မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၃ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၄၊ ၂၀၂၂
ဧပြီလ ၃ ရက် - လုံခြုံရေး အကြောင်းပြပြီး ပိုက်ဆံတောင်းခံတဲ့ စစ်ဆေးရေးဂိတ်တွေ
စစ်အာဏာသိမ်းပြီးနောက် မှာ တမြို့နဲ့တမြို့ ဆက်သွယ်ဖောက်လုပ်ထားတဲ့ ကားလမ်းတွေမှာ စစ်ဆေးရေးဂိတ်တွေ အလျှိုအလျှိုပေါ်လာကြပါတယ်။ ခေတ်အဆက်ဆက်က မရှိခဲ့ဖူးတဲ့ အရေအတွက်အထိ များပြားလာတာ ဖြစ်ပါတယ်။ မြို့တမြို့မဝင်ခင် ၂ ဂိတ် ၃ ဂိတ် တွေ့ရပြီး အဲဒီမြို့အထွက်မှာလည်းနောက်ထပ် အနည်းဆုံး ၁ ဂိတ် ၂ ဂိတ်လောက် ရှိတာဖြစ်ပါတယ်။
ရန်ကုန်နဲ့ ဘားအံ ကားလမ်းတလျှောက်ကို ကြည့်မယ်ဆိုရင် ရန်ကုန်က စထွက်တာနဲ့ အမြန်လမ်း တိုးဂိတ်မှာ အထွက်ကားတွေကို သိပ်မစစ်ပေမယ့် အဝင်ကားတွေကို ဂိတ် ၂ ဂိတ်လောက် ဖွင့်ထားပြီး စစ်တာ တွေ့ရပါလိမ့်မယ်။ တချို့ဂိတ်တွေက ကိုဗစ်ကူးစက်မှု များပြားစဥ် ကာကွယ်ဆေးထိုးပြီးကြောင်း စစ်ဆေးတာ တက်စ်ကစ်နဲ့ စစ်ဆေးတာတွေ လုပ်ဖို့ ယာယီဆောက်လုပ်ထားတဲ့ ဂိတ်တွေဖြစ်ပေမယ့် အခုအခါ ကိုဗစ်နဲ့ပတ်သက်တဲ့ စစ်ဆေးမှုမရှိတော့ပဲ လုံခြုံရေးအကြောင်းပြပြီး လက်နက်ကိုင်တွေက စစ်ဆေးတဲ့ ဂိတ်တွေ ဖြစ်နေတာပါ။
လက်နက်ကိုင် တော်လှန်ရေး လုပ်နေကြတဲ့ PDF တွေ သင်တန်းတက်ပြီး မြို့ကို ပြန်ဝင်လာသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေ နယ်စပ်တွေက သယ်ဆောင်လာမယ့် လက်နက်တွေကို ပစ်မှတ်ထားစစ်ဆေးတယ် ဆိုပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ ကုန်ပစ္စည်းတင်လာတဲ့ ကားတွေ၊ ခရီးသည်တင်ကားတွေ၊ တရားမဝင် ပစ္စည်းတင်ဆောင်လာတဲ့ကားတွေနဲ့ အိမ်စီးကားတွေဆီက ငွေကြေးတောင်းခံနေတာက အဓိက လုပ်ငန်းလိုဖြစ်လာပါတယ်။ ခရီးသည်တင်ကားတွေအနေနဲ့ အနည်းဆုံး တစီးကို ကျပ် ၁ ထောင်လောက်ပေးကြရပြီး ကုန်တင်ကားတွေ၊ စီးပွားရေး လုပ်ငန်းသုံးကားတွေလည်း အဲဒီထက်မလျော့ဘဲ ပိုကောင်းပိုနိုင်ပါတယ်။ တရားမဝင် ပစ္စည်းတွေ ဖြစ်တဲ့ အကောက်အခွန်မဲ့ ၊ မူးယစ်ဆေးဝါး စတာတွေ တင်ဆောင်တဲ့ ကားတွေဆိုသည့်ထက်အဆများစွာများတဲ့ ငွေကြေးလာဘ်ထိုးကြရမှာ သေချာပါတယ်။
သာမန်အိမ်စီးကားပင်လျှင် အချို့သော ဂိတ်တွေမှာ လက်ဖက်ရည်ဖိုးပေးပါလို့ ပေါ်ပေါ်တင်တင် ပြောပြီးတောင်းခံနေတာတွေလည်း ကြုံရပါတယ်။ ပျူစောထီးလို့ ခေါ်ကြတဲ့ ဒေသခံပြည်သူ့စစ်တွေစစ်တဲ့ ဂိတ်၊ စစ်သားချည်း စစ်တဲ့ဂိတ်၊ ရဲနဲ့ စစ်သားတွဲစစ်တဲ့ ဂိတ်၊ လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ စီးပွားကူးသန်း၊ အကောက်အခွန်တို့ ပေါင်းစပ်ထားတဲ့ ဂိတ်၊ ကိုဗစ်ကူးစက်မှု တိုက်ဖျက်ရေး ကျန်းမာရေးဝန်ထမ်းပါတွဲဖက်ထားတဲ့ ဂိတ်စသဖြင့် ဂိတ်အမျိုးအစားပေါင်းစုံ ကြုံတွေ့ရပါတယ်။ အချို့သော ပြည်နယ်၊ တိုင်း အစပ် မြို့တွေရဲ့ ဂိတ်တွေရောက်ရင် ခရီးသည်တွေသို့မဟုတ် ကားပေါ်ပါသူ အားလုံးနီးပါး ကားပေါ်က ဆင်းပြီး လဝက၊ ရဲ၊ စစ်သားတွေစောင့်တဲ့ ကောင်တာမှာ မှတ်ပုံတင်ပြကာ စစ်ဆေးခံကြရပါတယ်။ ဘယ်ကလာသလဲ၊ ဘယ်ကိုသွားမှာလဲ ဆိုတဲ့မေးခွန်းကို လူတိုင်းကိုမေးပြီး အကဲခတ်တဲ့အကြည့်နဲ့ ကြည့်ပြီး မေးမြန်းတာတွေ လုပ်ပါတယ်။ မှတ်ပုံတင်မပါရှိသူ၊ သုံးခေါက်ချိုးလို့ ခေါ်တဲ့ မဆလခေတ်က ထုတ်ပေးတဲ့ မှတ်ပုံတင်သာ ကိုင်ထားသူတွေဆိုခဲ့ရင် အဲလိုဂိတ်တွေမှာ အရစ်ခံရငွေပေးပြီး ဖြေရှင်းရမယ့် အနေအထားဖြစ်ပါတယ်။
မြို့တမြို့ကို အဝင်အထွက် ၂ ဂိတ်တင်မကပဲ ၄ ဂိတ်လောက် ဖွင့်လှစ်ထားတာကို ကြည့်ရင် စစ်ကောင်စီက လုံခြုံရေးတပ်ဖွဲ့တွေကို ခရီးသွားကားတွေ၊ ကုန်စည်သယ်ဆောင်တဲ့ကားတွေ အပေါ်ငွေတောင်းခံဖို့ ခွင့်ပြုထားတဲ့ အဓိပ္ပါယ်ဖြစ်ပြီး လုံလောက်တဲ့ လစာ၊ ထောက်ပံ့မှုမပေးနိုင်တာ တကြောင်း နောက်အကြောင်းတချက်ကတော့ စစ်အာဏာသိမ်းပြီးနောက် လူထုကို ဖိနှိပ်နှိမ်နှင်းတဲ့ လုပ်ရပ်တွေကို စေခိုင်းလို့ရအောင် အခုလို လုပ်ချင်ရာ လုပ်ခွင့်ပေးထားတဲ့ သဘောလည်း ဖြစ်ပါတယ်။
ကျေးရွာတွေကို ဝင်ရောက်စီးနင်းရာမှာ လူနေအိမ်တွေကို ဝင်ရောက်စစ်ဆေးရာမှာ တန်ဖိုးရှိ ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ ငွေကြေး စတာတွေကို ယူဆောင်သွားတာ ကြားနေကျ အကြောင်းအရာတွေဖြစ်နေသလိုပဲ အခုလည်း ကုန်စည်သယ်ဆောင်တဲ့ ခရီးသွားတဲ့ လမ်းမှာစစ်ဆေးပြီး ငွေကြေးတောင်းခံခွင့်ပေးထားတာ ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်မှုတွေက စစ်တပ်ရဲ့ ဂုဏ်သတင်းကိုပိုပြီးပျက်စီးစေတာဖြစ်လို့ ဟန်ငြိမ်းဦးလို ကျော်စွာလို စစ်ကောင်စီက ဝါဒဖြန့်ချိရေး ဆိုရှယ်မီဒီယာအကောင့်တွေထဲမှာတောင် အချို့သော စစ်တပ်ထောက်ခံသူတွေက အဲဒီလို ငွေကြေးတောင်းခံတဲ့ ဂိတ်တွေများပြားလွန်းတာကို ကြပ်မတ်ဖို့ နှိုးဆော်ရေးသားနေတာမျိုးတောင် ဖတ်ရှုရပါတယ်။ ဆိုလိုတာကတော့ ဒီလိုလုပ်တဲ့ ကိစ္စတွေကို စစ်ကောင်စီ ဝါဒဖြန့်ချိရေး အကောင့်တွေမှာတောင် ရေးသားနေကြတဲ့ အခြေအနေထိ ဆိုးဆိုးရွားရွား ဖြစ်နေတာကို စစ်ကောင်စီခေါင်းဆောင်တွေ လျစ်လျူရှုထားတဲ့ သဘောပဲ ဖြစ်ပါတယ်။
ရန်ကုန်-ဘားအံလမ်း မြို့တမြို့ရဲ့ အဝင်ဂိတ်မှာတော့ ပျူစောထီးလို့ ဆိုတဲ့ ပြည်သူ့စစ်တွေကိုပါ နေရာပေးပြီး ဖြတ်သန်းတဲ့ကားတွေကို စစ်ခွင့်ပေးထားပါတယ်။ ဆံပင်အနည်းငယ်ရှည်ပြီး အရပ်ဝတ်တွေနဲ့ မောင်းပြန်သေနတ်ကိုင်ထားသူတွေကို ကြည့်လိုက်တဲ့အခါ စစ်တပ်မဟုတ် ရဲမဟုတ်တာကြောင့် ပျူစောထီးတွေလို့ သိလိုက်ရပြီး ခေါင်းဆောင်လုပ်သူလို့ ယူဆရသူကတော့ မောင်းပြန်သေနတ်အစား ခါးမှာ ပစ်စတို သေနတ်ထိုးထားပြီး ကက်ဦးထုပ်ဆောင်းထားတာ တွေ့ရပါတယ်။ စစ်တပ်က ထွက်တဲ့ သူဖြစ်နိုင်ပြီး ကျန်တဲ့သူတွေက စစ်မှုထမ်းဟောင်း သို့မဟုတ် ဒေသခံတွေထဲက လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ဝင် အဖြစ်ဝင်ရောက်သူတွေလို့ ခန့်မှန်းရပါတယ်။ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ သထုံမြို့နယ်ထဲမှာ အထက်က ပျူစောထီးတွေ စစ်တဲ့ဂိတ်ကိုတွေ့ရတာလည်း ဖြစ်ပါတယ်။
အလားတူ ဘားအံနဲ့ ကော့ကရိတ်အကြား၊ ကော့ကရိတ်လွန်သွားရင် မြဝတီ အဝင် သင်္ဃန်းညီနောင်ဂိတ်စတဲ့ နေရာတွေဟာ ခေတ်အဆက်ဆက် လက်နက်ကိုင် တပ်တွေက ကုန်စည်သယ်ဆောင်တဲ့ ကားတွေလူတွေကို ငွေကြေးတောင်းခံပြီး ဝင်ငွေရှာကြတဲ့ ဂိတ်တွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာတွေဖြစ်ပါတယ်။ အခုလိုငွေကြေး ကောက်ခံခွင့်ပေးထားပြီး စစ်တပ်ရဲ့ မတရားရယူထားတဲ့ နိုင်ငံရေးအာဏာကို လက်နက်ကိုင် ကာကွယ်ဖို့ လုပ်ဆောင်ပေးရတာမျိုးဖြစ်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒါက ကရင်ပြည်နယ် မွန်ပြည်နယ် ပဲခူးတိုင်း တလျောက်ဖြတ်သန်းသွားတဲ့ ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က စစ်ဆေးရေးဂိတ်တွေ ပိုက်ဆံတောင်းတဲ့ ဂိတ်တွေ အကြောင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း စတဲ့ဒေသတွေမှာလည်း အခုလိုအလားတူ အခြေအနေတွေ အဖြစ်အပျက်တွေ ဖြစ်ပွားနေမှာ အသေအချာပဲ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar