Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လနဲ့ ၂၁ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လနဲ့ ၂၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီလ ၂၂၊ ၂၀၂၂

◾️စစ်ကြောရေးမှာ အသက်ဆုံးရှုံးရတဲ့ ပထမဆုံးအမျိုးသမီး
မန္တလေးတိုင်း ခရိုင်အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုလေးရဲ့ ဇနီးဖြစ်သူကို ဧပြီလ ၁၂ ရက်နေ့မှာ မန္တလေးမြို့မှာဖမ်းဆီးခံရပြီး ဧပြီလ ၁၈ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဒီနေ့သတင်းတွေထဲမှာ ဖေါ်ပြကြပါတယ်။ ဇနီးသေဆုံးတဲ့သတင်းကိုကြားသိရပြီးနောက်မှာ ပင်းတယဘက်တိမ်းရှောင်နေတဲ့ ခင်ပွန်းဖြစ်သူလည်း စိတ်ထိခိုက်ပြီး သေဆုံးသွားတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ 

ဇနီးသေဆုံးတဲ့သတင်းကြောင့် တိမ်းရှောင်နေရတဲ့ ခင်ပွန်းဖြစ်သူ သေဆုံးသွားတယ်ဆိုတဲ့သတင်းက အတည်မပြုနိုင်သေးပေမယ့် ဦးကိုကိုလေးရဲ့ဇနီးကတော့ စစ်ကြောရေးလက်ထဲမှာ ညှင်းပန်းနှိပ်စက်ခံရပြီး အသက်ဆုံးရှုံးသွားခဲ့တာကိုတော့ မိသားစုနဲ့ မန္တလေးအသိုင်းအဝိုင်းတွေက အတည်ပြုကြပါတယ်။ အလောင်းကိုပြန်မပေးဘူးလို့လည်း သတင်းမှာဖေါ်ပြထားပါတယ်။ ဒီအဖြစ်အပျက်ဟာ အရပ်သားအမျိုးသမီးတဦးအနေနဲ့ စစ်ကောင်စီ စရဖတို့ရဲ့ နှိပ်စက်ညှင်းပန်းမှုနဲ့ ပထမဆုံးအသက်ဆုံးရှုံးရတဲ့သူဖြစ်ပါလိမ့်မယ်။ 

ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း ဆန္ဒပြသူ အမျိုးသမီး၊ ပြောက်ကျားလှုပ်ရှားမှု၊ ဖေါက်ခွဲမှုတွေမှာပါဝင်တဲ့ အမျိုးသမီးတွေ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရတဲ့သတင်းတွေ၊ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားမှုမျိုးတွေ၊ ကာယိ န္ဒြေပျက်စေတဲ့ ပြောဆိုမှု စော်ကားမှုတွေကို ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးဆန္ဒပြသူတွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေ ခံခဲ့ကြရတဲ့အကြောင်း အင်တာဗျူးတွေ သတင်းတွေမှာ ဖတ်ရှုကြားသိခဲ့ရပြီး အခုအဖြစ်အပျက်က ပထမဆုံးသော အသက်ဆုံးရှုံးတဲ့အထိ ညှင်းပန်းနှိပ်စက်မှု ဖြစ်ပါလိမ့်မယ်။ 

စစ်အာဏာသိမ်းမှုအပြီး ဆန့်ကျင်ဆန္ဒပြမှုတွေမှာ အမျိုးသမီးအရေအတွက်များစွာ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ပထမဆုံးသော သေနတ်နဲ့ ဦးခေါင်းကိုပစ်ခံရပြီး အသက်ဆုံးရှုံးရသူက နေပြည်တော်က မမြသွဲ့သွဲ့ခိုင်ဖြစ်ပြီး မကြာခင်မှာ ဒုတိယအနေနဲ့ မန္တလေးက ကြယ်စင်လို့ခေါ်တဲ့ ဆန္ဒပြသူမိန်းကလေးဖြစ်ပါတယ်။ 

ဒီလို စစ်ကြောရေးမှာအသက်ဆုံးရှုံးရတဲ့အဖြစ်အပျက်တွေက အရင် ၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းရှိခဲ့ပေမယ့် အခုလောက် အရေအတွက်မများခဲ့တာတွေ့ရပါတယ်။ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ ပြောက်ကျားလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဖမ်းဆီးတဲ့အခါမှာ စစ်ဆေးမေးမြန်းစဉ် သေဆုံးရမှုတွေအတွက် စစ်ဆေးသူတွေမှာ ဘာတာဝန်မှယူစရာမလိုအပ်ဘူးဆိုတဲ့သဘောလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

တနှစ်ကျော်ကာလအတွင်း စစ်ကြောရေးလက်ထဲမှာ အသက်ဆုံးရှုံးရသူ ဦးရေ ၁၀၀ ကျော်သွားပြီလို့ သတင်းဌာနတချို့မှာ ဖေါ်ပြထားကြပါတယ်။ ဒီလို လူ့အသက် ၁၀၀ ကျော် ဥပဒေမဲ့သေဆုံးရတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းစာရှင်းလင်းပွဲတွေမှာ တလုံးတပါဒမျှ ဖြေရှင်းခြင်းမပြုခဲ့သလို သတင်းထုတ်ပြန်တာမျိုးလည်း တကြိမ်မျှမလုပ်ခဲ့ပါဘူး။ အဲဒီအချက်ကိုကြည့်ရင် စစ်ကောင်စီက ဥပဒေမဲ့လုပ်ရပ်ကို တရားဝင်ဝန်မခံရဲပေမယ့် တဖက်မှာ အခုလို ဥပဒေမဲ့သတ်ဖြတ်လို့ရတယ်ဆိုတဲ့သတင်းစကားကို စစ်ကောင်စီဆန့်ကျင်သူ အရပ်သားတွေကိုပါးချင်တဲ့အဓိပ္ပါယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ နောက်တချက်ကတော့ အာဏာပါးကွက်သားလိုဖြစ်နေတဲ့ စရဖအဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇက်ထိန်းချုပ်တာမျိုးမလုပ်ပဲ ပါးကွက်သားတွေကို ခိုင်းစေလို့ရဖို့က အဓိကဆိုတဲ့သဘောမျိုးလည်း ကောက်ချက်ချမိပါတယ်။ 

ဒီနေ့မနက် ရန်ကုန်မြို့ ကမာရွတ်ရဲစခန်းကို မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့က လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ပြီးနောက် ရဲစခန်းထဲကပြန်လည်ပစ်ခတ်ရာမှာ စျေးဝယ်ကားစီးနင်းလာသူနဲ့ လက်တွန်းလှည်းနဲ့ ဟင်းရွက်ရောင်းသူတဦးတို့ သေဆုံးခဲ့တဲ့သတင်းလည်း မိဒီယာတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ 

စစ်ကောင်စီစခန်းတွေ အနီးအနားကိုမသွားကြဖို့ ပြောက်ကျားအဖွဲ့တွေက လူထုကို သတိပေးထားတာရှိပေမယ့်လည်း မြို့ကြီးတွေရဲ့ လမ်းဆုံတွေမှာ လူသွားလူလာများတဲ့ လမ်းမကြီးတွေမှာရှိနေတဲ့ ရဲစခန်း၊ ကင်းစခန်းတွေကိုရှောင်ကွင်းသွားဖို့ခက်ခဲသလို အနီးအနားမှာလည်း လူနေအိမ်တွေရှိနေတတ်တာကြောင့် အခုလိုထိခိုက် သေဆုံးကြရတာလည်း ဖြစ်ပါတယ်။
 
မြို့ပြပြောက်ကျားတိုက်ခိုက်မှုတွေ ခုရက်ပိုင်း ခပ်စိပ်စိပ်ပြန်ဖြစ်လာနေပြီး ရဲကင်းတွေ​ စစ်ကောင်စီတပ်တွေချထားတဲ့ လုံခြုံရေးကင်းတွေကို ပစ်ခတ်ထွက်ပြေးတာတွေ ရန်ကုန်မြို့မှာ ရက်အနည်းငယ်တိုင်း ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေထဲက နောက်တပုဒ်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံနယ်ဘက်မှာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS တို့ စစ်ရေးတင်းမာနေတဲ့သတင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက RCSS တပ်ဖွဲ့ဝင် ရာဂဏန်းနဲ့ SSPP ဘက်ကို ကူးပြောင်းသွားတယ်ဆိုတဲ့သတင်းတပုဒ်လည်း ဖတ်လိုက်ရပါတယ်။ အခု ရှမ်းလက်နက်ကိုင် ၂ ဖွဲ့  လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတာတော့ အခုမှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေကတည်းက ရှမ်းပြည်နယ်တောင်ပိုင်းရော မြောက်ပိုင်း ၂ နေရာစလုံးမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြား နယ်မြေစိုးမိုးရေးအပေါ်မူတည်ပြီး တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ကာလတွေမှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ရှမ်းလက်နက်ကိုင်အချင်းချင်းအကြား နယ်မြေစိုးမိုးရေးတိုက်ပွဲတွေသာဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအဖို့ မိမိတို့လက်နက်ကိုင်တပ်နဲ့နယ်မြေကို ထိန်းချုပ်ထားနိုင်ရေးဟာ အဓိကကျတဲ့ လက်တွေ့ကျတဲ့အချက်၊ အရေးကြီးတဲ့အချက်ဖြစ်ပြီး ဒီလို နယ်မြေကိုထိန်းချုပ်ထားနိုင်မှသာ အဖွဲ့ရဲ့ရှင်သန်ရေးအတွက် အဓိကကျတဲ့ အခွန်အကောက်နဲ့ တပ်သားသစ်စုဆောင်းမှုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြည်မရဲ့ လက်နက်ကိုင်ပဋိပက္ခအခြားသော ပြည်နယ်တွေရဲ့လက်နက်ကိုင်ပဋိပက္ခတွေမှာ မဟာမိတ်ဖွဲ့မှုရှိပေမယ့်လည်း မိမိတို့လူမျိုးစုဒေသကို ထိန်းချုပ်ထားနိုင်မှုက အခြားသောအချက်တွေထက် ပိုအရေးကြီးတယ်လို့ ရှုမြင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုအပြီး တိုင်းရင်းသားဒေသတိုင်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်တာမျိုးမဟုတ်ပဲ ပိုနေမြဲ ကျားနေမြဲအနေအထားကို ထိန်းသိမ်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အရေအတွက်အားဖြင့် ပိုများတာတွေ့ရပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar