စစ်ငြိမ်းအေး - ဆေးမပြယ်နိုင်တဲ့ ဒိုင်ယာယီထဲက ဟံသာဝတီ ဦးဝင်းတင်
စစ်ငြိမ်းအေး - ဆေးမပြယ်နိုင်တဲ့ ဒိုင်ယာယီထဲက ဟံသာဝတီ ဦးဝင်းတင်
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၂
လှတာတော့ လှပါတယ် ၊ ဒါ အနုပညာလားကွယ်
ဦးဝင်းတင်ကို ကျွန်တော် မန္တလေးပန်းချီသင်တန်းတက်စဉ်၊ "အလှရှာတော်ပုံ-ပေါ်သစ်"က စလို့၊မန္တလေး ဟံသာဝတီခေတ် အစောပိုင်းကတည်းက အထူးလေးစားခဲ့ရပါသည်။
ပထမနှစ်၊ ပန်းချီကျောင်းသား ပေါက်စလေးက ညနေခင်း၊ ကျုံးနံဘေးမှာ ထိုင်ရင်း၊ ပန်တျာကျောင်းရှေ့၊ကလေးတွေ တပြုံတသိုက်နဲ့ စီစီညံညံ ဖြတ်သွားလေ့ရှိတဲ့ မာဇဒါကားပြာနုကလေးကို အစဉ်ငေးမော ကြည့်ခဲ့ရပါသည်။
များမကြာမီနှစ်ကာလ၌ မတ်စောက်သော သစ်သားလှေကားကြီးကို တခွမ်းခွမ်းနှင့်တက်ကာ သူ့အယ်ဒီတာချုပ် စားပွဲရှေ့မှာ ယုံကြည်မှုအပြည့်ဖြင့် ရပ်ကာ ရဲရဲကြီးကြည့်လျက်၊ "ဟောဒီမှာ ကြည့်ဗျ၊ ကျုပ်လုပ်ထားတာတွေ"ဟု အလိပ်ကြီး ဖြေပြရလိမ့်မည် မသိခဲ့ပါ။
ဦးဝင်းတင်ကို မည်သူမဆို အလေးထားကြရသည်ကို ချဲ့ကားပြောရန် လိုမည်မထင်ပါ။
ဆရာကြီးက ဘာမှမဟုတ်သော ပလက်ဖောင်းမင်းသား ကျွန်တော့အား အရေးထားခဲ့ပုံကိုကား၊ ချင်းတွင်းချစ်သွေး နှင့် မောင်ချစ်ဖွယ် တို့ နှစ်ဦးသာ သိခဲ့ပါလိမ့်မည်။
နောင် တရက်သောအခါ- မြန်မာပြည်မှာ ပန်းချီဆရာတွေ လုပ်ကွက်ပျောက်နေတဲ့ အချိန်၊ မန္တလေးမှာ ကျားကုတ်ကျားခဲနဲ့ အောင်မြင်လာတဲ့ ကျွန်တော့်ဆီကို-ရန်ကုန်ကနေ စာတစောင် ပို့ရောက်လာပါတယ်။
"သို့ - ကိုစစ်ငြိမ်းအေး ၊
ခင်ဗျား လက်ရာတွေ တွေ့ရတယ်၊ ဟုတ်နေတာ တခုတော့
သေချာနေပြီ။
ကမူးရဲ့ ကဗျာထဲမှာ ၊ နတ်ဆိုးက သစ်ရွက်တွေကို ပြောတယ် ၊
''လှတာတော့ လှပါတယ် ။ ကွယ်- ဒါပေမဲ့၊ တခုတော့ မေးချင်တယ် ။
ဒါ-အနုပညာ လားကွယ် "
ဝင်းတင်
ကျွန်တော် အသက်ပင် ပြင်းပြင်းမရှူနိုင်၊ ခန္ဓာကိုယ်က ကျောက်ဖြစ်ရုပ်ကြွင်း၊ အသံတွေကမိုးခြိမ်းသံလို ပဲ့တင်ထပ်နေသည်။
"ဒါ-အနုပညာ လား" "ဒါ - အ နု ပ ညာ လား " "ဒါ - အနုပညာ လား " - - - - -
သူ့စာတကြောင်းရဲ့ နောက်မှာ၊ ဆရာ့စာတကြောင်းရဲ့ အောက်မှာ ၊ မဆုံးနိုင်တဲ့ စကားလုံးတွေ၊ အတွေးဂယက်ထဲမှာ တဝဲလည်လည်။
"လူတွေကြိုက်လို့ ဆိုက်ဆိုက်မြိုက်မြိုက်၊ အောင်မြင်နေတာတော့ ဟုတ်ပါပြီ။
လှအောင် ဆွဲတတ်လို့၊ အလှကြိုက်သူတွေ ဝိုင်းဝိုင်းလည်နေတာတော့ ဟုတ်ပါပြီ။အဲဒါ အနုပညာလား၊ အနုပညာ ဆိုတာ ဒါဘဲလား ။ အမြင် ရှင်းပါရဲ့လား ၊ တွေးလို့များ
ကြည့်ပါဦးတော့လား - - - "
ကျွန်တော် တယောက်တည်းသာ ဆက်ဖတ်နိုင်မယ့် ဟာလုံးတွေ ။
သူတို့တတွေ ဘယ်လို ဆင်ခြင်နိုင်ကြမည် မသိ၊ ကျွန်တော့်အတွက်မူ ဝပ်အားပေါင်းထောင်အသောင်းနှင့် မီမောင်းကြီး ထိုးပြလိုက်သကဲ့သို့ပင်။ "ကြွေ"ရပါသည်။
နေပြပါမည်၊ တီးတိုးရွတ်ဆို ပြောရသည်။
အမှန်စင်စစ်၊ ဖန်တီးရှင် အနုပညာသမား ဖြစ်လိုသူများ၊ ရာသက်ပန် အစဉ်အဆက် မှတ်ကျောက်အက္ခရာ တင်ထားရပါပေလိမ့်မည်ဟု ဆပွားခံစားရပါသည်။
ဟံသာဝတီ ဦးဝင်းတင် သည်ကား ၊ အသက်နှင့်တမျှ၊ ကျွန်တော့ဘဝ ဥယျာဉ်မှူးဖြစ်နေခဲ့ပါတော့သည်။
ပန်းချီ- စစ်ငြိမ်းအေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar