Breaking News

လူခါးခါး - ငါတို့အိပ်မက်ဟာ ငါတို့စွန့်စားခန်းတွေ

လူခါးခါး - ငါတို့အိပ်မက်ဟာ ငါတို့စွန့်စားခန်းတွေ
(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၂

မိုးစလင်းတော့
 အခန်းတံခါးကိုတွန်းဖွင့်လိုက်တယ်
မနက်ခင်းတွေဝိုးတိုးဝါးတာထဲ
လမ်းမမြင် ကမ်းမမြင် 
သံသရာစက်ဝန်းတစ်ခုထဲ
ငါ လှမ်းတွေ့လိုက်ရတယ်။

လူတွေ
စက်ရုံအလုပ်သမလေးတွေ
ခေါင်းရွက်ဖြတ်ထိုးစျေးသယ်တွေ
လမ်းလျှောက်ချီတက်နေတဲ့လူအုပ်ကြီး
သူတို့မပေါက်သေးခရီးမှာ
သူတို့မပြီးမြောက်သေးတဲ့
အိပ်မက်နေ့တွေများစီမျှော်လင့်တစ်ကြီး 
လမ်းလျှောက်ချီတက်နေတဲ့လူထုကြီးမှာ

ငါတို့ သူတို့ 
ကိုယ်ယုံကြည်ရာကိုယ်လှမ်းလျှောက်လို့
ဒါမှမဟုတ် 
နီစ္စ ဓူဝ ရှင်သန်မှုဖြစ်စဥ်ထဲက
လိုအပ်ချက်တစ်ခုအတွက်လား။

မြို့မျက်နှာများရဲ့တစ္ဆေဆန်မှုမှာ
လူအုပ်ကြီးကတစ်ယောက်တစ်လမ်း
အပြေးအလွှားသွားနေပုံက
အဆန်းတော့မဟုတ်ခဲ့
အဲဒီလိုနေ့တွေချည်ပါပဲ။

လူ့ဘဝခဏတာ
ရှည်လျားလွန်းတဲ့ဒုက္ခသံသရာထဲ
ငါတို့ ရယ်ရယ်မောမောပါပဲ။

အဲဒီလိုနဲ့ ငါတို့ရဲ့ အိုမင်းရင့်ရော်လာမှု
အရိပ်ရှည်ရှည် ညနေတွေ
သံသရာဝဲဂယက်မှာ
တွဲလဲခိုခဲ့ကြ။

တစ်ပြားတည်နေရောင်အောက်မှာ
လူတွေ
 အပြေးအလွှားသွားလာ လှုပ်ရှားနေတဲ့မြင်ကွင်းဟာ
ရင်သပ်ရှုမောဖွယ်ရာ။

ငါတို့အိပ်မက်တွေဟာ
ငါ့တို့ရဲ့စွန့်စားခန်းနေ့တွေပဲ
ငါတို့ရဲ့အိပ်မက်ဟာ
ခြောက်ကမ်းပါးစွန်းမှာပွင့်နေတဲ့ပန်းပဲ။

လူခါးခါး 

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar