မျိုးသန့်ထွန်း(စစ်ကိုင်း) - "သခင်နုနှင့် သခင်ဗဟိန်းတို့ ရေးတဲ့ ကလေးများအတွက်စာ"
မျိုးသန့်ထွန်း(စစ်ကိုင်း) - "သခင်နုနှင့် သခင်ဗဟိန်းတို့ ရေးတဲ့ ကလေးများအတွက်စာ"
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၂
အင်္ဂလန်ပြည်မှာ ၁၆ ရာစုနှစ်ထဲက ကလေးစာပေ ထွန်းကားခဲ့ပါတယ်။ မြန်မာမှာတော့ ၁၉၃၃ ခုက ပုံပြင်များပြောတာကနေ စခဲ့ကြတယ်လို့ သိရတယ်။
ရှေးက သတင်းစာ အထဲမှာ ကလေးတွေဖတ်ဖို့ ပုံပြင်ဝတ္ထုများ ထည့်ပေးလေ့ရှိခဲ့ပါတယ်။
ထိုသတင်းစာဟာ ဦးအုန်းခင် ထူထောင်တဲ့ ဗမာ့ခေတ်သတင်းစာ ဖြစ်ပါတယ်။ ထိုသတင်းစာမှာ တနင်္ဂနွေတစ်ပတ် တစ်ကြိမ်ကျ ကလေးများအတွက် ပုံပြင်ဝတ္ထုများ ထည့်သွင်းဖော်လေ့ရှိပါတယ်။ ဒီအတွက် သခင်နုနှင့်သခင်ဗဟိန်းတို့က ဝမ်းသာစွာ ကြိုဆိုခဲ့ကြပါတယ်။ ဒါတွင်မက သတင်းစာမှာ ကလေးများဖတ်အဖို့ ဘယ်ပုံပြင်ဝတ္ထုများ ထည့်သွင်းဖို့ အကြံပေးတဲ့ ဆောင်းပါးတစ်ပုဒ်တောင် ရေးခဲ့ပါသေးတယ်။ ဗမာ့ခေတ်သတင်းစာမှာ ကလေးများအဖို့ ပုံပြင်ဝတ္ထုများအကြောင်း ဆောင်းပါးတစ်ပုဒ်ကို သခင်နုနဲ့ သခင်ဗဟိန်းတို့က ပေါင်းရေးခဲ့ပါတယ်။ ရေးတဲ့အချိန်က ဂျပန်ခေတ်ပါ။ ပါတဲ့ သတင်းစာက ဗမာ့ခေတ်သတင်းစာ (၁၉-၉-၁၉၄၃) နေ့ကသတင်းစာ ဖြစ်ပါတယ်။
ဂျပန်ခေတ်က သခင်နုနှင့် သခင်ဗဟိန်းတို့ဟာ တိုင်းပြည်အတွက် အတူတကွ အလုပ်လုပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
၁၉၄၃ သြဂုတ် ၁ ရက် မှာ ဗမာပြည်ကို ဂျပန်က လွတ်လပ်ရေးပေးတယ်။ ရွှေရည်စိမ်လွတ်လပ်ရေးပေါ့။ ဒီနောက် အစိုးရဖွဲ့တယ်။ ထိုအစိုးရအထဲမှာ နိုင်ငံတော်အဓိပတိက ဒေါက်တာဘမော် ဖြစ်တယ်။ သခင်နုက နိုင်ငံခြားရေးဌာနမှာ ဝန်ကြီးဖြစ်တယ်။ ထိုနိုင်ငံခြားရေးဝန်ကြီး သခင်နုရဲ့ ပီအေ(သခင်နု)ရဲ့ ကိုယ်အရေးအရာရှိ)လုပ်ခဲ့ပါတယ်။
စာတော်တော်များများမှာ သခင်နုနဲ့ သခင်ဗဟိန်း တွဲဖက်ရေးတာ တွေ့ရခဲပါတယ်။ ဒါပေမဲ့ ဗမာ့ခေတ်သတင်းစာ(၁၉-၉-၁၉၄၃) မှာတော့ သူတို့နှစ်ဦး တွဲဖက်ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်ကို တွေ့ရပါတယ်။ ခေါင်းစဥ်က "စာဆိုး စာညံ့တို့၏ ဘေးမှကယ်ဆယ်ရေး ကလေးများအဖို့ ပုံပြင်ဝတ္ထုများ"ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ သတင်းစာမှာ ကလေးတွေ ဖတ်ဖို့ ပုံပြင်ဝတ္ထုတွေ ဖော်ပြခြင်းဟာ ခေတ်သစ်ရဲ့တိုးတတ်ခြင်းတရပ် လို သူတို့နှစ်ဦးက ဆိုပါတယ်။
ထိုထဲမှာ ကလေးများ စိတ်ဝင်စားတဲ့ ပုံဝတ္ထုများ ဖတ်ရင်း သတင်းစာဖတ်တဲ့ အလေ့အထရသွားပါလိမ်မယ်။ ဒါကြောင့် ကျွဲကူး ရေပါဆိုသလိုပါပဲ။ ကလေးများ သတင်းစာဖတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ဖန်တီးပေးရာလည်း ရောက်ပါတယ်လို့ သခင်နုနဲ့ သဗဟိန်းတို့က ရေးပါတယ်။
သူတို့နှစ်ဦးအမြင်က ဒီလိုလုပ်ပေးခြင်းဟာ စာကောင်းပေကောင်းတွေကို ကလေးတွေ ဖတ်သွားနိုင်တာရယ်။စာညံ့ ပေညံ့များ ဖတ်ဖို့ အချိန်မရနိုင်ဘူးလို့ ဆိုပါတယ်။ ထိုအလုပ်ဟာ အ မြတ်ရတဲ့အလုပ်လို့ဆိုပါတယ်။ ထိုဆောင်းပါးမှာ ဗမာကလေးများကို သတ္တိခဲလေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးရမယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးက ဗမာကလေးတွေကို စာဆိုး စာညံ့တို့ ဘေးကနေ ကယ်ဆယ်လိုက်သူတွေရဲ့ သမိုင်းကို ရေးရရင်း... ဆရာမင်းသုဝဏ် နဲ့ အခြားဆရာများအကြောင်း မပါလို့ မပြီးနိုင်ပါတဲ့။ ဆရာမင်းသုဝဏ်ရဲ့ ကလေးကဗျာများ ဟာ မြန်မာ့ ကလေးစာပေသမိုင်းမှာ ချန်ထားခဲ့လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။
ကလေးများရဲ့ စိတ်ဓာတ်ပြုပြင်နည်းလမ်းကောင်းများ ရှိပါတယ်။ ထိုနည်းလမ်းဟာ ကောင်းသောပုံဝတ္ထုများ ဖတ်စေခြင်းပါပဲ။ သူတို့နှစ်ဦးရဲ့ ဆောင်းပါးမှာ....
"ယနေ့ ကလေးဟာ မနက်ဖြန် လူကြီးဖြစ်ရမယ်ဆို စကားရှိပါတယ်။ ယခုအချိန်မှာ ဗမာကလေးတွေဟာ မကြာမီ တိုင်းပြည်ကြီးကို ကြိုးကိုင်မယ့် ဦးဆောင်ရမယ့် လူကြီးတွေ ဖြစ်ကြလာတဲ့အခါ သတ္တိရှိသူများ၊ဇာတိမာန်တက်ကြွသူများ၊ ကိုယ်ကျင့်တရားကောင်းသူများ၊ ကိုယ့်ကိုယ်ကိုယ် ရိုသေသူများ၊ စည်းကမ်းရှိသူများ ဖြစ်ဖို့ လိုပါတယ်။ ထိုသူများကို ငယ်စဥ်က စိတ်ဓာတ်ပြုပြင်လို့ ရတယ်။ သူတို့ကို ကလေးဘဝက ပုံပြင် ဝတ္ထုများ ဖတ်ပေးဖို့ လိုပါတယ်။ ရော်ဘင်ဆန် ကရူးဆိုးတို့၊ ပီတာပင်တို့ စတဲ့ ပုံဝတ္ထုများဖတ်ခြင်းဖြင့် စိတ်ဓာတ်ပြောင်းလဲနိုင်ပါတယ်။ သမ္မာကျမ်းထဲက ပုံပြင်ကလေးတွေကို လူငယ်တိုင်း ဖတ်တဲ့အခါ စိတ်ဓာတ်တက်ကြွစေပါတယ်လို့ ရေးပါတယ်။ သူတို့ရဲ့ ဆောင်းပါးကနေ ဆက်ရေးပါတယ်။
ဗမာ့ရာဇဝင်ထဲက ပုံဝတ္ထုတွေနဲ့ ဗမာ့ပုံတိုပတ်စများထဲမှာ ကလေးတွေရဲ့စိတ်ကို ပြောင်းလဲစေတဲ့ ပုံပြင် ဝတ္ထုတွေအများအပြား ရှိပါတယ်။ ဥပမာ- ဗမာ့ရာဇဝင်မှာ ထင်ရှားခဲ့တဲ့ မင်းရဲကျော်စွာတို့လို တပ်ဦးမှနေ၍ တိုက်ပွဲတိုင်း နိုင်အောင်တိုက်နိုင်ပုံ၊ မဟော်သဓာတို့လို့ ကလေးဘဝက ပညာစွမ်းပြခဲ့ပုံ၊ ဗမာပုံပြင်တွေထဲမှာ ဆိုရင်း မွေးစတွင် ယောက်မ ခုနစ်ကောင်နှင့် စလောင်းဖုံး ခုနစ်ချပ်အပြည့် ထမင်းကို အကုန်းစားပြီး အရွယ်ရောက်လျှင်ရောက်ချင်း ကျားကြီး၊ ဆင်ကြီးတွေကို တစ်ယောက်ချင်း သတ်နိုင်တဲ့ ပုံပြင်မျိုးတွေ ဖော်ပြပေးဖို့လိုပါတယ်။ ဒီလို ပုံဝတ္ထုတွေကို လူကြီးတွေက ဖန်တီးရေးသားပေးကြပါလို့ ဆိုပါတယ်။
ဒီအထဲမှာ ကလေးတွေနှင့် တစ္ဆေသရဲတွေ ကြောက်စရာမဟုတ်၊ ခင်မင်စရာကောင်းတဲ့သတ္တဝါလို့ အမြင်ရှိလာအောင် ရေးသားတဲ့ ပုံပြင် ဝတ္ထုတွေ ဖတ်အဖို့လိုပါတယ်။ ထိုအရာတွေကို ကလေးတွေ ဖတ်နိုင်အောင် ကြိုးစားကြပါ။
သခင်နုနဲ့ သခင်ဗဟိန်းတို့ ရေးတဲ့အထဲမှာ သရဲ၊ တစ္ဆေတွေကို ကလေးတွေ ကြောက်ရွံ့မှုမရှိ မိတ်ဆွေ သူငယ်ချင်းအဖြစ် ဆက်ဆံတတ်အောင် ပုံဝတ္ထုတွေကနေတဆင့် စိတ်ဝင်စားလာအောင် ရေးသားကြပါလို့ ဆိုပါတယ်။
ကလေးတွေကို သရဲ တစ္ဆေတွေကို ချည်မန်းကွင်းတပ်ပြီး ဆိတ်လုပ်၍ အခွေ့ခိုင်းတဲ့ ပုံပြင်မျိုးတွေကို ရေးပေးကြဖို့နဲ့ တစ္ဆေ၊ သရဲ၊ ဘီလူး စတဲ့ သတ္တဝါတွေကို ကလေးများက ဝိုင်းပြီး အရူးလုပ်ခိုင်းတဲ့ ပုံပြင်များ၊ ကြိုးနှင့်တုပ်ပြီး အကခိုင်းလွန်း၍ တစ္ဆေ၊ သရဲများ ထွက်ပြေးသော ပုံပြင်များ ပေါ်ပေါက်လာစေရန် သခင်နုနှင့် သခင်ဗဟိန်းတို့ နှစ်ဦးက တိုက်တွန်းရေးသားပါတယ်။ ဒီပြင် ကလေးများ မိဘဆွေမျိုးတွေနဲ့ အဖော်ကွဲကွာသွားတဲ့အခါ၊ အခက်အခဲများ ကြုံတဲ့အခါ မကြောက်လန့်ဘဲ ကိုယ့်အားကိုယ်ကိုးတတ်အောင် ဦးဆောင်လမ်းပြတဲ့ပုံပြင်၊ ဝတ္ထုတွေကို ရေးသားကြဖို့လိုတယ်လို့ ပြောပါတယ်။
သခင်နုနှင့် သခင်ဗဟိန်းတို့ရဲ့ ဆောင်းပါးအဆုံးမှာ ရှေးက စာတွေအထဲမှာ ယောက်ျားတွေက မိန်းမတွေကို နှိမ်ချထားချင်တဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။ ထိုအချက်ကို သခင်နုနှင့် သခင်ဗဟိန်းတို့က ဝေဖန်ထောက်ပြပါတယ်။ အဲဒီဟာကတော့ မိန်းမတွေကို ရှုတ်ချရေးသားတဲ့ "ကာမသျှတ္တရကျမ်းနှင့် မဃဒေဝလင်္ကာ ပုတ္တောဝါဒကျမ်း" စာအုပ်တို့ကို ထောက်ပြ ဝေဖန်ပါတယ်။ ထိုကျမ်းစာအုပ်တွေ ဖတ်ရှုသူတိုင်းဟာ မိန်းမတွေအပေါ် အထင်သေး အမြင်သေးသွားနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒီလို ဗမာလူမျိုးများ လွဲမှားတဲ့ အယူအဆများ ပပျောက်စေဖို့ လိုပါတယ်။
မြန်မာ့ရာဇဝင်အထဲက ကျမ်းကောင်း ပေကောင်းတွေ ရှိပါတယ်။ တကယ်လို့ မတွေ့ရင်တောင် စာရေးဆရာများက တီထွင် ဖန်တီးရေးပေးကြဖို့ သခင်နုနှင့် သခင်ဗဟိန်းတို့က တိုက်တွန်းကြောင်း ရေးပါတယ်။ လူတိုင်းလေ့လာအဖို့ လိုပါတယ်။ ဒီကျမ်းစာအုပ်တွေသာမက အခြားကျမ်းစာများလည်း ရှိနိုင်ပါတယ်။ ယောက်ျားနဲ့ မိန်းမအပေါ်ထားတဲ့သဘောထားစာအုပ်တွေကို ဆက်လေ့လာတတ်အောင် သူတို့နှစ်ဦးအမြင်က လမ်းညွှန်ပေးလိုက်တယ်လို့ဆိုချင်သပါ့။
ထိုအချိန်က ဂျပန်လက်ထက် တိုင်းပြည်လွတ်လပ်ရေးရရှိအရေးအတွက် သူတို့နှစ်ဦးသား အလုပ်အများဆုံးအချိန် ဖြစ်ပါတယ်။ ဒီလို နေ့မအား ညမနား အချိန်မှာ ဗမာ ကလေးများ ကောင်းစားစေအရေး စဉ်းစားပေးတာလည်း ဖြစ်ပါတယ်။ "ကလေးမကောင်း လူကြီးခေါင်း" ဆိုတဲ့စကား ရှိတယ် မဟုတ်လား။ လူကြီးခေါင်း မဖြစ်အောင် ငယ်စဥ်ကလေးဘဝကတည်းက ပြုပြင်င်ပေးလို့ရပါတယ်။
ဒီဆောင်းပါး အဓိကချက်ဟာ နိုင်ငံမှာ ခေါင်းဆောင်လုပ်မယ့် ကလေးတွေကို နည်းမှန်လမ်းမှန် ညွှန်ပြတဲ့စာဆိုလည်း ပြောနိုင်ပါတယ်။ အခုဆို သမိုင်းမှာ ဗမာ ကလေးတွေ စာဆိုး စာညံ့တို့က ကင်းဝေးစေအရေးမှာ ဆရာမင်းသုဝဏ်နှင့် အခြားဆရာသမားတို့ကို ချန်လှပ်လို့မရသလိုဘဲ သခင်နုနှင့် သခင်ဗဟိန်းတို့ကိုလည်း ချန်လှပ်ထားခဲ့လို့ မရနိုင်တော့ပါ။
ဒါကြောင့် သခင်နုနှင့် သခင်ဗဟိန်းတို့ ဒီဆောင်းပါးဟာ ဗမာကလေးတွေအပေါ် ထားတဲ့ စိတ်ကောင်း စေတနာကောင်းကိုပြသလိုက်ပါတယ်။ သမိုင်းမှာ သူတို့နှစ်ဦး တွဲဖက်ရေးတဲ့ ရှားပါးဆောင်းပါးဖြစ်လို့ တင်ပြလိုက်ရပါတယ်။
စာကိုး ။ ။ (၁) ကလေးစာပေ၊စာပေဗိမာန်။
(၂)၁၉-၉-၁၉၄၃ နေ့ထုတ် ဗမာ့ခေတ် သတင်းစာ။
(၃)စာမော်ကွန်း။(ဇွန် ၁၉၈၅)၊စာ ၁၁-၁၄။
မျိုးသန့်ထွန်း(စစ်ကိုင်း)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar