မြူမှုန် - လှည့်ကွက်
မြူမှုန်
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၂
အဲ့ဒီ့နေ့ကတနင်္ဂနွေတရက်ပါ။ ကျွန်တော်အိပ်ရာထဲမှာအိပ်တဝက်နိုးတဝက်ရှိနေတဲ့အချိန်ပေါ့။ ပတ်ဝန်းကျင်တခုလုံးရဲကားသံတွေနဲ့ ဆူညံနေတယ်။ စိတ်ထဲကနေ ဆဲရေးမိလိုက်သေးတယ်ထင်တယ်။ ခဏနေတော့ ကျွန်တော့နာမည်ကိုအော်ခေါ်ရင်း ခပ်ပြင်းပြင်းတံခါးခေါက်သံတခုကြားလိုက်(ရ)တယ်။ တချိန်ထဲမှာပဲ ကျွန်တော်နဲ့အတူနေချစ်သူက မနက်စာပြင်ဆင်ရာကနေ အခန်းထဲပျာယီးပျာယာ ဝင်လာတယ်။ ဒုက္ခပဲလို့ရေရွတ်ပြီး ကျွန်တော့ကိုဘာပြစ်မှုတွေလုပ်ထားလဲလို့မေးတယ်။ ကျွန်တော်ဘာအပြစ်မှမလုပ်ထားပါဘူးလို့ပြန်ပြောရင်း အိပ်မှုန်စုံမွှားနဲ့တံခါးထဖွင့်ပေးလိုက်တယ်။ ချက်ချင်းပဲရဲတွေက ကျွန်တော့ကိုတရားရုံးလိုက်ခဲ့ဖို့ပြောတယ်။ ဘာအပြစ်ရှိလို့ကျုပ်ကလိုက်ရမှာတုန်းလို့ဆိုတော့ သတင်းစာတစောင်ကမ်းပေးတယ်။ စကားပြောတတ်တဲ့ခိုတကောင်က ကျွန်တော့ကိုတရားဆွဲထားတဲ့အကြောင်း ပထမစာမျက်နှာမှာတင်တွေ့လိုက်ရတယ်။ ခိုဟာသူ့ကိုသေအောင်လုပ်ကြံပါတယ်ဆိုပြီး မြို့နယ်တရားရုံးမှာ ကျွန်တော့ကိုအမှုဖွင့်ထားတယ်ဆိုပဲ။ နေပါအုံး။ ဒီခိုကိုကျွန်တော်တနေရာမှာသေချာတွေ့ဖူးသလိုပဲ။ အော်ဟုတ်ပြီ။ ကောင်ပဲ။ ဒီကောင့်ကိုကျွန်တော်အလုပ်ကအပြန် ပန်းခြံထဲမှာကော်ဖီသောက်ရင်းတွေ့ခဲ့တာ။ အဲ့ဒီ့တုန်းက သူသီချင်းဆိုနေတာပါ။ သူ့ရဲ့အရှေ့မှာခွက်တလုံးချလို့ပေါ့။ ခိုတကောင်သီချင်းဆိုတယ်ဆိုတော့ ကျွန်တော်အပါအဝင် လူအားလုံးနီးပါးဟာ စိတ်ဝင်စားကြတယ်။ သူကလဲ သရုပ်ဆောင်အတော်ကောင်းသား။ သီချင်းဆိုနေရင်း တောင်ပံတွေကိုဖြန့်၊ မြေပြန်ပေါ်ရှပ်ပျံလေးပျံလိုက်၊ အမြင့်ကြီးကိုပျံလိုက်နဲ့ပတ်ဆိုနေတာ။ လူတွေအသိအမှတ်ပြုတဲ့အတွက် ပိုက်ဆံတွေကလည်း သူ့ခွက်ထဲမှာအပုံလိုက်။ ကျွန်တော်တောင်ကော်ဖီဝယ်ပြီးပိုတဲ့အကြွေကို သူ့ခွက်ထဲထည့်လိုက်သေးတာ။ ဘာ့ကြောင့်ဒီကောင်ကျွန်တော့်ကိုတရားစွဲမှန်းကျွန်တော်နားမလည်ဘူး။ ဘာပဲဖြစ်ဖြစ်အကြောင်းစုံသိရဖို့အတွက် လိုက်သွားရမှာပဲ။ မနေ့ညကချွတ်ထားတဲ့ဘောင်းဘီကိုပဲကောက်စွပ်ပြီး ကျွန်တော်လိုက်သွားလိုက်တယ်။ တရားရုံးရောက်တော့ လူဆိုမှလူပဲ။ စကားပြောတတ်တဲ့ခိုကတရားဆွဲတာဆိုတော့ အတော်စိတ်ဝင်စားကြပုံပဲ။ လူအုပ်ကြီးတွေကပုရွတ်ဆိတ်တွေလို ပြွတ်ခဲနေတယ်။ ရုံးတော်ထဲရောက်တော့ခိုကအဆင့်သင့်စောင့်နေတယ်။ ကျွန်တော့ကိုလဲမြင်ရော သူပေါ့သူပေါ့ဆိုပြီး လှမ်းအော်လိုက်သေးတာ။ တော်တော်ဆိုးတဲ့ခိုပဲ။ တရားသူကြီးကသူ့ကိုပထမအကြိမ် စပြောခိုင်းတယ်။ သူကသာပြောလို့ပြီးသွားတယ်။ ပြောတာကလည်း တောရောက်တောင်ရောက်တွေ။ တရားသူကြီးအပါအဝင် ကျွန်တော်တို့တွေ သူဘာပြောမှန်း၊ ဘာကိုဆိုလိုချင်မှန်း မသိလိုက်ကြဘူး။ အဲ့ဒါကြောင့်နောက်တခေါက်ပြန်ပြောဖို့တောင်းဆိုလိုက်တယ်။ သူပါးစပ်ဟလိုက်တဲ့အချိန်မှာပဲ (တီး)ဆိုတဲ့အော်သံနဲ့အတူ ခုံပေါ်မှာဘုတ်ခနဲလဲသွားပါလေရော။ လူအုပ်ကြီးတခုလုံးကလဲ ဟင် ခနဲ....ဟာခနဲ။
ကျွန်တော်သေချာသွားကြည့်လိုက်တော့ ဒီကောင့်ပါးစပ်ထဲမှ ာစပလိန်တခု၊ ဗိုက်အောက်မှာက ဘတ်ထရီအသေးတလုံးကိုတွေ့လိုက်တယ်။ တရားသူကြီးရဲ့မျက်နှာကလည်း နီမြန်းနေပြီ။ အဲ့လိုးရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာပဲ လူတစုရုံးတော်ထဲဝင်လာတယ်။ ဘယ်သူများမှတ်တယ်။ သိပ္ပံဌာနကအကြီးအကဲပဲ။ သူ့ရင်ဘတ်မှာထိုးထားတဲ့ရင်ထိုးကိုကြည့်ပြီး ကျွန်တော်သိလိုက်တာပါ။
သူကတော့တရားသူကြီးဆီသွားပြီး တီးတိုးစကားဆိုတယ်။ သူ့တပည့်တွေကတော့ ခိုကိုသူတို့ပုံးထဲသေချာထည့်နေတယ်။ ပြီးတော့ သိပ္ပံဌာနအကြီးအကဲကလူထုဖက်လှည့်ပြီး အကြောင်းစုံရှင်းပြတော့တယ်။ အဲ့ဒီ့ခိုဟာ သူတို့ဖန်တီးထားတာဖြစ်ကြောင်း။ အကြောင်းအရင်းက အစိုးရကဌာနအတွက် ငွေအလုံ အလောက်မပေးတာကြောင့်တဲ့။ ရန်ပုံငွေရှာတဲ့သဘောပေါ့လေ။ ကျွန်တော်ကကြားထဲက အသုံးချခံဖြစ်သွားတာပါ ။အဲ့ဒီ့အတွက်လဲ မနစ်နာစေရပါဘူးတဲ့။ လူတွေလဲ အစိုးရကိုတမျိုး၊ သိပ္ပံဌာနကိုတမျိုး အပြစ်တင်ကြပြီး တစုပြီးတစု ပြန်ကုန်ကြပြီ။ ပြီးတော့ အကြီးအကဲက ကျွန်တော့်နားရောက်လာပြီး မင်းစောစောစီးစီးထလိုက်ရတဲ့အတွက် ပင်ပန်းနေမှာပဲတဲ့။ အားဆေးလေးတလုံးထိုးသွားပါအုန်းလို့ပြောတယ်။ ကျွန်တော်လဲ အားနာတာနဲ့သူတို့ထိုးပေးတဲ့အားဆေးကို ကြည်ကြည်ဖြူဖြူနဲ့လက်ခံပြီး ထိုးလိုက်ပါတယ်။
အိမ်ပြန်ရောက်တော့ ကောင်မလေးက တံခါးဝကနေ`တော်သေးတာပေါ့...ရှင်ရယ်'ဆိုပြီးစီးပြောတယ်။ ဒါဇင်နဲ့ချီတဲ့တခြားအကြောင်းတွေလဲပြောပါသေးတယ်။ အဲ့ဒီအချိန်က ကျွန်တော့ခေါင်းထဲမှာငြီးစီစီဖြစ်နေတဲ့အတွက် သူဘာပြောမှန်းမမှတ်မိတော့ဘူး။ ရေချိုးပြီးတရေးအိပ်လိုက်တယ်။ အိပ်ရာကနိုးတော့ သူကျွန်တော့ဘေးကနေပြုံးပြီးကြည့်နေတယ်။ ကျွန်တော့ပါးကိုတချက်နမ်းပြီး`ရှင်ကျွန်မကိုထားမသွားရဘူးနော်' တဲ့။ သူမခေါင်းလေးကိုအသာအယာပွတ်ပေးရင်း`အေးပါကွာ' လို့ပြန်ပြောလိုက်တယ်။ ပြီးတော့ကျွန်တော့လက်ကိုဆွဲပြီးထမင်းစားပွဲကိုခေါ်သွားတယ်။ ရှင့်အတွက်ကျွန်မဟင်းတွေချက်ထားတယ်။ ဒီအသားဟင်းကိုတော့ ဘာသားလဲမမေးပဲ ရှင်စားကြည့်လိုက်စမ်းပါတဲ့။ သူ့ပြောပုံကိုကျွန်တော်ကိုစိန်ခေါ်နေသလို။ စားကြည့်တော့အသားက တော်တော်အရသာရှိတယ်။ စားဖူးသမျှအသားတွေထဲမှာတော့အရသာအရှိဆုံးပဲ။ ပြီးတော့ အဲ့ဒီ့ညကသူနဲ့ကျွန်တော်ရုပ်ရှင်တကားကြည့်ဖြစ်တယ်။ All The Bright Places ဆိုတဲ့ဇာတ်ကားပါ။ မင်းသားသေသွားတဲ့အခန်းမှာ သူမဟာငိုတော့တာပဲ။ ကျွန်တော့်ကိုသေချာအကျအနဖက်ပြီးတော့ပေါ့။ သူ့ကျောပြင်ကိုပွတ်ပေးရင်း နှစ်ယောက်စလုံးအိပ်ပျော်သွားကြတယ်။
ရုံးသွားရမှာမို့စောစောထရမယ်ဆိုတဲ့အတွေးက မအိပ်ခင်နောက်ဆုံးတွေးလိုက်တာဖြစ်မယ်။ မျှော်လင့်ထားတဲ့အတိုင်းစောစောနိုးပါတယ်။ အိပ်ရာကနိုးပေမဲ့မထသေးပဲ တနေ့တာအကြောင်းစဉ်းစားတာဟာ ကျွန်တော့ရဲ့အကျင့်ပဲ။ ကျွန်တော်ဟာ ကျွန်တော်ဖြစ်ကြောင်းသက်သေပြဖို့ ဦးနှောက်ကသူ့အလုပ်ကိုသူလုပ်ပါတယ်။ ပြီးတော့မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ပြီး ကောင်မလေးရှိတဲ့ဘက်ကိုလှည့်ကြည့်လိုက်တယ်။ ဘယ့်နဲ့။ စောစော စီးစီး။ ခိုတကောင်အိပ်ရာဘေးလားပြီး ကျွန်တော့ကိုစိုက်ကြည့်နေတယ်။ ကျွန်တော်မောင်းထုတ်ကြည့်တယ်။ လှုပ်တောင်မလှုပ်ဘူး။ နားမလည်တဲ့ပုံစံနဲ့ကျွန်တော့ကိုသေချာကြည့်နေတယ်။ ပြီးတော့ ကျွန်တော့ကိုပြောတယ်`ရှင်ဘာဖြစ်နေတာလဲ' တဲ့။ နေစမ်းပါအုံး။ ဒီအသံကကျွန်တော့ကောင်မလေးအသံပဲ။ ဒါပေမယ့်ကျွန်တော့အရှေ့ကခိုက အဲ့ဒါကိုပြောနေတာ။ ပြီးတော့ ကျွန်တော့မျက်လုံးတွေ။ ကျွန်တော်တို့နှစ်ယောက်နေတဲ့အခန်းက အဖြူရောင်သုတ်ထားတာ။ အခုကျွန်တော့မျက်လုံးထဲမှာတော့ ဘာမှန်းမသိတဲ့အရောင်တခုကိုမြင်နေရတယ်။ ပြီးတော့ အခန်းထောင့်မှာချိတ်ထားတဲ့ပန်ချီကားကအနီရောင်ခပ်ဖျော့ဖျော့နဲ့ဆွဲထားတာ။ အခုတော့အဲ့ပန်ချီးကားရဲ့အရောင်က အတော်နီရဲနေတယ်။ ခေါင်းရှုပ်လာတာနဲ့အောက်ကိုငုံ့ကြည့်လိုက်တော့ အရောင်တောက်တဲ့ခြေချောင်းသုံးချောင်းကိုတွေ့ရတယ်။ ဘာကြောင့်ကျွန်တော်တို့ပြောင်းလဲသွားတာလဲနာမလည်ဘူး။ သေချာတာကတော့ အခုကျွန်တော်တို့နှစ်ယောက်ခိုတွေဖြစ်နေတယ်ဆိုတာပဲ။ ပြီးတော့ ကျွန်တော့ခေါင်းထဲမှာပထမဆုံးပေါ်လာတဲ့အတွေးက ခွက်တယောက်တလုံးရှာပြီး လူစီကားတဲ့နေရာတွေမှာဖျော်ဖြေရမယ်ဆိုတာပါပဲ။
မြူမှုန်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar