မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၈၊ ၂၀၂၂
ဧပြီလ ၁၇ ရက် - တနှစ်ဆန်းပြန်ပြီ မြန်မာပြည်
မြန်မာရိုးရအရ သင်္ကြန်နှစ်ဆန်းတရက်နေ့ နှစ်သစ်တခုကို စတင်တဲ့နေ့လို့ ဆိုရမယ့် နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာ ယုံကြည်မှုအရ ပရိတ်ရွတ်တာတွေ အညစ်အကြေးတွေ ဆေးကြောတာတွေ မြန်မာ့ရိုးရာအရ လုပ်ဆောင်ကြတဲ့ အစဥ်အလာရှိတဲ့ နေ့တနေ့ ဖြစ်ပါတယ်။
အကျဥ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို လွတ်ငြိမ်းခွင့်ပေးလေ့ရှိတဲ့ အခါသမယလည်း ဖြစ်ပြီး ခုနှစ်မှာတော့ အကျဥ်းသား ၁၅၀၀ ကျော် ပြစ်ဒဏ်ကျခံနေရတာကို ဆိုင်းငံ့လိုက်ပြီး အလားတူပုဒ်မမျိုး နောက်တကြိမ် ကျူးလွန်ရင် ပြန်လည်ကျခံရမယ်ဆိုတဲ့ ခြွင်းချက်နဲ့ လွှတ်ပေးလိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီနေ့ လွှတ်ပေးတဲ့ အကျဥ်းသား ၁၅၀၀ ကျော်ထဲမှာ နိုင်ငံရေး ပုဒ်မလို့ခေါ်တဲ့ ၅၀၅ တို့လို အခြားနိုင်ငံရေးနဲ့ ဆက်စပ်တဲ့ ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံရသူ တရားစွဲခံရသူတွေ မပါဝင်ပါဘူး။ မူးယစ်ဆေးမှုလို အခြားသော ရာဇဝတ်ပြစ်မှုလိုမျိုးနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေသာ ပါဝင်တာဖြစ်လို့ ဒါက နိုင်ငံရေးအရ လုပ်ဆောင်တယ်ဆိုတာမျိုးမဟုတ်ဘဲ အကျဥ်းထောင်ထဲက အကျဥ်းသားအရေအတွက် လျှော့ချတဲ့ သဘောလို့သာ ယူဆရမှာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုအပြီး ဆန္ဒပြသူ ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှား စည်းရုံးသူ ၊ လက်နက်ကိုင် မြို့ပြပျောက်ကျား အဖွဲ့ဝင်၊ PDF ထောက်ပံ့ရေး နှိုးဆော်ကာ ငွေကြေးကောက်ခံပေးသူ၊ စီဒီအမ် ဝန်ထမ်း၊ စီဒီအမ် ထောက်ခံပံ့ပိုးသူ စသဖြင့် ဖမ်းဆီးခံရသူပေါင်း ၂ သောင်းနီးနီးရှိပြီး ပြန်လွတ်မြောက်တဲ့အချို့သော အရေအတွက်တွေ နုတ်လိုက်ရင်တောင်မှ အနည်းဆုံး ၁ သောင်းကျော်လောက်က အကျဥ်းထောင်တွေထဲ ရှိနေကြမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေးအကြောင်းကြောင့် ဖမ်းဆီးခံရသူ သောင်းနဲ့ချီရှိလာတာကြောင့် မြန်မာနိုင်ငံက အကျဥ်းထောင်တွေရဲ့ လက်ခံနိုင်တဲ့ အရေအတွက်ထက် အများကြီး ကျော်လွန်နေတာ ဖြစ်လို့ အခါအားလျော်စွာ အခုလို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ရာဇဝတ်ပြစ်မှု အကျဥ်းသားတွေကို လျော့ချတာ ဖြစ်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းမှုအပြီး ပြစ်ဒဏ်လျော့ပေါ့တာ လွတ်ငြိမ်းခွင့်ပေးတာ ၅ ကြိမ် ၆ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပေမယ့် နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးထားသူတွေ ပါဝင်တာက ၂ ကြိမ် ဝန်းကျင်သာ ရှိခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ် ဇွန်လမှာ တကြိမ်နဲ့ အောက်တိုဘာလလယ် သီတင်းကျွတ်လပြည့်ကာလမှာ တကြိမ် နိုင်ငံရေးအရ ဖမ်းဆီးထားသူ ထောင်ဂဏန်းလောက် ပြန်လွှတ်ပေးခဲ့ဖူးပြီး အဲဒီလို လွှတ််ပေးတာကို စစ်တပ်ထောက်ခံသူတွေ အနေနဲ့ ဆန့်ကျင်တဲ့ ဝေဖန်မှုသံတွေလည်း ထွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ ထုတ်ပြန်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဟာ အကျဥ်းထောင် လူဦးရေ လျှော့ချမှုသက်သက်သာဖြစ်ပြီး နိုင်ငံရေးအရ ဘယ်လိုအဓိပ္ပာယ်မှ မဆောင်ဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ BPLA လို့ အတိုကောက် ခေါ်ဝေါ်တဲ့ Burma People Liberation Army တည်ထောင်တာ ၁ နှစ်ပြည့်အခမ်းအနားကို ကေအန်ယူထိန်းချုပ်နယ်မြေတနေရာမှာ ကျင်းပခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတဦးသိန်းစိန်ကို အသရေပျက်စေတယ်လို့ ဆိုတဲ့ ကဗျာတပုဒ်ကြောင့် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးအကျဥ်းချခံရဖူးသူ ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်ဖွဲ့စည်းတဲ့ BPLA လက်နက်ကိုင်တပ်ဖွဲ့ကို စစ်အာဏာသိမ်းအပြီး လအနည်းငယ်အကြာ ယမန်နှစ် သင်္ကြန်နှစ်ဆန်းတရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့နောက် အခုချိန်မှာ တနှစ်တိတိပြည့် မြောက်တာ ဖြစ်ပါတယ်။
ဗမာလူမျိုးကြီး ဝါဒကို ကိုင်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဗမာ့တပ်မတော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာ မို့လို့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်လို့ အမည်ပေးထားတာလို့ ဆိုပါတယ်။
ဒီလက်နက်ကိုင်တပ်ဖွဲ့ဟာ ကေအန်ယူထံမှ စစ်ပညာသင်ကြားမှုကိုခံယူပြီး လက်ရှိမှာလည်း ကေအန်ယူနဲ့ တွဲဖက်ကာ တိုက်ခိုက်မှုတွေမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ တချိန်ကျရင် ၄င်းတို့ဘာသာ “ဗမာပြည်နယ်” နယ်မြေတွေမှာ အခြေချတိုက်ပွဲဝင်ဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။ အန်ယူဂျီရဲ့ လက်အောက်က လက်နက်ကိုင် တပ်ဖွဲ့မဟုတ်ပဲ အန်ယူဂျီရဲ့ PDF လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ BPLA အနေနဲ့ ကေအန်ယူနဲ့တင်မကပဲ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA, TNLA, MNDAA တို့နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာတွေ့ရပြီး မဟာမိတ် ၃ဖွဲ့ကလည်း ကူညီသွားမယ်လို့ တနှစ်မြောက်နေ့မှာ သဝဏ်လွှာပေးပို့ထားတာ ဖြစ်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးကနေ ထွက်ပေါ်လာခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအနက် အမျိုးအစား ၂ မျိုး ယေဘုယျအားဖြင့်ခွဲခြားလို့ ရနိုင်ပါတယ်။ တမျိုးက NUG ရဲ့ တိုက်ရိုက် ဖွဲ့စည်းပေးမှု တိုက်ရိုက်အကူအညီရရှိနေတဲ့ PDF အဖွဲ့တွေ နဲ့ အခု BPLA လို သီးခြားအကူအညီ၊ သို့မဟုတ် ရပ်ရွာက မိမိတို့ဘာသာ ကမကထလုပ် ထူထောင်ခဲ့ကြတဲ့ Local PDF တွေလို့ ခွဲခြားရနိုင်မယ် ထင်ပါတယ်။ အခုတလောမှာတော့ Local PDF တွေဆိုတဲ့အသုံးအပြင် NUG အောက်က PDF တွေကို မြန်မာစာနဲ့ “ပကဖ” လို့ သတ်မှတ်ခေါ်ဝေါ်လာတာ သတိပြုမိပါတယ်။ အဓိပ္ပာယ်ကတော့ အတူတူပါ။
Local PDF တွေကို ထပ်မံအသေးစိတ် ခွဲခြားရင် တိုင်းဒေသကြီးတွေမှာ အခြေစိုက်တဲ့ လူမျိုးစု နောက်ခံမပါတဲ့ Local PDF နဲ့ ပြည်နယ်တွေမှာ လူမျိုးစု နောက်ခံနဲ့ ဖွဲ့ကြတဲ့ Local PDF တွေလို့ ထပ်ခွဲခြားလို့ ရမယ်လို့ ထင်ပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအချို့တို့မှာ မြို့ပြပြောက်ကျားလို့ ခေါ်တဲ့ မြို့ပေါ် လက်နက်ကိုင် တိုက်ခိုက်မှုတွေ လုပ်ဆောင်ကြတဲ့ အဖွဲ့တွေကိုလည်း ခွဲခြားကြည့်ရင် NUG ရဲ့ တိုက်ရိုက်အဆက်အသွယ် အကူအညီရတဲ့ မြို့ပြပြောက်ကျားရယ်လို့ ၂ မျိုး ၂ စားရှိတာတွေ့ရပါလိမ့်မယ်။
ကျေးလက်တွေမှာတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသအလိုက်ပေါ်ထွက်လာတဲ့ Local PDF တွေ အများအပြားရှိကြပြီး နောက်ပိုင်းကျမှ NUG နဲ့ ဆက်သွယ်ကြတာတွေလည်း ရှိပါတယ်။ တိုင်းရင်းသား ပြည်နယ်တွေ ဖြစ်တဲ့ ချင်း၊ ကယားမှာ လူမျိုးစု နောက်ခံနဲ့ Local PDF တွေ ရှိပြီး ကရင်၊ ကချင်၊ မွန်ပြည်နယ် (မြို့နယ်အချို့) တို့မှာတော့ ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီနဲ့ ဖွဲ့စည်းတိုက်ခိုက်နေကြတာ တွေ့ရပါတယ်။
အထက်က အခင်းအကျင်းကို NUG အနေနဲ့ နားလည်ပြီး မဟာမိတ်အဖွဲ့၊ မိမိတို့ကိုယ်တိုင်ဖွဲ့စည်းထားတဲ့ အဖွဲ့ သို့မဟုတ် သူ့ရည်ရွယ်ချက်နဲ့ သူလျှောက်လှမ်းကြတဲ့ အဖွဲ့စသဖြင့် အဲဒီအခြေအနေတွေအောက်မှာ တော်လှန်ရေးကို ရှေ့ဆက်နိုင်ဖို့ မဟာဗျူဟာ နည်းဗျူဟာ ချမှတ်ထားဖို့ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar