Breaking News

စစ်မှုထမ်းဥပဒေ နဲ့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၁ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄


စစ်မှုထမ်းဥပဒေ နဲ့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေ

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေ အဲဒီနေ့ကစပြီး အသက်ဝင်ပြီလို့ ထုတ်ပြန်လိုက်ချိန်က စလို့ မြို့နေလူထု၊ ကျေးလက်နေလူထုတွေအကြား ရိုက်ခတ်တဲ့ ဂယက်က ခုချိန်ထိ မသေသေးတာ တွေ့ရမှာပါ။ ထိုင်းသံရုံးရှေ့ တန်းစီတဲ့ လူအုပ်ကြီး၊ မန္တလေးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးမှာ လူအုပ်ပြိုပြီး ၂ ဦး အသက်ဆုံးရှုံးတဲ့ အဖြစ်အပျက်၊ ထိုင်းမြန်မာနယ်စပ်တလျှောက် ခိုးဝင်တဲ့သူတွေ ရုတ်တရက် မြင့်တက်လာတာ သတင်းတွေထဲ ဖော်ပြနေကြတာတွေ၊ ဟိုမြို့ သည်မြို့မှာ လူငယ်တွေကို ပေါ်တာဆွဲတယ်၊ စစ်မှုထမ်းဖို့ ဖမ်းဆီးတယ်ဆိုတဲ့ အတည်ပြုရခက်ခဲတဲ့ သတင်းတွေနဲ့ စိုးရိမ်မှုကြောင့် မိမိတို့ဇာတိကို ပြန်ကြဖို့ ပြင်ဆင်ကြတဲ့ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ အလုပ်သမားတချို့ စတဲ့ သတင်းတွေက စစ်မှုထမ်း ဥပဒေတွေနဲ့ ဆက်စပ်နေတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီအဖို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းခြင်းဟာ သူ့အတွက် စစ်သားစုဆောင်းဖို့ အရေးတကြီး လိုအပ်ချက်အတွက် လူအင်အားရရှိဖို့ ရည်ရွယ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ဖြစ်ပြီး ဒီလို ဥပဒေကို အသက်သွင်းပြီး စုဆောင်းမယ်လို့ ကြေညာလိုက်တဲ့ အကျိုးဆက်တချို့ကတော့ စစ်ကောင်စီကိုယ်၌က မျှော်လင့်မထားတဲ့ အကြောင်းအချင်းအရာတွေ ဖြစ်ပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်သလို အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလည်း ၄င်းတို့ရဲ့ ရှိနှင့်ပြီးသား စစ်မှုထမ်းအမိန့်တွေကို ပြန်လည်နှိုးဆော်လာကြတာတွေ တွေ့နေရတာ ဖြစ်ပါတယ်။ အများစုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ PDF အဖွဲ့တွေကတော့ စစ်ကောင်စီထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီရဲ့ စုဆောင်းမှု ခံရတာနဲ့စာရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲသာ ဝင်မယ်ဆိုပြီး ဆုံးဖြတ်သူတွေကို ကြိုဆိုလက်ခံဖို့ ပြင်ဆင်ထားကြတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ တွေ့ရပါတယ်။ 

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ သူ့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက် အကျိုးများစေမယ့် အခြေအနေ အကျိုးဆက်ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်ကို စစ်ကောင်စီအနေနဲ့ ကြိုတင်မှန်းဆနိုင်ခဲ့ပုံ မပေါ်ပါဘူး။ ဒီဥပဒေကို အသက်မသွင်းခင် ဖြစ်ပေါ်လာနိုင်ခြေတချို့ကို စစ်ကောင်စီအနေနဲ့ ကြိုတင်တွေးထားကောင်း တွေးထားနိုင်ပေမယ့် အခုလို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအဖို့ တကူးတက စည်းရုံးမှုအားထုတ်စရာ မလိုဘဲ စစ်ကောင်စီရဲ့ တပ်ထဲဝင်တာထက်စာရင် ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့တွေထဲ ဝင်ရောက် အမှုထမ်းတာက ဂုဏ်ရှိတယ်ဆိုတဲ့ အမြင်တွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

နောက်အကျိုးသက်ရောက်မှု တခုကတော့ နိုင်ငံထဲက စစ်မှုထမ်းအသက်အရွယ်နဲ့ အကျုံးဝင်တဲ့ လူငယ်တွေထဲက အချို့က ထိုင်း-မြန်မာ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ကာ ရွှေ့ပြောင်းအလုပ်သမားအဖြစ်နဲ့ အလုပ်သွားလုပ်ဖို့ ကြိုးစားကြတာ၊ ငွေကြေး အနည်းငယ်တတ်နိုင်တဲ့ မိသားစုတွေက သူတွေက တရားဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်ကိုင်ဖို့၊ ပညာရေးဗီဇာနဲ့ နေထိုင်ပြီး အလုပ်ရှာဖို့၊ အချို့သော တပိုင်တနိုင်လုပ်ငန်းငယ်တွေက ထိုင်းနိုင်ငံကို ရွှေ့ပြောင်းပြီး အွန်လိုင်းကတဆင့် ဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်ကြဖို့ စတဲ့ အလွှာအသီးသီးက နည်းလမ်းအသွယ်သွယ်နဲ့ စစ်မှုထမ်း ဥပဒေကို တိမ်းရှောင်ဖို့ ကြိုးစားကြတဲ့ လှုပ်ရှားမှုက အရှိန်အဟုန်နဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အမျိုးသားတွေတင်မက အမျိုးသမီးတွေပါ၊ နိုင်ငံခြား သင်္ဘောသားလုပ်နေသူ၊ ကွန်ပျူတာ အိုင်တီကျွမ်းကျင်သူ၊ ဂရပ်ဖစ်ဒီဇိုင်နာ စသဖြင့် အမျိုးမျိုးသော ကျွမ်းကျင်တဲ့လုပ်သားတွေပါ ပြည်တွင်းမှာ နေထိုင်ဖို့ မဖြစ်နိုင်လောက်အောင် ဒီဥပဒေက သက်ရောက်မှုရှိစေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၁၀ ရက်တာ အထက်က အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နေတာဖြစ်သလို စစ်ကောင်စီ အနေနဲ့ ၄င်းတို့ ထုတ်ပြန်လိုက်တဲ့ အမိန့်က မျှော်လင့်မထားတဲ့ အကျိုးဆက်တွေ သက်ရောက်မှု ရှိနေပြီ ဆိုတာကို အကဲခတ်မိတဲ့ သဘောတွေ့ရပြီး တလကို ဘယ်လောက်အရေအတွက်သာ ခေါ်နိုင်မယ်၊ ဘယ်လို အရည်အချင်း သတ်မှတ်ချက်တွေ ရှိတယ်။ အမျိုးသမီးတွေကို လောလောဆယ်မှာ ခေါ်ဖို့အစီအစဥ်မရှိသေးတဲ့ အကြောင်း စသဖြင့် ပြန်လည် ဖြေရှင်းပြီး လူငယ်တွေ ပြည်ပ ထွက်ခွာကုန်တာမျိုး မဖြစ်အောင် ကြိုးစားနေတဲ့ သဘောလို့ သုံးသပ်ရပါတယ်။ 

ဥပဒေ ထုတ်ပြန်ပြီး ၁ ပတ် ၁၀ ရက်အတွင်းမှာကိုပဲ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထံ ဆက်သွယ်စုံစမ်းမှုတွေ၊ လူကိုယ်တိုင် လာရောက်ဆက်သွယ်တာတွေ၊ ထွက်ပြေးခိုလှုံလာတာတွေ နဲ့ စတင်ရှိနေပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ 

ဒီဥပဒေ အသက်သွင်းခြင်းဟာ စစ်ကောင်စီ အနေနဲ့ ပြည်တွင်းစစ်မီးကို ပိုမိုအရှိန်နဲ့ တောက်လောင်ဖို့ ထပ်မံ တွန်းပို့လိုက်သလိုဖြစ်စေပြီး စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်ပေးမယ့် သူတွေရဖို့ စည်းရုံးစဥ်မှာပဲ ၄င်းတို့ကို တိုက်ခိုက်ဖြုတ်ချမယ့် လက်နက်ကိုင်တပ်တွေကို ပိုမိုအင်အားတောင့်တင်းအောင် လုပ်ဆာင်သလို ဖြစ်စေခဲ့ပြီ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar