မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂လ ၁ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂လ ၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၊ ၂၀၂၂ဧပြီ ၁ ရက်နေ့ - နိုင်ငံသားအဖြစ်မှ ရပ်စဲ၊ ဝန်ထမ်းပင်စင်သက် ထပ်တိုး၊ အာဆီယံနဲ့ ကုလကိုယ်စားလှယ် တွေ့ဆုံမှု
စစ်ကောင်စီက ပြည်ပရောက်နေတဲ့ NUG အစိုးရအဖွဲ့ကို ထောက်ခံအားပေးနေသူ စီဒီအမ် လုပ်ခဲ့တဲ့ သံအမတ်တွေ နဲ့ လွတ်မြောက်နယ်မြေတွေမှ တဆင့် ပြည်ပရောက်နေတဲ့ အနုပညာရှင်တွေကို နိုင်ငံသားအဖြစ် မှ ရပ်စဲကြောင်း တတိယအသုတ်အဖြစ် ကြေညာလိုက်ပြန်ပါတယ်။ ဒိမတိုင်ခင် ၂ ကြိမ်ကြေညာထားခဲ့ဖူးပြီး NUG အစိုးရအဖွဲ့ဝင်၊ CRPH ကော်မတီဝင် နဲ့ NLD ထောက်ခံလှုံ့ဆော်သူတွေအထဲက လူသိများထင်ရှားသူတွေ ပြည်ပနဲ့ လွတ်မြောက်နယ်မြေရောက်သူ ၁၆ ဦး ကို ကြေညာခဲ့တာ ဖြစ်ပြီး အခုတကြိမ်မှာလည်း အနုပညာရှင်၊ စီဒီအမ် လုပ်ခဲ့တဲ့ ပြည်ပရောက် သံတမန် ၂ ဦးတို့ကို ထည့်သွင်းကြေညာခဲ့တာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ နိုင်ငံသားဥပဒေကို တလွဲအသုံးချတာ ဖြစ်ပြီးဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ ထိုးနှက်မှု ၊ ယခင့်ယခင်က စစ်အစိုးရတွေ မလုပ်ဆောင်ခဲ့ဖူးတဲ့ လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ ပြည်ပရောက် NUG အဖွဲ့ဝင်၊ ထောက်ခံအားပေးနေသူတွေကို နိုင်ငံရေးအရ ထပ်မံထိုးနှက်လိုက်တာသာ ဖြစ်ပြီး အခုလိုကြေညာချက်ကြောင့် ကြေညာခံရသူတွေအဖို့ လက်တွေ့အနေအထားမှာ ကြီးကြီးမားမား သက်ရောက်စရာ မရှိပါဘူး။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေရဲ့ ပုဒ်မ တချက်ကို ကိုးကားပေမယ့်လည်း လက်တွေ့အားဖြင့်တော့ မြန်မာနိင်ငံသားတယောက်အနေနဲ့ အခြားနိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူမှသာ နိုင်ငံသားအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်တဲ့ ဥပဒေအနှစ်သာရရှိပြီး အခုလို လုပ်ဆောင်တာဟာ နိုင်ငံရေးအရ တိုက်ခိုက်ထိုးနှက်ချင်လို့ လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။
စစ်ကောင်စီအနေနဲ့ ဥပဒေတွေ ပုဒ်မတွေကို အများအပြား ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်တာတွေ လုပ်ခဲ့ပြီး တည်ဆဲဥပဒေတွေကိုလည်း လိုသလိုဆွဲ အသုံးချတာတွေ ရှိနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖြည့်စွက်ပြဌါန်းတဲ့ ပုဒ်မ ၅၀၅-က ကို ကြည့်ရင် သိသာထင်ရှားနေတာ ဖြစ်ပါတယ်။ အခုအချိန်ထိ ပုဒ်မ ၅၀၅-က နဲ့ စွဲဆို ခံရသူ ထောင်ဂဏန်း သောင်းဂဏန်းအထိ ရှိနေတာ ဖြစ်ပြီးအမှုကိစ္စအားလုံးနီးပါးမှာ တရားရုံးက အပြစ်ပေးကိုပေးရမယ့် သဘောအစဥ်အလာ ဖြစ်နေတာကိုကြည့်ရင် တရားစီရင်ရေး စနစ်ကို စစ်အာဏာသိမ်း ကောင်စီရဲ့ လက်နက်တခုသဖွယ်သာ အသုံးချနေတာ ဖြစ်တာ ထင်ရှားပါတယ်။
အခုရက်ပိုင်းမှာပဲ အစိုးရဝန်ထမ်းတွေရဲ့ သက်ပြည့်ပင်စင်ယူရမယ့် အသက်ကို ၆၀ နှစ်ကနေ ၆၂ နှစ် အဖြစ်သက်တမ်းတိုးတဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီလို လုပ်ဆောင်တာဟာ CDM ကြောင့် ဝန်ထမ်းအင်အား မလောက်ငှတာကို ဖြေရှင်းမယ့် နည်းလမ်းတခု အဖြစ်လုပ်ဆောင်တာလို့ လွယ်လွယ်ကောက်ချက်ချနိုင်ပါတယ်။ ကျန်းမာရေး ပညာရေးနဲ့ အုပ်ချုပ်ရေး နယ်ပယ်က အစိုးရဝန်ထမ်းတွေထဲမှာ စီဒီအမ် မလုပ်သူတွေကို ဆက်လက်တာဝန်ပေးနိုင်အောင် သက်ပြည့်ပင်စင်ယူမယ့် နှစ်ကို ၂ နှစ်တိုးလိုက်တာမို့ အရေအတွက် တခုအားဖြင့် ဝန်ထမ်းအင်အား ရရှိသွားမယ့် သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ဆေးနဲ့ သွား တက္ကသိုလ် ဝင်ခွင့်အမှတ်တွေကို ဖြေလျော့တာ ၊ အခုလို ဝန်ထမ်းတွေရဲ့ သက်ပြည့် ပင်စင်သက်တမ်းကို တိုးမြှင့်တာတွေ လုပ်ဆောင်နေရတာဟာ နိုင်ငံရေးအရ ဆုံးရှုံးမှုတွေတခုပြီးတခု ရင်ဆိုင်နေရတဲ့ သဘောဆောင်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လုပ်ဆောင်စရာမလိုတဲ့ လုပ်ဆောင်မှုတွေကို အကြပ်အတည်း ဆိုက်လို့ လုပ်ဆောင်နေရတဲ့ အနေအထားလို့ အကဲဖြတ်နိုင်ပါတယ်။
တဖက်မှာလည်း ဒီအခြေအနေကြောင့် စစ်ကောင်စီအာဏာ ထိန်းချုပ်မှုက သူ့အလိုလိုပြိုလဲသွားမယ်လို့တော့ စိတ်ကူးမယဥ်သင့်ပါဘူး။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ဖျက်ရေးဟာ မှန်ကန်တဲ့ ဦးဆောင်မှု တနည်းအားဖြင့် မှန်ကန်တဲ့ သေနင်္ဂဗျူဟာနဲ့ မူဝါဒ၊ လုပ်ဆောင်မှုရှိမှ အောင်မြင်မှာ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း သတိမပြတ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်မှာတော့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက မကြာခင်က မြန်မာနိုင်ငံကို လာရောက်သွားတဲ့ အာဆီယံကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုဟွန်းကို ဖနွမ်ပင်မြို့မှာ သွားရောက်တွေ့ဆုံဆွေးနွေးတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဆွေးနွေးမှု အပြီးထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာတော့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်က မြန်မာ့အရေးမှာ သက်ဆိုင်သူ အားလုံးရဲ့ အသံကို နားထောင်ဖို့လိုတယ်လို့ အလေးပေး ပြောဆိုပြီး အာဆီယံကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံလာရောက်စဥ် ဆွေးနွေးသိရှိရတဲ့အခြေအနေက သဘောထားမတူတဲ့ နိုင်ငံရေး အုပ်စုတွေက တွေ့ဆုံဆွေးနွေးဖို့ထက် လက်နက်ကိုင် တိုက်ခိုက်ဖို့ကို ပိုအားသန်နေကြတယ်၊ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာဖို့က အဓိက စိမ်ခေါ်မှု ဖြစ်နေတယ်လို့ ဆိုလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေး အကြပ်အတည်းမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ အာဆီယံအဖွဲ့ရဲ့ နောက်ကိုရောက်ရှိနေပြီး ကုလကိုယ်စားလှယ် အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အာဏာသိမ်းအပြီး အွန်လိုင်းမှ ဆွေးနွေးမှု ၂ ကြိမ်ခန့်သာရှိခဲ့ပြီး မြန်မာနိုင်ငံတွင်းကို တကြိမ်မျှ ဝင်ခွင့်မရခဲ့တာလည်း တွေ့ရပါတယ်။
အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုကို တရုတ်၊ အမေရိကန်နဲ့ အချို့သော နိုင်ငံတွေက ဝိုင်းဝန်းထောက်ခံကြောင်း ပြသခဲ့ပေမယ့်လည်း အာဆီယံအနေနဲ့လည်း မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို သြဇာရှိပုံမရတာ လက်တွေ့ ပကတိအခြေအနေလို့ ဆိုရပါမယ်။
မြန်မာ့အရေးမှာ ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အခန်းကဏ္ဍကိုသာ အကန့်အသတ်နဲ့ လုပ်ဆောင်နိုင်နေတာ ဖြစ်ပြီး အာဆီယံအနေနဲ့ ကုလသမဂ္ဂထက် အနည်းငယ်ပိုသာတဲ့ အဆင့်ရှိပေမယ့် နိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအပေါ်မှာတော့ ဘယ်အဖွဲ့က မှ သြဇာမလွှမ်းမိုးနိုင်ကြပဲ ပြည်တွင်းက အင်အားစုတွေအနေနဲ့ သာ အဖြေရှာနိုင်ကြလိမ့်မယ်လို့ ယူဆရပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar