုအောင်ဆောင်ရွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ပထမကမ္ဘာစစ်အတွင်းက မဟာမိတ်တို့ရဲ့ စစ်မြေပြင် သင်ခန်းစာများကလည်း  ချန်ထားမရနိုင်တဲ့၊ ပြန်လေ့လာဆန်းစစ်ရမယ့်အရာတွေပါ။

◾️ကမ္ဘာစစ်လား ဆွေမျိုးတစုရဲ့စစ်လား
ပထမကမ္ဘာစစ်နဲ့အဓိကဆက်နွှယ်ပြီး ရေးသားမှာဖြစ်တဲ့အတွက် သူ့ရဲ့သမိုင်းကြောင်းလေးကို နိဒါန်းနည်းနည်းပျိုးလိုပါတယ်။ ကမ္ဘာစစ်အစမှာ တဖက်က အဓိကစစ်ပြိုင်ဖက်က ဂျာမန်အင်ပါယာဖြစ်ပြီး အခြားတဖက်က ဗြိတိသျှ အင်ပါယာ၊ ရုရှားအင်ပါယာနဲ့ ပြင်သစ်နိုင်ငံတို့ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြင်သစ်က အင်ပါယာအနေနဲ့ မရှိတော့ပါဘူး။ ‘နပိုလီယန်ဘိုနာပတ်’(Napoleon-I) ရဲ့ တူဖြစ်သူ တတိယ’နပိုလီယန်’ (Napoleon III) နန်းဆက် ပြီဆုံးခဲ့တဲ့၊ ဒုတိယ ပြင်သစ်အင်ပါယာ ကျဆုံးသွားချိန် ၁၈၇၀ ခုနှစ်ကစလို့ ပြင်သစ် တတိယသမ္မတနိုင်ငံတော် (French Third Republic) ဖြစ်နေပါပြီ။

ကမ္ဘာစစ်လို့ပြောလိုက်တာနဲ့ အမျိုးအဆွေထဲ ရန်ထဖြစ်တာတော့ မဟုတ်နိုင်ပါဘူး။ ချဲ့ကားရေးလိုက်တာသာ ဖြစ်ပါတယ်။ ဒီပထမကမ္ဘာစစ်ကိုဦးဆောင်သူများကို ဆွေမျိုးစပ်ပြလိုစိတ်လေး ပေါ်လာလို့ပါ။ ဂျာမန်အင်ပါယာရဲ့ဘုရင်ဖြစ်သူက ဒုတိယမြောက် ‘ဝီလျံ’ ( Wilhelm II) ဖြစ်ပြီး သူ့မိခင်က ‘ဗစ်တိုးရီးယား’ မင်းသမီး (Victoria Princess Royal) ဖြစ်ပါတယ်။

ဗြိတိသျှအင်ပါယာရဲ့ ဘုရင်ဖြစ်သူက ပဥ္စမမြောက် ‘ဂျော့’ (George V)၊ သူကတော့ ဗြိတိန်ဘုရင်ဖြစ်ခဲ့သူ သတ္တမမြောက် ‘အက်ဒွပ်’ (Edward VII)ရဲ့သားဖြစ်ပြီး လက်ရှိဒုတိယမြောက် ‘အယ်လစ်ဇဘက်’ ဘုရင်မကြီး(Queen Elizabeth II) ရဲ့အဖိုး တော်စပ်ပါတယ်။

‘ဗစ်တိုးရီးယား’ မင်းသမီးနဲ့ ‘အက်ဒွပ်’ ဘုရင်တို့က မောင်နှမအရင်း၊ ဗြိတိန်က ‘ဗစ်တိုးရီးယားဘုရင်မကြီး’ (Queen Victoria) ရဲ့ သားသမီးအရင်းတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမကမ္ဘာစစ်ကြီးရဲ့ စစ်ပြိုင်ဖက် ဂျာမန်ဘုရင်’ဝီလျံ’ နဲ့ ဗြိတိန်ဘုရင်’ ဂျော့’ တို့က တဝမ်းကွဲညီအကို၊ ‘ဗစ်တိုးရီးယား ဘုရင်မကြီး’ ရဲ့ မြေးတော်အရင်းတွေပါ။

ရုရှားဇာဘုရင် ဒုတိယမြောက် ’နစ်ကိုလပ်စ်’ (Tsar Nicholas II)ရဲ့ မိဖုရားကြီးက ‘အလက်ဇန္ဒြား ဖီရိုဒရော့ဗ်နာ’ (Alexandra Feodorovna) ဖြစ်ပြီး၊ သူမမိခင်က ‘‘ဗစ်တိုးရီးယား ဘုရင်မကြီး’ ရဲ့ နောက်သမီးတော်တဦးဖြစ်တဲ့ အဲလစ်မင်းသမီး’ (Princess Alice) ပါ။ အထက်ကပြောခဲ့တဲ့ ‘ဗစ်တိုးရီးယား’ မင်းသမီး၊’အက်ဒွပ်’ ဘုရင်တို့နဲ့ မောင်နှမအရင်း‌တော်ပါတယ်။

ဒီအတွက် ရုရှားဇာဘုရင်ရဲ့ မိဖုရားကြီးဖြစ်သူ ‘အလက်ဇန္ဒြား ဖီရိုဒရော့ဗ်နာ’ ဟာလည်း ဂျာမန်ဘုရင်’ဝီလျံ’၊ ဗြိတိန်ဘုရင်’ဂျော့’တို့နဲ့ မောင်နှ မ တဝမ်းကွဲတွေ ဖြစ်ပါတယ်။ ဗစ်တိုးရီးယား’ ဘုရင်မကြီးရဲ့ မြေးမလေးတဦး လည်းဖြစ်လေတော့၊ ဇာဘုရင်’နစ်ကိုလပ်စ်’ဟာ ‘ဗစ်တိုးရီးယား’ ဘုရင်မကြီးရဲ့ မြေးသမက်တော်စပ်သူလို့ ပြောနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး၊ဗြိတိန်က ‘ဂျော့’ဘုရင်ရဲ့မိခင်နဲ့ ဇာဘုရင် ‘နစ်ကိုလပ်စ်’ရဲ့မိခင်တို့ဟာ ညီအမအရင်း၊ ဒိန်း မတ်ဘုရင် နဝမမြောက် ‘ခရစ်ရှန်’(Christian IX)ရဲ့ သမီးတော်များဖြစ်ကြပါတယ်။ ဒါကြောင့် ‘ဂျော့’ဘုရင်နဲ့ ဇာ ဘုရင် ‘နစ်ကိုလပ်စ်’တို့ဟာ ညီအကိုတဝမ်းကွဲလည်း တော်စပ်နေပြန်ပါတယ်။ပြောရမယ်ဆိုရင်တော့ ‘ဗစ်တိုး ရီးယား’ ဘုရင်မကြီး ရဲ့မြေး၊ဆွေမျိုးအရင်း ခေါက်ခေါက်များ လက်ထက်မှာ ပထမကမ္ဘာစစ် ထဖြစ်ခဲ့တာပါ။ ‘မြေးများရန်ဖြစ် ကမ္ဘာစစ်’လို့တောင် ဆိုရမလိုပါပဲ။ 

ဥရောပတိုက်မှာ  ဩဇာအာဏာ ပိုသက်ရောက်အောင်၊ထီးသက်နန်းသက် ပိုခိုင်မြဲအောင်၊ပဋိပက္ခတွေလည်း နည်းသင့်တန် နည်းရလေအောင်၊ ဆွေတော်မျိုးတော်ချင်း ထိမ်းမြားကြ၊ဆွေတော်မျိုးတော်အောင် လက်ထပ် ပေးခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ လောဘ၊ဒေါသ၊မောဟ မကင်းကြတဲ့ လူသားများပီပီ ကမ္ဘာစစ်မီးကို လောင်မြိုက်စေခဲ့ကြပါတယ်။

သွေးချင်းသားချင်းများ ဖြစ်ကြပေမယ့်လည်း အဲဒီအချိန်မှာ မိမိကိုယ်စားပြုတဲ့နိုင်ငံ၊လူမျိုးစုရဲ့ အကျိုးစီးပွား ကိုသာ ရှေ့တန်းတင်ခဲ့ပြီး၊ကိုယ့်ရဲ့ဩဇာကို ပိုထူထောင်လိုမှု၊အမျိုးသားရေးစိတ်ဓါတ် ပြင်းပြခဲ့မှုတို့ကြောင့် သန်းပေါင်းများစွာ သေဆုံးဒဏ်ရာရခဲ့ကြ၊အိုးမဲ့အိမ်မဲ့တွေဖြစ်ကြ၊လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်အသီးသီးမှာ ယို ယွင်းပျက်စီးခဲ့ကြရတဲ့ ကမ္ဘာစစ်ကြီးအထိ ဖြစ်ခဲ့ကြရတာကို  ပြန်စဥ်းစားကြည့်ရင်၊ သင်ခန်းစာ ယူစရာ၊သံဝေ ဂရစရာတွေပါပဲ။

ဒါပေမယ့်လည်း ပိုလို့တိုးတက် ယဥ်ကျေးလာတဲ့ လူ့အဖွဲ့အစည်းရဲ့ ခေတ်ကာလများမှာလည်း၊ပိုလို့သာ ဆိုးတဲ့ စစ်မက်ဖြစ်ပွားမှုတွေ ကြုံခဲ့၊ကြုံမြဲ၊ကြုံရနေဆဲ ဆိုတော့၊ လူသားဆိုတာ သင်ခန်းစာမယူတတ်သူ၊သံဝေဂရ မရတတ်သူ၊ကိုယ်ချင်းစာတရား ခေါင်းပါးလေသူ လို့တောင် ဆိုရလေတော့မလား။

အမှန်တကယ်ကတော့ ဒုက္ခကြုံတွေ့ကြရသူက လူများစုပါ။ အမြော်အမြင် ဆင်ခြင်တုံတရား နည်းပါးပြီး  အ တ္တကြီးသူ အစွန်းရောက် လူနည်းစုကြောင့်သာ၊ ငြိမ်းချမ်းရေး ပျိုးပင်ငယ် ရှင်သန်ကြီးထွားခွင့် အကြိမ်ကြိမ် ငြင်းပယ်ခံရခြင်းလို့သာ ဆိုရပါလိမ့်မယ်။  

သမိုင်းကိုပြန်လှည့်ကြည့်ရင် မေးခွန်းများစွာ ရှိနေမှာဖြစ်သလို တန်ဖိုးရှိတဲ့ အဖြေများလည်း ပါရှိတတ်ပါ တယ်။ တကယ်တော့ သမိုင်းသင်ခန်းစာများဟာ အတိတ်အကြောင်း သက်သက်သာမဟုတ်ပါဘူး၊အနာဂတ် နဲ့လည်း သက်ဆိုင်ပါတယ်။ မိမိတို့လူ့အဖွဲ့အစည်းနဲ့အတူ နှောင်ဖွဲ့ရစ်တွယ် ကပ်ပါလာဆဲဖြစ်တဲ့ ပြဿနာ များ၊ဒဏ်ရာအနာတရများအတွက် သမိုင်းထဲကနေ သင်ခန်းစာယူ အဖြေရှာကြဖို့ကတော့၊ မျက်မှောက် ခေတ် လူသားများရဲ့ တာဝန်သာဖြစ်လို့ သမိုင်းပေးတာဝန်ဟုလည်း ဆိုကြရမှာဖြစ်ပါတယ်။

(ဆက်လက်ဖေါ်ပြပါဦးမည်)
သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar