ကိုသန်းလွင် - မယ်ဒီလင်း အောဘရိုက် (၁၉၃၇ -၂၀၂၂)
ကိုသန်းလွင် - မယ်ဒီလင်း အောဘရိုက် (၁၉၃၇ -၂၀၂၂)
(မိုးမခ) ဧပြီ ၃၊ ၂၀၂၂
( ၁ )
ချက်ကိုစလိုဗားကီးယားနိုင်ငံမှ နာဇီ ကျူးကျော်သူတို့နှင့် ကွန်မြူနစ်ဖိနှိပ်သူတို့ ရန်မှ လွတ်မြောက်အောင် ထွက်ပြေးသော စစ်ပြေးဒုက္ခသည်၏ သမီးဖြစ်သူ မယ်ဒီလင်းအောဘရိုက် (Mdeleine Albright)သည် အမေရိကန်နိုင်ငံသို့ ရောက်လာပြီး ပညာသင်ကြားခဲ့ပါသည်။ သူသည် သံတမန်တစ်ယောက်အနေဖြင့် ထင်ရှားလာခဲ့ပြီး အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါသည်။ သူသည် အသက် ၈၄ နှစ်အရွယ်တွင် ဝါရှန်တန်မြို့တော်၌ ကွယ်လွန်သွားခဲ့ပါပြီ။
သူ သေဆုံးရသည်မှာ ကင်ဆာရောဂါကြောင့်ဟု သမီးဖြစ်သူ အင်နီး (Anne) မှ ပြောပါသည်။ သူမ ဘ၀ တလျှောက်လုံး မိသားစုမှ ဖုံးကွယ်စရာရှိသည်တို့၏ နောက်မှ တဖြည်းဖြည်း သြဇာအာဏာများ တိုးတက်လာခဲ့ပြီး အိမ်ဖြူတော်တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။ သမ္မတ ကလင်တန်၏ လက်ထက်တွင် ကုလသမဂ္ဂ သံတမန် ဖြစ်လာခဲ့ပြီး (၁၉၉၃-၁၉၉၇) နှင့် နိုင်ငံခြားရေးဝန်ကြီး (၁၉၉၇ ၂၀၀၁) ဖြစ်ခဲ့ပါသည်။ ထိုအချိန်က အစိုးရတွင် အမြင့်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး ဖြစ်ခဲ့ပါသည်။
( ၂ )
သူ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမှသာ အမေရိကန်၌ လူမျိုး ဘာသာသည် အရေးမကြီးကြောင်း သဘောပေါက်ခဲ့ရခြင်း ဖြစ်သည်။ သူ၏ မိဘများမှာ ဂျူးလူမျိုးများ ဖြစ်ပါသည်။ ထို့နောက် စစ်အတွင်းက ရိုမန်ကက်သလစ် ဘာသာဝင်လိုက်ကြသည်။ ကလေးများကိုလည်း ထိုဘာသာဖြင့်ပင် ကြီးပြင်းစေခဲ့သည်။ ကလေးများကို ဂျူးအခြေခံကို အသိမပေးခဲ့။ အဖေကြီးနှင့် အမေကြီး အပါအဝင် သူတို့ဆွေမျိုး ၂၄ ယောက်ကို ဂျူး ဖြစ်သည်ဟုဆိုကာ အသတ်ခံခဲ့ကြရသည်။
သူ၏ဖခင်မှာ သံတမန်တစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ပစ်သတ်ခံရမည့်အရေးကြောင့်အမေရိကန်နိုင်ငံသို့ ဥရောပမှ ထွက်ပြေးခဲ့ရသည်။ ထိုခရီးစဉ်မှာ ၁၀ နှစ်မျှ ကြာမြင့်ခဲ့ပြီး လန်ဒန်သို့ လွတ်မြောက်မှုမှာ နှစ် ကြိမ် ဖြစ်ခဲ့သည်။ ပထမအကြိမ်မှာ ၁၉၃၉ ခုတွင် နာဇီတပ်များ ချက်ကိုစလိုဗားကီးယားကို ကျူးကျော်စဉ်ကဖြစ်ပြီး ဒုတိယအကြိမ်မှာ ၁၉၄၈ ခုတွင် ကွန်မြူနစ်များက ချက်နိုင်ငံတွင် ဆိုဗီယက်အကူအညီဖြင့် အာဏာသိမ်းစဉ်က ဖြစ်သည်။
အမေရိကန်ပြည်တွင် ကျောင်းစာ ထူးချွန်သူတစ်ဦးဖြစ်ပြီး မိဘများက “Albright-Medill” သတင်းစာပိုင်ရှင်များဖြစ်ကာ အများပြည်သူနှင့်ဆိုင်သည့် ဆောင်းပါးများစွာ ရေးခဲ့သည်။ သမ္မတ ဂျင်မီကာတာ လက်ထက်တွင် သမ္မတအကြံပေးအရာရှိ ဖြစ်ခဲ့ပြီးမစ္စတာကလင်တန် အပါအဝင် သမ္မတလောင်း ၃ ဦး၏ အကြံပေးဖြစ်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ကလင်တန်လက်ထက်၌ ကုလသမဂ္ဂသံတမန်အဖြစ် ၄ နှစ် ခန့်အပ်ခြင်းခံရသည်။ သူနှင့် ကလင်တန်တို့သည် ဆိုမာလီ၊ ရဝမ်ဒါနှင့် ဘော့စနီးယားပြည်တွင်းစစ်များတွင် ကုလ အတွင်းရေးမှုးချုပ် ဘူးထရော့ ဘူးထရော့ဂါလီ (Boutros Boutros Ghali) နှင့်အကြိမ်ကြိမ် ရင်ဆိုင်တွေ့၍ပဋိပက္ခဖြစ်ခဲ့ရသည်။
မစ္စတာကလင်တန်သည် လူသားချင်း ထောက်ထားစာနာမှုများနှင့် ဆိုမာလီနိုင်ငံသို့ ၁၉၉၂ ခုက ဝင် ရောက်ခဲ့ရာတွင် ဆိုမာလီ အုပ်ချုပ်သူ (Warlord) များက အမေရီကန် ပိုင်းလော့ကို သတ်ဖြတ်ကာ မိုဂါဒစ်ရူး မြို့တော်လမ်းမပေါ်၌ ဒရွတ်ဆွဲ ပြခဲ့သည်။ ထို့ကြောင့် ကလင်တန်က နိုင်ငံရေးအရ ရှုပ်ထွေးသော နေရာမှ ချက်ချင်းထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။
ရဝမ်ဒါနိုင်ငံတွင် လူအချင်းချင်း သတ်ဖြတ်၍ မုဒိမ်းကျင့်မှုများ ဖြစ်ပွားချိန် အမေရိကန်တပ်ဖွဲ့များသည် ငြိမ်းချမ်းရေးတပ်ဖွဲ့များအဖြစ် ဝင်ခဲ့ကြရပြန်သည်။ လူ ၁ သသန်းကျော်မျှ အသက်ဆုံးရှုံးရသည်။
၂၀၀၃ ခုနှစ် ကလင်တန် ပြန်လည်အရွေးခံရသောအခါ မယ်ဒီလင်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် တင်မြှောက်သောအခါ ဆီးနိပ်က ၈၉-၀ ဖြင့် တခဲနက် ထောက်ခံအတည်ပြုခဲ့သည်။ ထို့နောက် မယ်ဒလင်းသည် ကိုးနိုင်ငံခရီးစဉ်အဖြင့် ရောမ၊ ပဲရစ်၊ လန်ဒန်၊ ဘရပ်ဆဲလ်၊ ဘွန်း၊ မော်စကို၊ တိုကျို၊ ဆိုးလ်နှင့် ဘီဂျင်း စသည့် မြို့များကို သွားရောက်ခဲ့သည်။
ယခင် ဆိုဗီယက်ဘလော့နိုင်ငံများကို နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်လာအောင်ဆောင်ရွက်ခဲ့ပြီး အီရတ်နိုင်ငံ အပေါ် ဆန်ရှင်များချမှတ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
၁၉၉၇ ခုနှစ်အကုန် ၁၉၉၈ အစပိုင်းတွင် အီရတ်သမ္မတ ဆဒန်ဟူစိန် က ကုလသမဂ္ဂ စစ်ဆေးသူများကို သူ့ဌာနများအတွင်း ဝင်ရောက်ခွင့်မပြုဘဲ တားဆီးသည့် အရေးအခင်းပေါ်ပေါက်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ် ပါရှန်ပင် လယ်ကွေ့စစ်ပွဲအပြီးတွင် ချမှတ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့သည့် အီရတ်နိုင်ငံကို လူအများ သေစေနိုင်သော ဓာတုနှင့် ဇီဝလက်နက်များကို မစုဆောင်းရဟူသော အချက်များ ပါဝင်ပါသည်။
နောက်ဆုံးကြိုးပမ်းချက်အနေဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်က အောဘရိုက် ရေး ထားသောစာကို ဘက်ဂဒတ်သို့ လေယာဉ်ဖြင့်သွားရောက်၍ ဆဒန်ကို ဖတ်စေရပါသည်။ နောက်ဆုံးရောက်မှ ဆဒန်က စစ်ဆေးရမည့်နေရာများကို ဝင်ကြည့်ခွင့်ပေးပါသည်။
မစ္စအောဘရိုက်က နေတိုးအဖွဲ့ဝင်များ ကော့စဗိုဒေသကို ဗုံးကြဲချခြင်းကို အားပေးခဲ့ပြီး အယ်လဘေးနီးယမ်းလူမျိုးများကို ယူဂိုဆလားဗီးယား တပ်များက တိုက်ခိုက်ခြင်းကို ၁၉၉၉ တွင် ရပ်တန့်စေခဲ့ပါသည်။ ကျိုတို (Kyoto) ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာစာချုပ်အတည်ပြုနိုင်ရေးကို ဆော်သြခဲ့ပါသည်။ သို့ရာတွင် ၁၉၉၈ ခုနှစ်တွင် ကင်ညာနိုင်ငံ နရိုဘီ (Nairobi) သံရုံး၌ လူ ၂၂၄ ဦးကို သေစေခဲ့သော ထရပ်ဗုံးကို မတားဆီးနိုင်ခဲ့ပါ။ သက္ကရာဇ် ၂၀၀၀ အောက်တိုဘာလတွင် မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး ကင်ဂျုံအီး (Kim Jong Il) နှင့် နျူးကလီးယားပရိုဂရမ်ကို တားမြစ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။
သို့တိုင်အောင် နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အနေဖြင့် စွမ်းဆောင်ချက်များမှာ နိုင်ငံခြားမှ သံတမန်များနှင့် အမေရိကန် ပြည်သူများ၏ ချီးကျူးစကားပြောခဲ့ကြပါသည်။ သူ့တွင် လက်တွေ့ကျသော သံတမန်ဆိုင်ရာ အရည်အချင်းနှင့် သိက္ခာရှိရှိ စကားပြောတတ်သူ ဖြစ်ပါသည်။ သူသည် ချက်၊ ပိုလန်၊ ပြင်သစ်နှင့် ရုရှား စကား တို့ကို ကျွမ်းကျင်စွာ ပြောနိုင်သည်။
( ၃ )
ငယ်နာမည် Marie Jana Kobelova ဖြင့် မယ်ဒီလင်းကို ပရိတ်(Prague) မြို့ ၌ ၁၉၃၇ နှစ် မေလ ၁၅ ရက်တွင်မွေးဖွားခဲ့ပါသည်။ ကလေး ၃ ယောက်တွင် အကြီးဆုံးဖြစ်၍ ဖခင်မှာ ဂျိုးဇက်ကိုဘဲ (Joseph Korbel) ဖြစ်ပြီးယူဂိုဆလားဗီးယားနိုင်ငံ ဘဲဂရိတ်မြို့ ချက်သံရုံးတွင် ဆက်သွယ်ရေးအရာရှိ (Press Attache) ဖြစ်ပါသည်။ ချက်ကိုစလိုဗားကီးယား၏ ပထမဦးဆုံး ဒီမိုကရက်တစ် သမ္မတကြီး (Thomas Masaryk) လက်ထက်တွင် အလုပ်လုပ်ခဲ့သည်။
ဟစ်တလာက ချက်ကိုစလိုဗားကီးယားကို ကျူးကျော်လာချိန်တွင် လန်ဒန်သို့ ထွက်ပြေးကြရပါသည်။ သူ့မှာ သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်ခြင်းကို ခံရဖွယ်ရှိပြီး လန်ဒန်တွင် ၁၀ ရက်မျှ ပုန်းရှောင်၍ နေရပါသည်။ ထိုစဉ် အဝေးရောက်အစိုးရထံ အလုပ်လုပ်ဆဲ ဖြစ်ပါသည်။ ၁၉၄၀-၄၁ ကာလများတွင် မိသားစုမှာ လေကြောင်း ရန်မှ တိမ်းရှောင်ခဲ့ရပြီး ဗုံးခိုကျင်းများ၊ သံမဏိစားပွဲများအောက်တွင် နေခဲ့ကြရပါသည်။
၁၉၉၁ ခုနှစ်တွင် ဂျူးလူမျိုးတို့အတွက် အသက်အန္တရာယ် စိုးရိမ်ခဲ့ရသဖြင့် ရိုမန်ကတ်သလစ်ဘာသာသို့ ပြောင်းလဲခဲ့သည်။ စစ်ကြီးပြီးဆုံးသော မိသားစုသည် ဘဲဂရိတ်သို့ ပြန်ခဲ့ပါသည်။ မစ္စတာကိုဘဲ မှာ ယူဂိုစလားဗီးယားနိုင်ငံတွင် ချက်နိုင်ငံသံအမတ်အဖြစ် ဆောင်ရွက်ရပါသည်။ ဘဲဂရိတ်တွင် ထားပါက မတ်ဝါဒ (Marx) ဝါဒ လွှမ်းမိုးနေသဖြင့် သမီးဖြစ်သူကို ဆွတ်ဇလန်နိုင်ငံသို့ ပရိုက်ဗိတ်ကျောင်းသို့ ပညာသင်ရန်စေလွှတ်ပြီး အမည်ကို မယ်ဒလင်းဟု ပြောင်းလဲခဲ့ပါသည်။
၁၉၄၈ တွင် ပရိတ်တွင် ကွန်မြူနစ်တို့ အာဏာရလာသောအခါ မစ္စတာကိုဘဲမှာ ရာထူးမှနုတ်ထွက်ပေးခဲ့ရပါသည်။ အစိုးရမှ အလိုရှိသူတစ်ဦး ဖြစ်လာခဲ့ပါသည်။ ပရိတ်သို့ မပြန်လိုသဖြင့် သူကိုယ်တိုင်က ကုလသမဂ္ဂတွင် အလုပ်ဝင်၍ မိသားစုကို လန်ဒန်မှတဆင့် အမေရိကန်ပြည်သို့ ပို့လွှတ်ခဲ့ပါသည်။ မိသားစု အမေရိကန်တွင် တစုတစည်းတည်း နေထိုင်၍ နိုင်ငံရေးခိုလှုံခွင့် တောင်းပြီး ဒင်ဗာမြို့တွင် အခြေချနေထိုင်ခဲ့ကြပါသည်။ မစ္စတာ ကိုဘဲ မှာ ဒင်ဗာတက္ကသိုလ်တွင် ပရော်ဖက်ဆာ ဖြစ်လာပါသည်။
မယ်ဒီလင်းသည် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ၁၉၅၅ ခုနှစ်တွင် ဘွဲ့ရခဲ့ပါသည်။ ၁၉၅၇ တွင် အမေရိကန် နိုင်ငံသားဖြစ်လာပြီး Wellesley ကောလိပ်တွင် နိုင်ငံရေးသိပ္ပံဘာသာကို သင်ယူ၍ ကောလိပ် သတင်းစာကို တည်းဖြတ်ကာ ၁၉၅၉ တွင် ဘွဲ့ရခဲ့ပါ သည်။ နွေရာသီ အားလပ်ရက်တွင် သတင်းစာတိုက်၌ အလုပ်ဝင်ရင်း အောဘရိုက် (Joseph Albright) နှင့် တွေ့ရှိခဲ့ပြီး ၁၉၅၉ တွင် လက်ထပ်ခဲ့ပါသည်။
ကိုသန်းလွင်
Ref:From Refugee to First Female Secreatary of States, By Robert Mcfadden NY Times Mar25 2022
#MoeMaKaMedia
#WhatsHappeningInMyanmar