Breaking News

အန်ကယ် တူမီး - သေနတ်လုပ်ငန်း စမ်းသပ်အောင်မြင်


အန်ကယ် တူမီး - သေနတ်လုပ်ငန်း စမ်းသပ်အောင်မြင်

(မိုးမခ) ဧပြီ ၄၊ ၂၀၂၂



နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝမှာရှိတယ်။

အရေးတော်ပုံ အမြန်အောင်ဖို့ ကျုပ်တို့ကို သေနတ်ပေးပါ။ ကျုပ်တို့က အသက်ပေးမယ်။

မင်းတို့က ငါတို့နဲ့ တန်းတူဆွေးနွေးရအောင် မင်းတို့မှာ ငါတို့လို သေနတ်ရှိလို့လား။

စတဲ့ အသံတွေ ခုတလော ကြားနေရပါတယ်။ နေ့စဉ်နဲ့ အမျှ သေနတ်သံတွေ ကြားနေရပါတယ်။ ရပ်ကွက်ထဲမှာ၊ သတင်းတွေမှာ၊ လူမှုကွန်ရက် ( facebook) ပေါ်မှာ။

အဲဒီလိုခေတ်ကာလကြီးထဲမှာ ကျနော်ကတော့ သရက်သီးသနပ် စမ်းသပ်လုပ်ကြည့်တာ အောင်မြင်တဲ့ အကြောင်း သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ ရဲဘော်တွေကို ဝမ်းသာအားရပြောချင်ပါတယ်။ ဒီစမ်းသပ်မှုဟာ ကျွန်တော့်အတွက်တော့ PDF တွေ လောင်ချာစမ်းသပ် တီထွင်သလောက်၊ ရုရှားတွေ တိုက်ချင်းပစ် ဒုံးတွေ စမ်းသပ်သလောက်၊  မြောက်ကိုရီးယား တာဝေးပစ်ဒုံးတွေ စမ်းသပ်သလောက် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ကာလ နဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ဝင်ငွေမရှိ၊ စုထားဆောင်းထားတဲ့ ရွှေတိ ရွှေစကလေး ထုတ်ရောင်းလိုက်တာ ပြောင်ပြီလေ။ သူငယ်ချင်းတွေ ၊ ရဲဘော်တွေ မိတ်ဆွေတွေ မျှဝေတာကလေးကို ဆေးဖိုးနဲ့ ထမင်းဖိုး ဘတ်ဂျက်မှာ အနိုင်နိုင် သုံးနေရ။ အိမ်ရဲ့ မီးဖိုချောင်ဝန်ကြီးချုပ် သမီးကြီးးကလည်း ဘတ်ဂျက် အခြေအနေကို ထမင်းဝိုင်းမှာ နေ့တိုင်း ကြေညာနေတော့ နေထိုင်မှုပုံစံ ( living style) 

ပုံစံပြောင်းမှ ဖြစ်တော့မယ်လို့ အားလုံး သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။ 

အဲဒီမှာ အခုလို သရက်သီးသနပ် ပရောဂျက် ကိုရေးဆွဲအကောင်အထည်ဖော်လိုက်ကြတာပါ။ 

သရက်သီးသနပ်လုပ်နည်းကို  ကိုအောင်ညွန့် (မီးမောင်း) က သင်ပေးတယ်။ ပစ္စည်းတွေလည်း သူ့ပိုက်ဆံနဲ့ စိုက်ပြီးလိုက်ဝယ်ပေးတယ်။ သူ ကျွမ်းကျင်တဲ့ မဆာလာ အကြောင်းလည်း ပြောပြတယ်။ ဒါက ငါးဟင်းချက်တဲ့ မဆာလာ၊ ဒါက အမဲသားချက်တဲ့ မဆလာ၊ ဒါက ဒံပေါက် ချက်တဲ့ မဆလာ၊ စသဖြင့် သူ တဖက်ကမ်းခတ်တတ်တဲ့ မဆလာ သင်တန်းပို့ချတယ်။ လက်တွေ့ လုပ်ကြည့်တော့လည်းအောင်မြင်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ထမင်းဝိုင်းမှာ သရက်သီးသနပ် ဆိုတဲ့ မဇ္ဇျိမ ဟင်းလျာ တမျိုးတိုးလာတယ်။  ကြက်ကောင်လုံး ကင်နေရာမှာ ကြက်ဥပြုတ်ကို အစားထိုး၊ ငါးသံပရာပေါင်းနေရာမှာ သံပရာရည်စမ်းထားတဲ့ ငပိရည်ကို အစားထိုး၊ အစိမ်းကြော်နေရာမှာ ခြံစည်းရိုးမှာ ပေါက်နေတဲ့ အရွက်ကြော်တွေ အစားထိုးထားတဲ့ ကျွန်တော်တို့ရဲ့ နယူးနော်မယ် ထမင်းဝိုင်းကလေးမှာ သရက်သီးသေနပ်က ပီအာစနစ်မသုံးဘဲ အခန့်သားနေရာ ရလာတယ်။ 

အခုလို သရက်သီးသနပ်ပရောဂျက် ကလေးအောင်မြင်တော့ မေမေ့ကိုသတိရတယ်။ မေမေက  ကျနော့်ထောင်ဝင်စာတိုင်းမှာ သရက်သီးသနပ်ကို ထည့်ပေးလေ့ရှိတယ်။ အဲဒီ သရက်သီးသနပ်ဟာ အင်းစိန်ထောင် အဆောင် (၃)  မိန်လာချောင်မှာ ညဘက် ထောင်လို့ မိထားတဲ့ ကြွက်နဲ့ ရောချက်ရင် ကျနော်တို့ အုပ်စုအတွက် ဟင်းကောင်းတခွက် ဖြစ်ခဲ့တယ်လေ။

နောက်ပြီး ထောင်ပုံစံ ပဲဟင်းရည်ကြဲနဲ့ လိုက်ဖက်ပြီး ထပ်တိုးတန်ဖိုးဖြစ်စေခဲ့တယ်။

အခုတလော ထောင်ထဲမှာ နိုင်ငံရေးသမားတွေ ကို ဖိနှိပ်နေတယ်။ ထောင်ဝင်စာ မှန်မှန်မရဘူး စတဲ့ သတင်းတွေ ပြန့်နေတယ်။ တချို့ဆို ထောင်ဝင်စာ မလာနိုင်ကြဘူးတဲ့။ အဲဒီလိုအခြေအနေတွေမှာ ကျွန်တော် စမ်းသပ်အောင်မြင်ထားတဲ့ သရက်သီးသနပ်ကလေးတွေ သူတို့ဆီပို့ချင်စိတ် ဖြစ်လာတယ်။ 

ကိုယ်က သူတို့ကို သေနတ်မပေးနိုင်ပေမယ့် သရက်သီးသနပ်ကလေးတော့ ပေးချင်တယ်။ ကျွန်တော့်သရက်သီးသနပ်ကလေးဟာ စစ်ရှောင်ဒုက္ခသည်တွေ၊ နိုင်ကျဉ်းတွေ ၊ PDF တွေဆီ ရောက်သွားရင်ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိတယ်။ သေနတ် ကုမ္ပဏီကြီး ထောင်ချင်တယ်။

နောက်ပြီး ပြောချင်ပါသေးတယ်။ ရုရှားသမ္မတကြီး ဦးပူတင်က ဒုံးသေနတ်၊ အမြောက်သေနတ်တွေ အားကိုးပြီး ယူကရိန်းကို ကျူးကျော်လိုက်တာ ခုတော့ အရှုံးကြီးရှုံးနေပြီ။ ကျွန်တော်ကတော့ သရက်သီးသနပ်ကလေး အားကိုးပြီး ဓမ္မဘက်တော်သားတွေကို မျှဝေနိုင်ရင် ကွန်တော်တို့အားလုံး   မေတ္တာတွေ စေတနာတွေနဲ့အတူ အောင်ပွဲခံနိုင်မယ်လို့ အိပ်မက်မက်တယ်။ 

ဒီဆောင်းပါးဟာ ကျနော် ကိုဗစ်နာလန်ထပြီး ပထမဆုံးရေးတဲ့ ဆောင်းပါးဖြစ်ပါတယ်။ 

သားရေကြိုး တင်းအောင်ကိုင်၊ တို့ ဘာတို့ မပါအောင် သတိထားရေးသားထားတာဖြစ်ပါတယ်။ 

ကြောက်လို့ပါနော်။ အဟိ။

အန်ကယ် တူမီး



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar