မိုးမြင့်ယံ - ကျမနိုင်ငံတော် သို့ ရွက်လွှင့်ခြင်းခရီး
မိုးမြင့်ယံ
(မိုးမခ)ဧပြီ ၂၂။ ၂၀၂၂
အမှောင်နေ့ရက်တို့၏ရှည်လျားမှု၌ စိတ်တို့သည် နေရောင်အဟပ်ခံထားရသော ကတ္တရာလမ်းနက်နက်ကဲ့သို့ ပူလောင်ကျွတ်ဆတ်နေသည့်နှယ် ခံစားရနေမိသည်။
တမြန်နေ့ရက်ကရိုက်ခတ်သွားသော စက်သုံးဆီစျေးကွက်၏ဂယက်သည် တနိုင်ငံလုံးနှင့်တကွ ကျွန်တော်နေထိုင်ရာ မြေလတ်အညာမြို့လေးသို့ ဆိုင်းမဆင့်ဗုံမပါ အရှိန်အဟုန်ပြင်းသောလှိုင်းလုံးပမာ တိုးတိုက်ဝင်ရောက်ပြေးဆောင့်လာလေသည်။
ထိုအခါ ထိုးတက်သွားသောစက်သုံးဆီစျေးနှုန်း၏နောက်မှ အလုအယက်တိုးဝှေ့တန်းစီနေကြသောဆိုင်ကယ်များကားများသည် နယ်မြို့လေး၏ဆီဆိုင်တိုင်းမှာ ကြက်ပျံမကျဆိုသည့်စကားကဲ့သို့ ကြပ်ညပ်နေကြရပြန်သည်။
ချောင်လည်မှုမရှိသော ဒီလိုကာလဆိုးကြီးရဲ့ဘဝတွေထဲသို့ နောက်ထပ်ချောင်ပိတ်ခံရမှု တခုထပ်တိုးလာသကဲ့သိုပင်။
မွန်းကြပ်ပိတ်လှောင်သလိုခံစားနေရသောစိတ်တို့အား ကျွန်တော်သည် ဝိညာဥ်တကောင်လိုလွတ်လပ်စွာရွက်လွင့်ပျံသန်းရင်းဖြင့် ကဗျာဆရာညီငယ်လေး အန်နိုလာ၏ "ကျမနိုင်ငံတော်သို့" တတိယအကြိမ်မြောက် ခရီးထွက်ခဲ့မိပြန်ပါသည်။
ကျမနိုင်ငံတော်ထဲက အန်နိုလာ၏အရိပ်တွေ အရောင်တွေ အသံတွေကို ကျွန်တော်သည် တကိုယ်ရေတိတ်ဆိတ်စွာငေးရီစီးမျောပျော်ဝင်ရင်းဖြင့် ပင့်သက်ရှိုက်လိုက် တောက်ခေါက်လိုက် လက်သီးဆုပ်လိုက် အံကြိတ်လိုက်ဖြင့် အန်နိုလာ၏ရင်ဘတ်ကြီးထဲ ငုံ့ငုံ့ကြည့်နေမိသည်။
အန်နိုလာသည် သူ၏ ကျမနိုင်ငံတော် Ebook လေးထဲတွင် ကဗျာပေါင်းလေးဆယ်ကို တပုဒ်လျော့ကာ သူချစ်သော ချစ်ရပါသော ကဗျာချစ်သူများအား ရင်ဘတ်စစ်စစ်ကြီးဖြင့် ထုဆစ်ပေးခဲ့သည်ပဲဖြစ်သည်။
အလင်းတွေရှိရာသို့ဦးတည်လျှောက်လှမ်းနေကြသောလူငယ်တွေ၏ခြေလှမ်းတိုင်း၌ ယုံကြည်ရဲရင့်မှုအတွက် သူတို့ရဲ့စိတ်ကြေးမုံကို သူတို့ကိုယ်တိုက်ရိုက်ခွဲရင်း သေခြင်းကိုမကြောက်ရွံ့စွာ အသက်တွေကို ချခင်းနင်းလျှောက်ခဲ့ကြလေပြီ ။
အလွမ်းတွေတနင့်တပိုးနဲ့ လူငယ်တွေရဲ့ကျောပိုးအိတ်လေးတွေက လေးလံလို့များနေလေမလားရယ်လို့ ကျွန်တော် အတွေးပွားမိနေပြန်သေးသည်။
သို့သော် လှိုင်းလုံးကြီးတွေလို နိမ်မြင့်တက်ကျဖြစ်ပြီး မြစ်တစင်းလို့ကွေ့ကောက်နေသောလမ်းမတွေထက် လူငယ်တွေသည် သူတို့၏မနက်ဖြန်များအား ထမ်းပိုးရင်း ခရီးဆက်နေကြသည်လေ။
ဟိုးအဝေးက ဖြူလွှလွှတိမ်မျှင်တွေကြားက အလင်းတစကိုဆွတ်ချူလှမ်းဖို့ရာအတွက် ကောင်းကင်ရဲ့ရင်ခွင်ကို ကျောခိုင်းစွန့်ခွာလာတဲ့လူငယ်တွေရဲ့ပုံရိပ်တို့သည် ခမ်းနားကြီးကျယ်လွန်းလှပေသည်။
ကျွန်တော်ရဲ့စီးမျောပျော်ဝင်မှုတို့သည် အမျှင်မပြတ်နိုင်စွာနဲ့သာ အန်နိုလာရေးဖွဲ့သီထားသော ကြယ်ဆိုသည့်ကဗျာလေးကို စိတ်လိုလက်ရ ရွတ်ဆိုမိလိုက်ပြန်ပါသည်။
# ကြယ် #
ကိုယ့်ကိုကိုယ် ရိုက်ခွဲပစ်လိုက်တဲ့
မှန်ချပ်တွေပါပဲ ။
ကျောပိုးအိတ်ကလေးထဲမှာ
လွမ်းစရာတွေထည့်ထားတယ် ။
ဦးနှောက်မှာ မနက်ဖြန်ရဲ့
အနာဂတ်တွေက
တွန့်လှုပ်လို့ ။
တိမ်တွေဆီ ခရီးထွက်ဖို့
ကောင်းကင်ရင်ခွင်ကို ကျောခိုင်းခဲ့ရသူတွေပါ ။
အိမ်အပြန်လမ်းမှာ
ထမ်းလာတဲ့ ရွှေအိုးကို
နိုင်ငံတော်လို့ အမည်ပေးကြလိမ့်မယ် ။
အန်နိုလာ
Jan .19 . 2022
ထိုလူငယ်တွေရဲ့အိမ်အပြန်လမ်းမှာ စနစ်တကျသေသပ်လှပစွာထမ်းပိုးယူငင်လာသော အေးချမ်းသာယာလှတဲ့ နိုင်ငံတော်အသစ်တခုကို ကျွန်တော်သည် မျက်ဝါးထင်ထင် ရှိလွန်းလှပေသည်။
အန်နိုလာရဲ့ကဗျာခေါင်းစဥ်လေးတွေလိုပါပဲလေ ကျွန်တော်တို့လက်ရှိခံစားနေရပါသောအဖြစ်အပျက်တို့သည် တိုက်ဆိုင်လွန်းလှပြန်နေသည်။
" စစ်ရာသီထဲ ရန်သူဟာ ပင်လယ်တခုလုံးကိုခပ်ပြီး ခေတ်ကြီးပေါ် သွန်ချလိုက်တယ် "
ထိရှကွဲကြေမှုတို့၏အဆုံးသတ်၌ နာကျင်ကြေမွခြင်းတို့သည် အနည်းနဲ့အများ ကျန်ရစ်နေတတ်ကြသည်ပဲလေ။
ထိုအခါ အန်နိုလာ့ကဗျာတပုဒ်ထဲက နောက်ဆုံးအပိုဒ်လေးတခုသည် ကျွန်တော့်ရင်ကို တစစ်စစ်ဖြင့် ထိုးစွနေသကဲ့သို့ပင် ။
" မျက်ရည်ကျတဲ့ယောကျ်ားတွေကို သိပ်မုန်းတာပဲကိုကို "
လို့ ပြောဖူးတဲ့ ညီမလေးရဲ့ စကားသံတွေက
ကိုကို့ ခေါင်းထဲမှာ ဆူညံနေတယ် ။
ကိုယ့်ကိုကိုယ် တော်လှန်ရေးရဲဘော်လို့
တံဆိပ်ကပ်ထားတဲ့ ကိုကိုဟာ
မျက်ရည်တွေကို မတော်လှန်နိုင်ဘဲ
အရူးတယောက်လို ငိုနေရပြီ ။
ကိုကိုဟာ မနက်ဖြန်တွေကို ဖုန်းခေါ်ပြီး
ညီမလေးရှိလားလို့ မေးတတ်နေခဲ့ပြီ ။
ဒီလိုတော်လှန်ကာလကြီးအတွင်း၌ ကြွေလွင့်ကြယ်များထံသို့ အန်လိုလာရေးထားတဲ့ကဗျာလေးထဲကလိုများမရှိတော့တဲ့ စိတ္တဇနာမ်တွေဆီသို့သတိတရလွမ်းမောမှုတွေနဲ့ ဖုန်းဆက်ခေါ်ယူနေသည်မှာ အဘယ်လောက်များရှိနေနိုင်ပါမည်နည်းဆိုတာ ကျွန်တော်သည် မခန့်မှန်းနိုင်ပါပေ။
မည်သို့ပင်ဖြစ်ပါစေ ကျွန်တော်သည်လည်း အန်နိုလာ၏ကျမနိုင်ငံတော်အတွင်း စီးမျောလည်ပတ်ရင်းဖြင့် လူငယ်တွေပြန်လည်ဆောင်ကြဥ်းလာမည့် အနာဂါတ်နိုင်ငံတော်အသစ်တခုဆီသို့ မနက်ဖြန်တွေကြားမှ မျှော်မောကြည့်နေမိပြန်ပါသည်လေ။
မိုးမြင့်ယံ
April . 2022 . 21
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar