မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၂
ဧပြီလ ၂၂ ရက် - ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လား
ယခုနှစ်ဆန်းပိုင်းစလို့ အာဏသိမ်းစစ်ကောင်စီ ယခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ ဝါဒဖြန့်ချိရေးအနေနဲ့ ပြောနေခဲ့ပြီး အခု တဖန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က မိန့်ခွန်းထဲမှာ စတင်ပြောဆိုလိုက်ပြီး နောက် PDF ကို ဖယ်ထုတ်ကာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ကြားစာပို့မယ်လို့ ကြေညာလိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ် ဆွေးနွေးမယ်၊ နောက်ပိုင်း အသေးစိတ်ကိစ္စတွေကို အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးကြမယ်လို့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီး တနှစ်အကြာမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ နိုင်ငံရဲ့ နေရာအနှံ့အပြား ကျယ်ပြန့်စွာဖြစ်ပွားလာချိန် စစ်ပွဲအသွင်သဏ္ဌာန်သာမကပဲ လုပ်ကြံသတ်ဖြတ်မှု၊ ဗုံးခွဲတိုက်ခိုက်မှု စတဲ့ အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားလာချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ စစ်ကောင်စီဘက်က ကမ်းလှမ်းလာတာဟာ မဟာဗျူဟာအရ ငြိမ်းချမ်းရေးဆွေးနွေးလိုတာထက် ပရိယာယ်အရ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ အများစုက အကဲဖြတ်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အန်အယ်လ်ဒီအစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အသိအမှတ်မပြုဘူးဆိုပြီး ဖယ်ထားခဲ့တဲ့ AA/ULA ၊ TNLA နဲ့ MNDAA လိုမျိုးကို ယခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အသိအမှတ်ပြုလာတာဟာလည်း စစ်တပ်ရဲ့ ရှေ့နောက်မညီတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေဖြစ်ပြီး ပရိယာယ်အရ ရန်သူများလာတဲ့အခါမျိုးမှာ၊ တခြားဦးစားပေးတိုက်ရမယ့် ရန်သူကို ရင်ဆိုင်လာရတဲ့အခါ အရင်က ဆွေးနွေးဘက်လို့ သဘောမထားခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဆွေးနွေးမယ်လို့ ဆိုလာတဲ့ သဘောလို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
တကယ်တော့ ၂၀၂၁ ခုနှစ်လယ်ပိုင်းကစလို့ ယခုအချိန်ထိ စစ်ဘေးရှောင်ဒုက္ခသည် စံချိန်တင်တိုးမြင့်ခဲ့သလို စစ်ပွဲအတွင်း နှစ်ဘက် သေဆုံးသူ အရေအတွက်၊ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး အရပ်သားတွေထိခိုက် သေဆုံးရမှု၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်နွှယ်ကာ အရပ်သားတွေ ဖမ်းဆီးကာ အသက်သေဆုံးသည်အထိ ညှဉ်းပန်းစစ်ဆေးမှု၊ သတ်ဖြတ်မှုတွေ စံချိန်တင်လောက်အောင် မြင့်တက်လာနေတာ ဖြစ်ပါတယ်။
ဒီလို ပဋိပက္ခအရှိန်မြင့်လာနေချိန်မှာ ဖက်ဒရယ်အရေး ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ် ဆိုတာဟာ စစ်မျက်နှာအားလုံး တပြိုင်တည်း ဖွင့်နေရတဲ့ အနေအထားမှာ စစ်ရေးထွက်ပေါက်ရှာတဲ့သဘောလို့ ယူဆရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ တွဲဖက် လှုပ်ရှားနေတဲ့ ဒေသအလိုက် PDF တွေကို တိုက်ခိုက်ဖို့ လက်နက်မရအောင် လက်နက်အကူအညီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ အသုံးပြုခွင့်တွေကို ပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အပေးအယူလုပ်ဖို့ ကြိုးစားတဲ့ ဗျူဟာလို့သာ နားလည်အကဲဖြတ်ကြတာ ဖြစ်ပါတယ်။
စစ်တပ်က တိုက်ခိုက်ရေး၊ စစ်ရေး မဟာဗျူဟာ၊ နည်းဗျူဟာကို စဥ်းစားတဲ့အခါ အခုအခြေအနေဟာ ၁၉၈၈ စစ်အာဏာသိမ်းပြီး အခြေအနေထက် စစ်တပ်အဖို့ ရန်သူအရေအတွက် ပိုများများနဲ့ စစ်မျက်နှာများများနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေလို့ ယူဆရပါတယ်။ ၈၈ စစ်အာဏာသိမ်းပြီးနောက်မှာ အထူးဒေသတွေ နာမည်ပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ် သဘောတူညီချက်တွေ တခုပြီးတခုလုပ်ကာ အဓိက ခုခံတိုက်ခိုက်နေတဲ့ အာဏာသိမ်းပြီး အသစ်ပေါ်လာတဲ့ စင်ပြိုင်အစိုးရနဲ့ ကျောင်းသားတပ်ကို နေရာပေးထားတဲ့ KNU ကို တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။
အခုလည်း နိုင်ငံအဝှမ်း တိုင်းရင်းသား ဒေသအခြေပြု PDF အဖွဲ့သစ်တွေ၊ မြို့နာမည်နဲ့ ဒေသနာမည် အခြေပြု PDF လက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာပြီး မြို့ပေါ်ရော ကျေးလက်တွေမှာပါ စစ်တပ်ကို အင်အားအကုန်သုံးပြီး ဖြန့်ချထားတဲ့ အခြေအနေကနေ ထွက်ပေါက်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဆိုတာကို လုပ်ဆောင်တာလို့ ယေဘုယျအားဖြင့် ကောက်ချက်ချရမှာသာဖြစ်ပါတယ်။
တကယ်တော့ စစ်အာဏာသိမ်းမှုက နိုင်ငံရေးပြဿနာသစ်ကို မွေးထုတ်လိုက်ပြီး အဲဒီပြဿနာကြောင့် လက်နက်ကိုင်အဖွဲ့သစ်တွေ ထပ်မံပေါ်ထွက်လာတာ ဖြစ်လို့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ကသာ မြန်မာနိုင်ငံရေးအကျပ်အတည်းရဲ့ အဓိကအဖြေ ဖြစ်ပါတယ်။
PDF နဲ့ EAOs လို့ အမျိုးအစားခွဲခြား သတ်မှတ်ခြင်းဟာ နိုင်ငံရေးအရ ကိုယ့်ရဲ့ ရန်ဘက်တွေကို အင်အားနည်းအောင် အုပ်စုခွဲသတ်မှတ်ခြင်းသာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar