Breaking News

မြင့်အေး - နော်ဝေဥဩ

Crd- Saatchi Art
နော်ဝေဥဩ
မြင့်အေး
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၂

ဒီငှက်ကလေးရဲ့ နော်ဝေအမည်က svarttrost လို့ခေါ်ပါတယ်။ နွေဦးမှာ စတွန်ကျူးတတ်လို့ ကျွန်တော်ကနော်ဝေဥဩလို့ အမည်ပေးထားပါတယ်။ အမျိုးအစား အများအပြားရှိပါသတဲ့။ အများအားဖြင့်တော့ အနက်နဲ့အညိုရောင်တွေ အများဆုံးတွေ့ရပါတယ်။

ကျွန်တော်ကတော့ မဲနက်နေပြီး နှုတ်သီးကလိမ္မော်ရောင်ရှိတဲ့အကောင်လေးကို ချစ်ဆုံးပဲ။ သူပဲ အများဆုံးတွန်တာတွေ့ရတယ်။ တခါက ငှက်တွေ စောင့် ရှောက်တဲ့ပြတိုက်တခုရောက်ခဲ့တော့ ဂိုက်လုပ်တဲ့သူတယောက်က ဒီငှက်လေးရဲ့သီကျူးသံက အသာဆုံးလို့ မှတ်တမ်းဝင်ပါသတဲ့။ ကျွန်တော်ကတော့ ကြိတ်ပြုံးမိပါတယ် သူတို့ဥဩသံတို့ ယောက်ဖခွေးခေါ်တို့ မကြားဘူးလို့ပါ။ ဥဩနဲ့ယောက်ဖခွေးခေါ်ငှက်သံနှစ်ခုက ကြားတဲ့အခါတိုင်း လွမ်းမောရတဲ့အသံတွေပါ။ ဒီငှက်နှစ်ကောင်ရဲ့တွန်သံကစူးစူးနစ်နစ်ရသကို ခံစားစေရစေလို့ သူပြောတာကိုလက်မခံခဲ့ပါဘူး။ Svarttrost ကလည်း သာယာတဲ့ချိုတဲ့ အသံလေးရှိတာလည်း အမှန်ပါ။ 

ဒီငှက်ကလေးက နွေဦးရာသီနဲ့ နွေမှာပဲတွန်ပါတယ်။ တကယ်က မိုးစွေငှက်သံနဲ့တောင် နီးစပ်တယ်ထင်မိပါတယ်။ သူကလည်း မိုက်ခဲငှက်ကလေးပါ။ ကြမ်းတမ်းတဲ့နော်ဝေဆောင်းကိုအံတုပြီး တနှစ်လုံးနေနိုင်တဲ့ငှက် ကလေးပါပဲ။ တခြားငှက်ကလေးတွေလည်း ရှိပါသေးတယ်။ သို့ပေမဲ့ တဆောင်းလုံး အသံတိတ်လှုပ်ရှားတတ်တဲ့ သူ့ကိုအထူးသတိပြုမိပါတယ်။ နော်ဝေဆောင်းမှာ ဘယ်ငှက်မှတေးမသီပါ။

ကျွန်တော်က မူကြိုတခုမှာလုပ်ပါတယ်။ ကျောင်းဝန်းကျင်မှာ တိုက်ခန်းတွေနဲ့အထက်တန်းကျောင်းစသဖြင့် ရှိကြပါတယ်။ ဒီဝန်းတွေကိုပုဏ္ဏရိတ်လို ခြံ စည်းရိုးအပင်တွေနဲ့အလှကာကြပါတယ်။ ဒီအပင်တွေလည်း အရွက်ကြွေသွားတာပဲ။ ဒါပေမဲ့ အကိုင်းအခက်တွေက လိမ်ယှက်နေလို့ တိုးလို့တော့ မလွယ်ပါ။ 
ဒီဝန်းရံနေတဲ့အဆောက်အဦးတွေကြားအလယ်မှာ ဘောလုံးနှစ်ကွင်းစာလောက် ကွင်းကြီးရှိပါတယ်။ ကွင်းအစပ်မှာ ခြံစည်းရိုးပင်တွေ ဟိုတစုဒီတစုရှိပါတယ်။
ဒါကြောင့်ဆောင်းအခါ ဒီငှက်လေးတွေ ဟိုခြုံဒီခြုံ ဖျတ်ခနဲ ​ဖျတ်ခနဲ ကူးတာ တွေ့ရတတ်ပါတယ်။ တိတ်ဆိတ်လျင်မြန်စွာ ပျံတတ်ကြတယ်။ 
ကလေးကစားကွင်းလည်းရှိတော့ နေ့အခါ ကျောင်းပေါင်းစုံက ကလေးတွေ၊ ညနေကျမှာ မိသားစုတွေ၊ ကလေးမွေးနေ့ပွဲတွေ လုပ်တတ်ကြပါတယ်။ ဘယ်လောက်ပဲသိမ်းဆည်းစေဦး ဒီငှက်ကလေးတွေရဲ့အစာအတွက်က တော့ လုံလောက်မှာပါ။ 
ဆောင်းအခါရဲ့ မနက် နေ့လည် အချိန်အများစုမှာ ဒီငှက်လေးတွေက အရွက်တွေမရှိပေမဲ့ လိမ်ယှက်နေတဲ့ သစ် ကိုင်းခက်တွေကြား ခိုလှုံနေတတ်ကြပါတယ်။ အကိုင်းအခက်မှ အပွေးအမျှဉ်များသည်ပင် သူတို့အစာ ဖြစ်တန်ရာလို့ စဉ်းစားကြည့်မိပါတယ်။
မနက်တိုင်း လမ်းတဘေးတလျှောက် ခြံစည်းရိုးခြုံတွေကြား ဘယ်နှစ်ကောင်ရှိနေလဲရေတွက်ရတာလည်း အလုပ်တခုပါ။ အများဆုံး(၈)ကောင်အထိတွေ့ဘူးပြီး မတွေ့တဲ့ရက်လည်း ရှိပါတယ်။ အရောင်အသွေးမတူကြပါ။
တခါတရံ ကလေးတွေပါခေါ်လာပြီး ရေတွက်တတ်ကြပါတယ်။ ဆောင်းအခါ သူတို့ရဲ့အသံက ဥဩငှက်တွေ မိုးအခါပြုတဲ့အသံလိုပဲ အာလုပ်သံကွတ်..ကွတ်..ကွတ် စတဲ့အသံမျိုးပဲ ပြုတတ်ပြန်ပါတယ်။
နွေဦးရာသီမှာတော့ ဘယ်နေရာသွားသွား သူ့အသံကြားရတတ်ပါတယ်။ အံဩစရာက ညသန်းခေါင် တချက်တီးနှစ်ချက်တီးအချိန်အထိ ကြားရတတ်တာပါပဲ။
ဒီနေ့သတိပြုမိတာကတော့ အိမ်ဘေး တိုက်ခန်းပေါ်ကျော်နေတဲ့ အရွက်မထွက်သေးတဲ့သစ်ပင်ကြီးထိပ်ဖျားမှာ မနက်(၉) နာရီလောက်ကနေ ညနေ(၃) နာရီလောက်အထိမပြတ်တွန်ကျူးနေတဲ့ မဲနက်နေတဲ့ svarttrost  တကောင်ကိုသတိပြုမိပါတယ်။ သူဘယ်အချိန် အစာစားသလဲဆိုတာတောင် သတိမပြုမိလိုက်ပါဘူး။
သူဟာ မဲမှောင်ပြီး ရေခဲတွေလွှမ်းနေတဲ့ ရှည်လျားတဲ့ဆောင်းကိုကျော်ခဲ့ပြီ ပွင့်လင်းလွတ်လပ်တဲ့ရာသီမှာ မျိုးဆက်သစ်တွေမွေးဖွားဖို့ အသင့်ဖြစ်နေပြီလို့ ကြွေး​ကြော်နေလေရော့သလား။ 
ထွက်ပြူလာတဲ့ရွက်နုတွေကြားမှာ မရပ်မနားသီကျူးနေဦးမဲ့ ဒီငှက်ကလေးက စိမ်းနုရောင်ကုက္ကိုလ်ပင်ဖျားက ဥဩသံကိုသတိရမိစေလို့ ချစ်ရပါတယ်။
ဥဩဟာ နွေဦးကိုကြိုဆိုတဲ့အနေနဲ့တွန်ကျူးတတ်တာမို့ အလွမ်းဓာတ်ခံရှိသူတွေ ပိုလွမ်းကြရစမြဲပါ။ တခြားတဖက်မှာလည်း နွေဦးဟာ တော်လှန်နမိတ်ပုံအဖြစ် သဘောထားကြသူတွေလည်းရှိလေတော့ ဥဩသံက တော်လှန်တေးတပုဒ် ဖြစ်နေပါလိမ့်မယ်။ 
နော်ဝေကဥဩလေးနဲ့နွေဦးလူထုလှုပ်ရှားမှု ဘယ်လို ဆက်စပ်တယ်မသိပေမဲ့ နွေဦးတော်လှန်ရေး အောင်မြင်စေချင်စိတ်ကြီးစိုးနေတဲ့ ကျွန်တော့အဖို့ရာမတော့ မြောက်ကျွန်းပေါ်က နော်ဝေဥဩသံလေးဟာ အောင်အတိတ်အောင်နမိတ်လို့ပဲ မှတ်ယူနေလိုက်မိပါတော့တယ်။
မြင့်အေး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar