တာရို - ၂၀၂၂ ဧပြီလ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
တာရို - ၂၀၂၂ ဧပြီလ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
၂၀၂၂ ဧပြီလ မြန်မာပြည်တွင်း နေထိုင်သော မြန်မာပြည်သူပြည်သားများအတွက်ကိုသာ ရည်ရွယ်ပြီး တားရော့ကဒ်တွေ ချကြည့်ပါတယ်။ General Reading ဖြစ်လို့ သိပ်ကြီးလည်း Serious ယူစရာမလိုပါ။ ဒါ့အပြင် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သော မြန်မာပြည်သူများရဲ့ ယုံကြည်မှုကြောင့် မကောင်းသော ကံများကလည်း ကောင်းသော ကံများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အပြန်အလှန်လည်း ဖြစ်နိုင်တာကြောင့် ဘုရားတရား မမေ့ကြပါနဲ့။
ဒီလမှာ ၇ ရက်သားသမီးတွေအတွက် တားရော့ကဒ်များ ချပေးထားပါတယ်။ ပြောချင်တာက ဒီလို ဟောထားတာကို ဖတ်ပြီး မှန်ရမယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။ ရတနာသုံးပါး ဆည်းကပ်သူ၊ ငါးပါးသီလ မြဲမြံသူ၊ တရားအားထုတ်သူများအတွက် ဒါမျိုးတွေ ဖတ်ပြီး ယုံစရာမလိုပါ။ ပြီးတော့ ကိုယ်နဲ့ကိုက်တယ်ဆိုပြီး ဟောထားတာတွေကို လိုက်ညှိတာမျိုးတွေ မလုပ်ပါနဲ့။ မတူရင် ကိုယ်နဲ့မဆိုင်လို့သာ ကျော်သွားလိုက်ပါ။ တလ တခါ အပျင်းပြေတယ်လို့ သဘောထားပြီး ဖတ်ကြပါလေ။
အရင်ဆုံး ရောဂါကပ်ကြီးနဲ့ပတ်သက်လို့ အကောင်းဘက်ကို ရောက်လာကာ စိုးရိမ်နေရတဲ့ ကာလ ကျော်သွားပြီလို့ ကောင်းတဲ့ကဒ်တွေ ရလာပါတယ်။ ကျန်းမာရေးပြဿနာ တော်တော်လေး အေးချမ်းပါတယ်လို့သတင်းကောင်းနဲ့ပဲ စလိုက်ရအောင်။ သို့သော်လည်း ဂရုစိုက်စရာတွေတော့ ဆက်လက် ဂရုစိုက် နေထိုင်သွားရမယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ကောင်းသော အချိုးအကွေ့တခုကို ဖြတ်ကျော်နေရတဲ့ ကာလမို့ သတိတော့ ထားကြပါနော်။
၂၀၂၂ ဧပြီလ မှာ အုပ်ချုပ်သူ ခေါင်းဆောင်ပိုင်း အခြေအနေကို ပြောရရင် သူတို့အတွက်က မုန်တိုင်းမလာခင် လေပြေလာ ဆိုတဲ့အတိုင်းပါပဲ။ သိပ်ကို ကောင်းနေတဲ့ လေပြေလေညင်းတွေက တိုက်ခတ်နေပါတယ်။ သို့သော် မုန်တိုင်းလာရင် ကြံ့ကြံ့ခံဖို့ လက်နက်ခဲယမ်းတွေနဲ့တော့ မရတာ သူတို့လည်း သိနှင့်နေပါတယ်။ ငွေရေးကြေးရေးနဲ့သာလျှင် တော်တော်လေး ကာထားမှသာ ခံရသက်သာမယ်။ သစ္စာဖောက်ခံရတာ၊ လမ်းတ၀က်မှာ လက်တွဲဖြုတ်သွားတာ၊ တောင်ပေါ်ထိ တက်ပြီးမှ တွန်းချခံရတာ ရုတ်တရက် တိုက်ခိုက်ခံရတာတွေကတော့ ကျေနပ်နေကြတဲ့ကြားက သူတို့တွေ ဧပြီတလလုံး ကြုံနေရမယ်။ သို့သော် သူတို့က သူတို့ မထိမချင်း ဘာမှ ဂရုမစိုက်တာမို့ နေသာသပ လေညာက ပါပဲ။ သူတို့အတွက် အကြီးအကျယ် အပြောင်းအလဲတခု ကြုံရဖို့ ရှိတယ်ဆိုသော်လည်း သူတို့ကို တိုက်ရိုက်မထိသ၍တော့ ပြဿနာလို့ မယူဆကြပါဘူးတဲ့။ ထူးခြားတာတခုတွေ့တာကတော့ သူတို့ချစ်ခင်သူ တယောက်ယောက်အတွက် စိတ်ပူပန်ရတာမျိုးတွေ မပြေမလည်ဖြစ်ရတာမျိုးတွေ စိတ်ဖိစီးရတာမျိုးတွေ ကြုံရတတ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေအတွက် တရားရင်ဆိုင်ရဖို့ရှိတယ်။ မတရားမှုတွေ ဘူးပေါ်သလို ပေါ်လာတတ်တယ်။ ကြားလူတွေ ထည့်ထည့်ပြီး ဖြေရှင်းနေရာကနေ သူတို့ကိုယ်တိုင် ခေါင်းဆောင်ပိုင်းကိုယ်တိုင် လူလုံးထွက်ပြ ဖြေရှင်းရတတ်တယ်။ ဆုံးဖြတ်ချက်တခုကို ချလိုက်ရတာမျိုး ကြုံရတတ်တယ်။ အတိတ်က လုပ်ရပ်တွေအတွက် တာ၀န်မယူချင်လို့ ကိုယ့်အရပ်ကနေ ရှောင်တာမျိုးလည်း ဖြစ်တတ်တယ်။ သူတို့ကို ဆန့်ကျင်တဲ့အဖွဲ့နဲ့ သူတို့ကြား ကြား၀င်တဲ့ နိုင်ငံဖြစ်ဖြစ် လူပုဂ္ဂိုလ်ဖြစ်ဖြစ် ပေါ် လာတာမျိုး ဖြစ်တတ်တယ်။
တနှစ်ကျော် အဖမ်းခံလိုက်ရတဲ့ စာပေ ကဗျာ အနုပညာရှင်တွေ ၅၀၅ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဧပြီလဟာ တော်တော်လေးကောင်းလာတဲ့ အခြေအနေ ကြုံရဖို့ရှိတယ်။ မိသားစုနဲ့ ပြန်ဆုံရနိုင်တယ်။ အခွင့်အရေးများရလာရင် လက်မလွှတ်လိုက်ပါနဲ့နော်။ စိတ်တွေကိုလည်း ထိန်းချုပ်ထားပါ။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ တောင်းထားတဲ့ ဆုတွေလည်း တဖြည်းဖြည်း ပြည့်လာဖို့ရှိတယ်။ ဘ၀အသစ်တစ်ခုကို စလိုက်ရသလို ခြေလှမ်းသစ်တစ်ခု စလှမ်းရတတ်တယ်။
မြန်မာ ပြည်သူလူထုကြီးအတွက်တော့ အခြေအနေဟာ ပုံမှန်ထက် ပိုသာတဲ့ အနေအထားရှိပါတယ်။ သို့သော် လူတွေဟာ လောဘတွေကြီးပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ ပိုများနေတာ ထိန်းရမယ်။ အဆင်မပြေတဲ့နေရာကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေကြတယ်။ ဘာပဲဖြစ်ဖြစ် သတင်းသစ်တစ်ခု ရလာနိုင်တယ်။ စိတ်ရှည်ရှည် စောင့်ဆိုင်းပါ။ လုပ်ငန်းသစ်တွေအတွက် လုပ်ချင်သောလည်း ဆုံးရှုံးမှာ ကြောက်နေကြတယ်။ နယ်မြို့တွေအခြေအနေဟာ တခုခုကို ခြေစုံပစ် လုပ်ရမယ့်အနေအထားမျိုး ဖြစ်လာတတ်တယ်။ သေချာစဉ်းစားပါ။ ဘ၀အတွက် အခြေအနေဟာ ကောင်းတဲ့ဘက်ကို ရွေ့လာတတ်ပါတယ်။ စိတ်ဆင်းရဲနေရတဲ့ကြားကပဲ မိသားစု ပျော်ရွှင်စရာလေးတွေ ဖြစ်လာတတ်ပါတယ်။ ဘ၀ဟာ ခက်ခဲနေတဲ့အခြေအနေကနေ ရှေ့ဆက်ဖို့ စဉ်းစားစရာလေးတွေ ရလာတတ်ပါတယ်။
လက်နက်ကိုင်တိုက်ပွဲ၀င် ပီဒီအက်တွေအတွက် ကံတရားကို ကဒ်တွေ ချကြည့်မိပါတယ်။ သူတို့အတွက် အလှည့်အပြောင်းတစ်ခု ကြုံရတတ်ပြီး မိသားစုပြန်ဆုံဖို့ အခွင့်အရေးတွေ ရလာတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကို သိပ်ပြီးဦးစားမပေးဘဲ ဉာဏ်အသိဖြင့် ဆင်ခြင်လုပ်ကိုင်ပါက အခုလအတွင်းမှာ စိတ်ကျေနပ်စရာလေးတွေ ဖြစ်လာတတ်ပါတယ်။ အန်ယူဂျီအတွက်တော့ သူတို့ဟာ တော်တော်လေး စိတ်ခွန်အားအပြည့်နဲ့ အလုပ်လုပ်နေကြတာတွေ တွေ့ရတယ်။ အရေးကြီးတာက သူတို့ဟာ တိကျဖြောင့်တန်းတဲ့ တောင်းဆိုမှုကို လုပ်ရမယ်။ အလုပ်တွေ အများကြီး လုပ်ထားတာကြောင့် အရေးကြီးတဲ့ တခု သို့မဟုတ် တခုထက်ပိုလည်းပဲ သတ်မှတ်ပြီး တောင်းဆိုတာ လုပ်ကိုင်တာမျိုးနဲ့ဆို ပိုခရီးရောက်နိုင်မယ်တဲ့။ ဖြစ်နိုင်တဲ့ အရေးတကြီး ရွေးချယ်မှု ၂ ခု ကြုံရနိင်တယ်။ ဂရုတစိုက် ရွေးချယ်ရမယ်။ ဒီရွေးချယ်မှုဟာ အနာဂတ်အတွက် တစုံတရာ အကျိုးသက်ရောက်နိုင်တာကြောင့် သတိကြီးစွာထားရမယ်တဲ့။ သေချာ ၈ရုစိုက်ရမယ်လို့ဆိုပါတယ်။ မိခင် ဘခင် သူငယ်ချင်းကောင်း မိတ်ဆွေ ကောင်းကျိုးပေးမယ်။ ကိုယ့်ထက် အတွေ့အကြုံရှိသောသူများဆီက အကြံဉာဏ်များရယူတာမျိုးတွေ ရှိလာတတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခုလ ကံတရားကို ကဒ်များ ချကြည့်လိုက်ပါတယ်။ သူ့အနေအထားအရ စိတ်မကျေနပ်စရာတွေ ရှိနေဆဲ ဖြစ်လိမ့်မယ်။ အရင်က ရွေးချယ်မှုတခုကြောင့် နောက်ဆက်တွဲတွေ ဖြစ်လာတာမျိုး ရင်ဆိုင်နေရတာမျိုး ကြုံနေရတာသာ ဖြစ်တယ်။ ဒါကြောင့် ဖြေရှင်းဖို့နည်းလမ်း ရှာတာ စဉ်းစားတာဖြစ်လာတတ်တယ်။ သူ လိုချင်တဲ့ သတင်းစကားမျိုး ရလာနိုင်ပါတယ်။ စိတ်ကျေနပ်စရာမကောင်းသောလည်းပဲ အောင်မြင်တဲ့ ရလဒ်ရတာမျိုး၊ သတင်းကောင်းရတာ ဆုတံဆိပ်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ မျှော်လင့်ချက် အလင်းရောင်လေး ရလာတတ်ပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲကတော့ အရှိန်ရနေတာတော့ မှန်တယ်။ သို့သော် ရွေးချယ်စရာ အများကြီးမရှိတော့ဘဲ တခုခုကို ခပ်မြန်မြန် အဆုံးသတ်ဖို့ ဖြစ်လာတတ်တယ်။ ဆုံးဖြတ်ချက်ဟာ မှန်ကန်ပြီး အကောင်းဘက်ကို ရောက်သွားမယ်။ အဲသည်လို ရွေးချယ်ဖို့ ဖြစ်လာတကလည်း အမှန်တော့ တာ၀န်ယူရမယ့်အပိုင်းကို ရှောင်လွှဲချင်တာကြောင့် ဖြစ်တယ်။ မတတ်သာလို့ ရွေးချယ်လိုက်ရတာမျိုး ဖြစ်နေတတ်တယ်။ နှစ်နိုင်ငံဟာ ပြေလည်ပြီး အချင်ချင်း မဟာမိတ်တောင် ဖြစ်သွားလိမ့်မယ်တဲ့။ ဟုတ်၊ မဟုတ်တော့ မသိပါ။ ဒါပေမဲ့ သတိထားစရာ တခုရှိနေတယ်။ သူတို့က ရှေ့တင်တော့ မိတ်ဆွေ ဖြစ်နေပြီး နောက်ကွယ်မှာ ဘာတွေ တွေးနေမလဲ မသိနိုင်ဘူး။ သို့သော် ဆိုး၀ါးတဲ့ကာလတော့ ကျော်သွားပါပြီ။
သင်္ကြန်ကာလဟာ မမျှော်လင့်ဘဲ ပျော်ရွှင်စရာလေးတွေနဲ့ ကျော်ဖြတ်ရတတ်တယ်။ ဘာတွေဆက်ဖြစ်မလဲ ဆိုတာထက် အားခဏ မွေးလိုက်ကြတဲ့သဘောမျိုး ဖြစ်နေတယ်။ စိတ်ခွန်အားတွေ တည်ဆောက်လိုက်တာမျိုးပေါ့။ လူတွေလည်း မပျော်ရတာ ကြာပြီလေ။ ဟိုးတုန်းက သင်္ကြန်ကာလကိုတော့ ပြန်မရသေးဘူး။ သို့သော်ကိုယ်လိုချင်တဲ့ ဆုတွေတောင်းကြပါလို့ ဆိုတယ်။ ကြည့်ရတာ နှစ်ဆန်း ၁ ရက်နေ့ကို ရည်ရွယ်လား မသိဘူး။ သင်္ကြန်အပြီးမှာ ပိုကောင်းတဲ့အနေအထားကို ရောက်ဖို့ စိတ်တွေကို အကောင်းဆုံးထားပြီး စိတ်အညစ်အကြေးတွေ စွန့်ပစ်လိုက်ရမယ်လို့ ယူဆပါတယ်။ အဲသည်လို လုပ်နိုင်မှသာ သင်္ကြန်အပြီးကာလဟာ ကိုယ့်အတွက် ကောင်းသော အနာဂတ်က ကြိုနေလိမ့်မယ်။
ဧပြီလအတွက် ၇ ရက်သားသမီးတွေအတွက် ကဒ်တွေ ချပေးလိုက်ပါတယ်။
တနင်္ဂနွေ
ကိုယ် လိုချင်တာ မျှော်လင့်နေတာ တစ်ခုဟာ ဖြစ်လာတတ်ပါတယ်။ ချီတုံချတုံဖြစ်နေတာ ဘာကြောင့်လဲ တွေးကြည့်လိုက်ပါ။ အဒါ ကိုယ့်ကြောင့် ပဲဖြစ်နေတတ်တယ်။ လုပ်စရာရှိတာ ဆုံးဖြတ်ချက်ချပြီး လုပ်ပါ။ အရေးကြီးတာ တခုက ကိုယ်ဟာ ကိုယ့်မှာရှိတာတွေကို သိပ်တန်ဖိုးမထားတာမျိုး ကိုယ့်စိတ်ထဲ ဖြစ်နေတတ်တယ်။ လက်ရှိဘ၀ကို မကျေနပ်တာ တခုခု လိုအပ်နေသလို ခံစားနေတာ။ စိတ်ပူပန်နေတာ၊ စိတ်ဓာတ်ကျနေတာ တကယ်တော့ ကိုယ့်အခြေအနေက ကိုယ် ထင်သလောက် မဆိုးပါဘူး။ ဒါကြောင့် မကောင်းမြင်တာကို လျှော့ပါ။ ကိုယ် ကြောက်နေတယ် ဆိုတာလည်း တကယ်တော့ စိတ်ကူးထဲမှာ ဖြစ်နေတာတွေပါ။ ကောင်းတာတွေ မြင်ကြည့်ရင်းနဲ့ တဖြည်းဖြည်း ပျော်ရွှင်လာလိမ့်မယ်။ ပျော်ရွှင်ရမယ့် တွေ့ဆုံမှု၊ ပွဲတက်ရတာမျိုး ကြုံရတတ်ပါတယ်။
တနင်္လာ
ဘ၀ဟာ အဆိုးကနေ အကောင်းဘက်ကို ရောက်လာပါပြီ။ ဆိုလိုတာက ဆိုးနေတယ်ဆိုရင် ကောင်းလာတော့မယ် ကောင်းနေရင် ပိုကောင်းလာပါမယ်။ အတွေးတွေ များနေတာ စိတ်ကူးယဉ်နေတာတွေ ရှိတယ်။ ရှေ့ဘာဖြစ်လာမယ်ဆိုပြီး စိတ်လှုပ်ရှားနေရတာမျိုး ဖြစ်နေတတ်တယ်။ မမျှော်လင့်ဘဲ ဖြစ်လာတာမျိုး ကြုံရတတ်ပါတယ်။ မင်း ဘာဆုတွေ တောင်းထားလဲ ပြည့်တော့မယ်လို့ ဆိုတယ်။ အတွေ့အကြုံအသစ်တွေ ရလာတတ်တယ်။ ကိုယ့်ရဲ့ နှလုံးသားကို ဖွင့်ပေးလိုက်ပါ၊ အရာရာကို နှလုံးသားနဲ့ ဆုံးဖြတ်ဖို့ ဆိုရင် သင် လျှောက်ရမယ့် လမ်းလေးက သာယာလာမယ်တဲ့။ မိသားစုအရေး ကံကောင်းမှုတွေ ကြုံရမယ်။
အင်္ဂါ
ရိုးသားဖြောင့်မတ်စွာနဲ့ အရာရာကို ရင်ဆိုင်ပါလို့ ဆိုတယ်။ စိတ်အလိုကို မလိုက်ပါနဲ့။ အလုပ်အကိုင် အဆင်ပြေလာတတ်တယ်။ ကိုယ်က ဦးဆောင် ဖြေရှင်းပေးရတာမျိုး ကြုံတတ်တယ်။ တပါးသူများရဲ့ ခံစားချက်တွေကို နားလည်အောင် ကြိုးစားပါ။ ဒါမှ ဘာဖြစ်တာလဲဆိုတဲ့ အဖြေကို ရလာမယ်။ အလုပ်နဲ့ပတ်သက်တဲ့ ခရီးထွက်ရတတ်တယ်။ စိတ်တို စိတ်ဆိုးတာမျိုးဖြစ်ရင် ထိန်းသိမ်းပါ။ ကိုယ့်အတွက် အကျိုးမရှိဘူး။ ကိုယ်က အမြင့်ကို ရောက်နေတာမျိုး ဆိုရင် နည်းနည်းတော့ အောက်ဆင်းကြည့်လိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်။ ကျေနပ်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ မိတ်ဆွေဟောင်းတွေ ပြန်ဆုံရတတ်ပါတယ်။
ဗုဒ္ဓဟူး
စဉ်းစားနေရတာတွေ များနေတယ်။ အရာရာက လျှို့၀ှက်ချက်တွေနဲ့ ပြည့်နေတယ်။ လှည့်စားတာတွေ များနေတာ မမြင်ရတဲ့ ရန်သူတွေ ရှိနေတာ၊ မရိုးသားတာ လှည့်ကွက်တွေကို ကျော်လွှားဖို့ သင် ပြင်ဆင်ထားရလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာမှာ စိတ်ရှုပ်ထွေးမှုတွေ ရှိလာတတ်တယ်။ အဲဒီလို စိတ်ရှုပ်နေတဲ့ကြားကပဲ အကြံဉာဏ်သစ်တွေ ရလာတာ ရုတ်တရက် ဖန်တီးမှုအသစ်တွေ ပေါ်လာတာ အကြောင်းအရာတခုခုကို ထုတ်ပြောဖို့ အခွင့်အရေးရလာတာမျိုးတွေ ဖြစ်တတ်တယ်။ အဲဒီလို စိတ်ညစ် စိတ်ရှုပ်တဲ့ကြားကရလာတဲ့ အကြံတွေ စိတ်ကူးတွေဟာ အနာဂတ်အတွက် ကောင်းဖို့ ဖြစ်နေတတ်တယ်။ ကိုယ်အားစိုက်လုပ်သလောက်ကို တိုးတက်မှု မြန်ဆန်လိမ့်မယ်။
ကြာသပတေး
ပျော်ရွှင်စရာလေးတွေ ကြုံရတတ်ပါတယ်။ အိမ်ကိစ္စ အဆင်ပြေတာ မိသားစုအရေး ပျော်စရာတွေ ဖြစ်လာတတ်ပါတယ်။ သတင်းကောင်းတွေ ကြားလာရတတ်ပါတယ်။ ကိုယ်က စိတ်ကူးယဉ်သမားဆိုရင် စိတ်ကူးနဲ့ တင် စိတ်ချမ်းသာနေရတတ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရတာ အဆက်အသွယ်ပြန်ရတာမျိူးလည်း ကြုံရတယ်။ ငွေရေးကြေးရေး အဆင်ပြေတာ မိသားစုအတွင်း စိတ်ချမ်းသာစရာတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ဆန္ဒတွေ ပြည့်လာတတ်ပါတယ်။ ကံကောင်းတယ်လို့ ဆိုရမယ်။ သတိထားစရာတစ်ခုကတော့ ကိုယ်က လူတွေ သိပ်ယုံတတ်တာကို သတိထားပါ။
သောကြာ
အလုပ်အကိုင်ရေးရာမှာ အောင်မြင်တတ်ပါတယ်။ ဒါပေမဲ့ ခံနိင်ရည်ရှိရှိနဲ့ ကြုံလာတဲ့ အခြေအနေကို ရင်ဆိုင်ရမယ်။ ကောင်းတဲ့ဘက် များပါတယ်။ ဘ၀ဟာ ပြည့်စုံလာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတာမျိူး ဖြစ်လာမယ်။ အလုပ်အကိုင် အစပြုတာ တာ၀န်ကနေ ခဏရပ်ထားရလို ပြန်အစလုပ်တာ ဒါမှမဟုတ် မိတ်ဆွေအသစ်နဲ့ လုပ်ငန်းတွဲလုပ်ရတာ မလုပ်ဖူးတဲ့ အလုပ်တစ်ခု စမ်းသပ်တာမျိုး ကြုံရတတ်ပါတယ်။ သင့်ကို ကူညီမယ့်သူတွေ တွေ့လာတတ်ပါတယ်။ အရေးကြီးတာကတော့ ကိုယ်က အရာရာ အမှန်ကြီး ထင်တတ်တာ ပြင်ပါ။ ဒါပေမဲ့ ကိုယ့်ဘက်ကတော့ အမှန်အတိုင်းသာပြော အမှန်အတိုင်းသာ လုပ်ပါတဲ့ အောင်မြင်မှု ရမှာပါတဲ့။
စနေ
ကိုယ်က လက်တွေ့ကျတတ်တယ်။ စိတ်ကူး သိပ်မယဉ်တတ်ပေမယ့် သိပ်တွေးတတ်တယ်။ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ သတင်းမျိုး ကြားလာရတတ်ပါတယ်။ ပြင်ပက ဝင်လာတတ်တဲ့ အင်အားမျိူး အာဏာနဲ့ဆိုင်တဲ့ အထက်က စကားမျိုးကို ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ တဘက်က လည်းကောင်း ကြားလာရတာမျိုး ကြုံလာရရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ တုံ့ပြန်ပါ၊ သို့မဟုတ် လုပ်ဆောင်ပါ။ ကြောက်စိတ်မ၀င်ပါနဲ့။ မမြင်နိုင်တဲ့ လျှို့၀ှက်ချက်တို့ ဖုံးကွယ်ထားတဲ့ အမှန်တရားတို့ စတာတွေကို တွေးပြီး ကြောက်နေတာ မဟုတ်လား။ ကိုယ့်ဘက်က သတိရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားဖို့သာ လိုပါတယ်။ ဂရုစိုက်ရမှာ တစ်ခုပဲရှိပါတယ်၊ ကိုယ့်ကို အယုံသွင်းပြီး သစ္စာဖောက်တာမျိုးကို သတိထားပါ။ ဒါပေမဲ့ ကိုယ်က သိပ်ကို တွေးတတ်သူမို့ ကြိုသိပြီး ကာကွယ်နိုင်ပါလိမ့်မယ်။ ကိုယ့်စိတ်ကြိုက် မဟုတ်သော်လည်း အောင်မြင်မှုကို လက်ထဲ ကိုယ်ရလာတတ်ပါတယ်။
တာရို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar