မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၇ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၇ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၂
ဧပြီလ ၂၇ ရက် - အဂတိလိုက်စားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ထောင်ဒဏ် ၅နှစ်၊ ၂၀၂၃ ရွေးကောက်ပွဲ နဲ့ PR စနစ်
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေအနက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက သိန်းပေါင်းသောင်းချီတန်ဖိုးရှိတဲ့ ရွှေနဲ့ ဒေါ်လာတွေ ပေးခဲ့ပါတယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ အမှုရဲ့ စီရင်ချက်ကို ဒီနေ့ ချမှတ်လိုက်ရာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နောက်ထပ် ထောင်ဒဏ် ၅ နှစ် ထပ်မံတိုးမြင့်သွားရပါတယ်။ ယခင်လည်း သဘာဝဘေးစီမံ ပုဒ်မ၊ ၅၀၅ (ခ) ပုဒ်မတွေနဲ့ ပြစ်ဒဏ်ချပြီးဖြစ်ပြီး ထောင်ဒဏ်ထဲက တချို့ကိုလည်း ထက်ဝက်လျှော့ချတာ၊ အကျဥ်းထောင်မှာမထားပဲ သီးသန့်နေရာမှာထားတာတွေကိုလည်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ လာဘ်ပေးမှုဆိုတဲ့ အဂတိအမှုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ ဥပဒေနဲ့ဆိုတာကို ပြဖို့ အပြင်ကို NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ် ယုံကြည်စိတ်ချရလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တာဝန်ကို ပေးအပ်ခဲ့သူ ဦးဖြိုးမင်းသိန်းကို ဖော်ကောင်အဖြစ် ပုံဖော်ပြီး အပြစ်ဒဏ်ချတာဖြစ်လို့ ပါတီကို သိက္ခာချတာ၊ လူယုံက သစ္စာဖောက်တယ်၊ ဖော်ထုတ်တယ်ဆိုတဲ့ ဇာတ်လမ်းမျိုး ဖန်တီးတာလည်း ဖြစ်ပါတယ်။
အမှန်တကယ်တော့ စွဲဆိုတဲ့အမှုတွေအားလုံးဟာ နိုင်ငံရေးအပေါ် အခြေခံပြီးစွဲဆိုတာသာ ဖြစ်ပြီး တရားဥပဒေ လမ်းကြောင်းအရ ကြည့်ရင်ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ နိုင်ငံရေးပြဿနာ နိုင်ငံရေးတိုက်ပွဲမှာ အန်အယ်လ်ဒီဘက်က ဒီမိုကရေစီလိုလားသူ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေ အနိုင်ရချိန် ဘာမှရှင်းလင်းစရာမလိုတော့ဘူးဆိုတာ သိရှိပြီးဖြစ်ပါတယ်။
အခုလို ဖမ်းဆီး ရုံးတင်စစ်ဆေးနေခြင်းဟာ တရားဥပဒေ နည်းလမ်းအရ လုပ်ဆောင်မှုလို့ ဘယ်သူမှ မယူဆပဲ နိုင်ငံရေးနှိပ်ကွပ်မှု ရှိုးပွဲတခုမျှသာ ဖြစ်တယ်လို့ဆိုရမှာပါ။ တရားဥပဒေလည်း စိုးမိုးမှုမရှိတာမို့ ဒီလိုအမှုတွေမှာ ဘယ်သူတွေ သက်သေတင်သလဲ၊ ဘယ်သူတွေ ဘယ်လိုထွက်ဆိုသလဲဆိုတာ ဘာမျှ အရေးမကြီးဘူးလို့ပဲ ဆိုချင်ပါတယ်။ အခု ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမှုတခုကတော့ ပါတီထဲက ထိပ်ပိုင်းခေါင်းဆောင်တွေထဲ ပါဝင်နေသူတယောက်က ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင် ထွက်ဆိုသွားလို့ ပါတီအနေနဲ့ ရုပ်ဆိုးတဲ့ အဖြစ်အပျက် တခုအနေနဲ့ မှတ်တမ်းမှတ်ရာ ကျန်ရှိမယ့်သဘောမျိုးသာ ဖြစ်ပါတယ်။
အမှန်တော့ အခုလို စစ်ကောင်စီက စီမံခန့်ခွဲညွှန်ကြားတဲ့ တရားစီရင်ရေးအောက်က အမှုတွေ တရားခွင်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဥပဒေကြောင်းအရ အရေးတကြီး ခုခံစရာကို မလိုအပ်ပါဘူး။ ဒါတွေကို လျစ်လျူရှုထားပြီး နိုင်ငံရေးအရ တိုင်းပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက အခု အမှုတွေထက် အဆများစွာအရေးကြီးပါတယ်။ PDF လှုပ်ရှားမှုတွေ၊ ပြည်တွင်းစစ်တွေ သန်းဂဏန်းကိုရောက်တော့မယ့် စစ်ဘေးရှောင်အရေအတွက်တွေ၊ ထောင်သောင်းချီ မီးရှို့ခံရတဲ့ လူနေအိမ်တွေ၊ ထောင်ဂဏန်းကို ရောက်လာတဲ့ ဥပဒေမဲ့ သတ်ဖြတ်မှု၊ လုပ်ကြံမှုတွေက တရားခွင်က အမှုတွေ ဥပဒေကြောင်းတွေထက် အရေးအများကြီးကြီးတယ်လို့ ထင်မြင်မိပါတယ်။
ဒီအရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်ုးစုကြည်အနေနဲ့ လူထုကို ဘယ်လိုလမ်းညွှန်သလဲဆိုတဲ့ သတင်းစကားကိုလည်း လူထုက မျှော်လင့်နေကြလိမ့်မယ်လို့ မြင်ပါတယ်။
နောက်သတင်းတပုဒ်ကတော့ ဒီနေ့နေ့လယ် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဘက်က ပြောခဲ့တဲ့ အချက်တွေထဲ ၂၀၂၃ မှာ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ စာရင်းပိတ် အချိုးကျရွေးကောက်တင်မြှောက်စနစ် closed PR ကို ကျင့်သုံးဖို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
စစ်ကောင်စီက ၂၀၂၃ သြဂုတ်မှာ ကျင်းပမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်တခု ဖြစ်နိုင်ပါတယ်။ ထွက်ပေါက်လို့ ဆိုရာမှာ နိုင်ငံရေးက ထွက်သွားတာလို့ ဆိုလိုတာမဟုတ်ပဲ လက်ရှိ နိုင်ငံရေး အကြပ်အတည်းကနေ တစိတ်တပိုင်း ထွက်ပေါက်ရမယ့် သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲနဲ့ စစ်တပ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးပါတီအနိုင်ရအောင် လုပ်ခဲ့တာ နိုင်ငံတကာက အဲဒီရွေးကောက်ပွဲ အကျိုးဆက်တွေကို လက်ခံခဲ့တာကို အခု စစ်ကောင်စီက စိတ်ကူးယဥ်ပုံရတယ်လို့ ခန့်မှန်းမိပါတယ်။ လက်တွေ့မှာတော့ အခုလာမယ့် ၂၀၂၃ အခြေအနေဟာ ၂၀၁၀ အခြေအနေနဲ့ အများကြီး ကွာခြားတာကို စစ်ကောင်စီက သဘောပေါက်ပုံမရပါဘူး။ ၂၀၁၀ က ကိုယ့်ဖဲကိုယ်ချိုးနိုင်တဲ့အနေအထားမျိုး အတိုက်အခံ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေထဲ EAO မဟုတ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ မရှိခဲ့တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ EAO တွေထဲမှာလည်း ဆယ်စုနှစ်နဲ့ချီ အပစ်ရပ်ထားတဲ့ အဖွဲ့တွေ ရှိသလို အဲဒီအခြေအနေမျိုးအောက်မှာ ရွေးကောက်ပွဲကို ကျင်းပခဲ့တာ ဖြစ်ပြီး အခုလာမယ့် ၂၀၂၃ ခုနှစ် အနေအထားက လက်နက်ကိုင် အဖွဲ့ပေါင်း ဒါဇင်နဲ့ချီတဲ့အနေအထား ပြည်နယ် အများအပြားမှာ လက်နက်ကိုင် အဖွဲ့သစ်တွေ ဖွဲ့စည်းပေါ်ထွက်လာတဲ့ အနေအထားမျိုးနဲ့ ပြည်တွင်းမြို့ပြတွေမှာလည်း မကျေနပ်မှုနဲ့ ဖောက်ခွဲမှု လုပ်ကြံသတ်ဖြတ်မှုတွေ နေ့စဥ် ဖြစ်ပွားနေတဲ့ အနေအထားဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အခြေအနေကို နှိုင်းယှဥ်ချင်ရင် ၁၉၅၀-၅၁ ခုနှစ် ရွေးကောက်ပွဲနဲ့ နှိုင်းလို့ရကောင်းရနိုင်ပါတယ်။ အဲဒီအချိန် ပြည်တွင်းစစ်ကာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက တနိုင်ငံလုံးကျင်းပဖို့ ၁၀ လအချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ မဲပေးသူ ရာခိုင်နှုန်းက ၁၈ ရာနှုန်းလောက်သာ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ သို့ပေမယ့် ၂၀၂၃ ခု ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ၁၉၅၀-၅၁ နဲ့ မတူတဲ့ အခြားသောအချက်က နိုင်ငံတကာက ဆန့်ကျင်မှု ၊ အသိအမှတ်ပြုမှုတွေက အခုချိန်မှာ မရှိတဲ့ အခြေအနေပဲ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar